စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသထွက်ကုန်များဖြင့် အသေးစား၊ အလတ်စား စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်  ဒီဇင်ဘာ  ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသထွက်ကုန်များဖြင့် အသေးစား၊ အလတ်စား စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စုအတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်များ ဖြင့် အသေးစား၊ အလတ်စား စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင် တောင်သူ ဦးကျော်စိုး၏ သရက်စိုက်ပျိုးရေးခြံ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ဥတ္တရသီရိမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နေပြည်တော် ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးအောင်မြင်ဖြစ်ထွန်းလာစေရေးနှင့် ဒေသထွက်ကုန်များ အား ကုန်ကြမ်းမှတစ်ဆင့် ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ပြီး ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ကာ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ နည်းစနစ်များမှန်ကန်စွာ အသုံးပြုကြစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ နေပြည်တော် အသေးစား၊အလတ်စားစက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက ဌာန၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

  တင်ဆန်းဦး