ရုရှားရေနံအပေါ် ပုံသေဈေးနှုန်းသတ်မှတ်မှု ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်
စက်မှုထိပ်သီး ၇ နိုင်ငံအပြင် ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့က ရုရှားနိုင်ငံထွက်ရေနံအပေါ် ပုံသေဈေးနှုန်းသတ်မှတ်မှုသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကို မြင့်တက်လာစေကြောင်း သိရသည်။
ရေလမ်းကြောင်းမှ ဝင်ရောက်သည့် ရုရှားနိုင်ငံထွက်ရေနံများကို တစ်စည်လျှင်အမေရိကန်ဒေါ်လာ ၆၀ သာပေးရန် အဆိုပါနိုင်ငံများ၏ သတ်မှတ်မှုသည် ဒီဇင်ဘာ ၅ ရက်တွင် စတင်အသက်ဝင်လာပြီဖြစ်သည်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲမှုကို အကြောင်းပြ၍ အမေရိကန်ဦးဆောင်သော အနောက် အုပ်စုက ရုရှားနိုင်ငံ၏ဝင်ငွေလျော့နည်းစေရန် ရည်ရွယ်ကာ ယခုကဲ့သို့ပိတ်ဆို့မှုများ ချမှတ်နေခြင်း ဖြစ်သည်။
သို့သော် ယခုအခါ အနောက်အုပ်စု၏ ရုရှားအပေါ် ပိတ်ဆို့မှုများကြောင့် Brent ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၈၈ ဒေါ်လာအထိမြင့်တက်လာသည်။ WTI ရေနံစိမ်းဈေးနှုန်းမှာမူ တစ်စည်လျှင် ၈၂ ဒေါ်လာကျော်အထိ မြင့်တက်လာသည်ကို တွေ့ရသည်။
ထို့ပြင် အနောက်အုပ်စု၏ ရေနံဈေးနှုန်းပုံသေသတ်မှတ်မှုအစီအစဉ်တွင်ပါဝင်သော နိုင်ငံများကို ရုရှားနိုင်ငံက ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရောင်းချသွားမည် မဟုတ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ထားသည်။
အလားတူ အနောက်အုပ်စု၏ ယခုလုပ်ရပ်သည် ရေနံဈေးကွက်အတွက် အလွန်အန္တရာယ်များသည့် လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
Ref: Sputnik