ကျုံပျော်မြို့၌ ကွန်ကရစ်လမ်းသစ် နှစ်လမ်း ဖွင့်လှစ်ပေး

ကျုံပျော်၊ ဒေသဖွံ့ဖြိုးရေး

ကျုံပျော်မြို့၌ ကွန်ကရစ်လမ်းသစ် နှစ်လမ်း ဖွင့်လှစ်ပေး

(၇၅) နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့ရှိ ကွန်ကရစ်လမ်းသစ် နှစ်လမ်းအား ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများကအောင်ဆန်းရပ်ကွက် ညောင်ပင်သာ(၁)လမ်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းအားကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်-ဇနုံးကွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ဆက်လက် တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ၎င်းလမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းအားကြည့်ရှုစစ်ဆေးကြသည်။

ယနေ့ဖွင့်လှစ်သော ညောင်ပင်သာ(၁)လမ်း ကွန်ကရစ်လမ်းသစ်သည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး စုစုပေါင်း အရှည်ပေ ၁၁၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိသည့် လမ်းဖြစ်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရှည်ပေ ၉၅၀ ကို ငွေကျပ်သိန်းပေါင်း ၂၃၀ ဖြင့်လည်းကောင်း၊ ပြည်သူလူထုမှ အရှည်ပေ၂၀၀ ကို ငွေကျပ် ၆၂ သိန်းဖြင့်လည်းကောင်း ပူးပေါင်းထည့်ဝင် ဆောင်ရွက်ခဲ့သော လမ်းဖြစ်သည်။

ကျုံပျော်-ဇနုံးကွင်း ကွန်ကရစ်လမ်းသစ်သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေကျပ် ၁၅၉ ဒသမ ၇၃ သန်းဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်  ၃  ဒသမ ၉၃ ဖာလုံကို အကျယ် ၁၂ ပေ၊  ထု ၇ လက်မဖြင့် ဆောင်ရွက်ထားသောလမ်းဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)