ရာသီစာအညာဒေသထွက်ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်၍ ပေါ်ဦးပေါ်ဖျားဈေးကောင်းရရှိ

ဆားလင်းကြီး  ဒီဇင်ဘာ  ၄

ရာသီစာအညာဒေသထွက်ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်၍ ပေါ်ဦးပေါ်ဖျားဈေးကောင်းရရှိ

အညာဒေသရှိ ထန်းပင်မြစ်များ လှိုင်လှိုင်ထွက်ရှိပြီဖြစ်ရာ ပေါ်ဦးပေါ်ဖျားဈေးကောင်းရရှိသဖြင့် ထန်းပင်မြစ် စိုက်ပျိုးထုတ်လုပ်သူ များနှင့် တစ်ဆင့်ခံပြန်လည် ရောင်းချသူများ အဆင်ပြေလျက်ရှိပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်ဆားလင်းကြီးမြို့နယ် ကန်စွယ်ကျေးရွာရှိ ထန်းပင်မြစ် စိုက်ပျိုးသူများထံမှ သိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝက်မှေး၊ ကန်စွယ်ကျေးရွာတွင်လည်း ထန်းပင်မြစ်များကို အများဆုံးစိုက်ပျိုးကြပြီး အဆိုပါ ထန်းပင်မြစ်ကို မုံရွာမြို့မှတစ်ဆင့် အထက်ချင်းတွင်းဒေသများသို့လည်းကောင်း၊ မန္တလေးမြို့၊ ကချင်ပြည်နယ်နှင့် ရန်ကုန်မြို့တို့အထိ လည်းကောင်း တင်ပို့ရောင်းချလျက်ရှိသည်။

“ထန်းပင်မြစ်စိုက်ဖို့အတွက် ထန်းသီးအဆန်အရင့်တွေကို ဝါခေါင်လမှာ မြေကျင်းအနည်းငယ်တူးပြီး မြှုပ်ရတယ်။ အခု တန်ဆောင်မုန်းလဆန်းပိုင်းကစပြီး ထန်းပင်မြစ်စပြီးပေါ်တယ်။ ထန်းပင်မြစ် ၂၅ ပင်ပါတဲ့ အစည်းတစ်စည်းကို ဖောက်သည် ဈေးငွေကျပ် ၅၀၀ နှုန်းနဲ့သွင်းရတယ်။ ရောင်းတဲ့သူတွေကတော့ အခုအချိန်တစ်စည်းကို ငွေကျပ် ၇၀၀ ဈေးရတယ်လို့ပြောတယ်။ ပေ ၂၀ ပတ်လည်လောက် မြေအကျယ်စိုက်တာ တစ်နှစ်ကိုငွေကျပ်လေးသိန်းကနေ ငါးသိန်းလောက်အထိ အပိုဝင်ငွေရတယ်” ဟု ထန်းပင်စိုက်တောင်သူက ပြောသည်။

ထန်းပင်များသည် အပင်တစ်ခုလုံးတွင်အရွက်သည် အမိုးအတွက်အသုံးပြုနိုင်ပြီးထန်းလက်များကိုထန်းလျှော်၊ ထန်းခေါက်တောင်း၊ ကုလားထိုင်၊ ထင်းအဖြစ်လည်းကောင်း၊ ထန်းရေချိုမှ ထန်းလျက်ချက်၍လည်းကောင်း၊ ထန်းသီးဆန်အနုများကို စားသုံးဖွယ်ရာ အဖြစ်လည်းကောင်း၊ အသီး၏ အကာကိုနွားစာအဖြစ်လည်းကောင်း၊ ထန်းပင်ပင်စည်ကို အဆောက်အအုံ ဆောက်လုပ်ရာတွင်လည်း ကောင်း ထုတ်လုပ်ရောင်းချခြင်းဖြင့် အညာဒေသ ထန်းတောင်သူများစွာကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။ 

(၆၁၁)