ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၉၄)
ကျွန်တော်တို့တွင် အထုပ်အပိုးများပါရှိနေသဖြင့် အမေရိကန် ယူနီဖောင်းရပြီးပြီဟု ယူဆကာ ယူနီဖောင်းများ ထုတ်မပေးတော့ပါ။ စခန်းအတွင်း ရွက်ဖျင်တဲလေး၊ ငါးရာခန့်ရှိမည် ထင်ပါသည်။ စခန်းအတွင်း ရွှံ့ဗွက်များ ခြေမျက်စိမြုပ်လောက်အောင် ရှိနေသည်။ ရွက်ဖျင်တဲများအတွင်း ကတ္တရာအပြားများ ခင်းထားသဖြင့် သပ်သပ်ရပ်ရပ်ရှိပါသေးသည်။ အိပ်ရန်ခေါက်ခုတင်များ ခင်းထားပါသည်။
ထမင်းစားချိန်တွင် ကိုယ့်ထမင်းခွက် ကိုယ်ကိုင်၍ သွားစားရသည်။ ကြိုက်ရာ ယူစားနိုင်သည့်စနစ်(ဘူဖေး)ဖြစ်ပါသည်။
စားပွဲပေါ်တင်ထားသည့် အစားအသောက်များ စုံလင်လှသည်။ ပေါင်မုန့်အချပ်များ၊ ဘီစကွတ်၊ ကြက်တစ်ကောင်လုံး လေးခြမ်းသာခြမ်းထားသော ကြက်သားရို့စ်၊ ဝက်ပေါင်ခြောက်၊ ဝက်သားဘူး(Bacon)၊ အာလူးကြော်နှင့် အသီးအရွက်များလည်း ပါသည်။ အစားအသောက်များကို လေယာဉ်ဖြင့် ပို့ပေးခြင်းဖြစ်၍ သန့်ရှင်းလတ်ဆတ်သည်။ ကြိုက်သလောက် ယူစားနိုင်သည်။
နံနက်စာတွင် Corn Flake, Porridge နှင့် နွားနို့များ ပါသေးသည်။ လက်ဖက်ရည်ချိန်တွင် လက်ဖက်ရည်၊ ကော်ဖီ၊ ကိုကာကိုလာ၊ နွားနို့နှင့် မုန့်မျိုးစုံပါသေးသည်။ အမေရိကန်စစ်သား၊ စစ်သမီးများနှင့် သူနာပြုများက စေတနာဗရပွဖြင့် ကျွေးမွေးကြခြင်းဖြစ်ပါသည်။ စားပြီးလျှင်ကိုယ့်ထမင်းခွက် ကိုယ်ဆေးရသည်။ ထမင်းခွက်ကို ဆပ်ပြာထည့်ထားသော စည်ပိုင်း၊ ရေနွေးထည့်ထားသော စည်ပိုင်းနှစ်လုံးတွင် အဆင့်ဆင့်နှစ်၍ ဆေးရသည်။
ကင်တင်းဖွင့်ထားသည်။ ချောကလက်၊ သကြားလုံး၊ ချွင်းဂန်းမ်၊ စီးကရက်၊ မျက်နှာသုတ်ပဝါ၊ သွားတိုက်ဆေး၊ သွားပွတ်တံကအစ လိုလေသေး မရှိအောင်ပေးနေသည်။ လိုသလောက် အခမဲ့ယူနိုင်သည်။
စခန်းအတွင်း ဂျပန်အကျဉ်းသားများလည်း ရှိနေသည်။ သူတို့က အလုပ်ကြမ်း လုပ်ရသည်။ အကျဉ်းသားများက စုတ်ပြတ်မည်းတူးနေသည်။ သူတို့အလုပ်လုပ်နေသည်ကို အစောင့်စစ်သားများက စောင့်ကြည့်နေသော်လည်း သြဇာပေးခြင်းမရှိ၊ အော်ငေါက်ရိုက်နှက်ခြင်းမရှိ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားသည်။
စခန်းအတွင်း ညအချိန် မီးထိန်ထိန်လင်းနေသည်။ ညစဉ်ရုပ်ရှင်ပြသည်။
မနီလာသို့
၁၉၄၅ ခုနှစ် စက်တင်ဘာ ၂၆ ရက် အရုဏ်တက်သုံးနာရီခန့်တွင် အိပ်ရာမှ နိုးသဖြင့် ကပျာကယာထပြီး ခရီးဆက်ထွက်ရန် ပြင်ဆင်ရ၏။ ကိုယ်ပိုင်ပစ္စည်းနှင့် အဝတ်အစားများကို စစ်အိတ်အရှည်ကြီးထဲသို့ ထိုးထည့်ရသည်။ လေယာဉ်ပေါ် မတက်မီ ရှေ့၊ နောက်တန်းစီပြီး ကော်ဖီ၊ လက်ဖက်ရည်ပူပူနွေးနွေးနှင့် မုန့်များယူငင် စားသောက်ကြရသည်။ စားရသောဒိုးနတ်(ခေါ်) မုန့်လက်ကောက်လို မုန့်ကလေးများမှာ အရသာရှိလှသဖြင့် ယနေ့တိုင် မမေ့နိုင်အောင် စွဲလမ်းနေမိသည်။
လေယာဉ်ပေါ်သို့တက်မည့်သူများ ရှေ့၊နောက် တန်းစီထားသည့်အတိုင်း တက်ကြရသည်။ လေယာဉ်တစ်စင်း လူပြည့်လျှင် တစ်စင်းထွက်လျက်ရှိရာ မြန်မာတွေ တကွဲတပြားစီ ဖြစ်ကုန်ကြပါတော့သည်။
ကျွန်တော်စီးရသည့် Douglas C-46 တွင် မလေး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျာဗား၊ နယ်သာလင်(ခေါ်) ဒတ်ချ်လူမျိုးစုံ ပါနေသည်။ ထိုနေ့၌ အိုကီနာဝါမှ ခရီးသည်များတင်၍ ထွက်သော လေယာဉ်ပေါင်း ၅၀ ကျော်ခန့်ရှိပါသည်။ နံနက် ၇ နာရီ ၁၅ မိနစ်မှ လေယာဉ်ထွက်ပါသည်။
လေယာဉ်များ တစ်စင်းပြီးတစ်စင်း အဆက်မပြတ် တက်ခဲ့ခြင်းဖြစ်၍ ကောင်းကင်သို့ ရောက်သောအခါ တစ်စင်းနှင့်တစ်စင်း မြင်နေရသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာလေယာဉ်ကွင်းသို့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ဆင်းသက်ပါသည်။ လေယာဉ်ကွင်းမှ ၁ နာရီကျော်မောင်းရသော စစ်သုံ့ပန်းစခန်း (Bristol Pow Camp) သို့ပို့ပေးပါသည်။
စခန်းအတွင်း ရွက်ဖျင်တဲ အလုံးငါးရာခန့်ရှိပါသည်။ စခန်းအတွင်း စစ်သုံံ့ပန်း နှစ်ထောင်ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။
အများစုမှာ ဒတ်ချ်စစ်သားများဖြစ်ကြသည်။ သြစတြေးလျ၊ အမေရိကန်၊ အင်္ဂလိပ်၊ အိန္ဒိယ၊ မလေးစစ်သားများ ဖြစ်ကြသည်။
ဂျပန်မှသင်္ဘောဖြင့် လာသော မြန်မာများကိုလည်း စခန်းတွင်း တွေ့ဆုံကြရ၍ ဝမ်းသာကြသည်။
ကျွန်တော်တို့ကို ကာကီရောင် အမေရိကန်စစ်ဝတ်စုံများ ထုတ်ပေးသည်။ တစ်ပတ်စာအတွက် တစ်ဦးလျှင် ဖိလစ်ပိုင်ငွေ ပီဆို ၄၀ စီထုတ်ပေးသည်။ တစ်နေ့ဘီယာသုံးလုံး၊ စီးကရက်နှစ်ဘူး ထုတ်ပေးသည်။
ကျွန်တော်ဘီယာ မသောက်တတ်သေး၍ ဘီယာကြိုက်သော ကိုလှသောင်း(သူရဘွဲ့ရ ဗိုလ်မှူးလှသောင်း- ကျဆုံး)ကို ပေးရသည်။ ကိုလှသောင်း ခုတင်အောက်တွင် ဘီယာပုလင်းတွေ ပြည့်နေသည်။ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ မုတ်ဆိတ်ရိတ်ကရင်မ်၊ မျက်နှာသုတ်ပဝါအစ လူသုံးကုန်ပစ္စည်းများ လိုသလောက် အခမဲ့ယူနိုင်သည်။ ကိုကာကိုလာ အခမဲ့သောက်နိုင်သည်။ ပစ္စည်းရောင်းသည့် ဆိုင်တွင် အဝတ်အစားများ၊ ရေကူးဘောင်းဘီစသည်နှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးချိုချိုနှင့် ဝယ်ယူနိုင်သည်။ ကျွန်တော်တို့လက်ထဲတွင် ပီဆိုငွေကလေးများ ရှိနေသဖြင့် ဆိုင်တွင်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိနေပါသည်။
လဟာပြင်အတွင်း နေ့စဉ်ရုပ်ရှင်ပြပါသည်။ ရုပ်ရှင်ကြိုက်သူဖြစ်သဖြင့် မိုးရွာနေသော်လည်း ရုပ်ရှင်ကိုဇွဲကောင်းကောင်းဖြင့် မိုးရွာထဲတွင် နေ့စဉ်ကြည့်မိသည်။ အခမဲ့ရသော မိုးကာအင်္ကျီဝတ်ပြီး ကြည့်သူ များရှိသလို ဆိုင်မှဝယ်ထားသော ထီးကလေးများဆောင်းပြီး ကြည့်သူများလည်း ရှိကြသည်။ တစ်ခါတစ်ရံ ရုပ်ရှင်မင်းသား၊ မင်းသမီးများ လာရောက်ဖျော်ဖြေကြသည်။ ဆက်ကပ်ပွဲလည်း ကြည့်ရသည်။
တစ်နေ့ အစားအသောက်သုံးကြိမ်ကျွေးသည်။ စားသောက်ရသော အစားအသောက်များမှာ အိုကီနာဝါတွင် ကျွေးသည်ထက် ပိုသေးသည်။ ကိုယ့်ထမင်းခွက် ကိုယ်ယူလာရန် မလိုပါ။ အသင့်ချထားသော သံလင်ပန်းကိုယူ၍ ကြိုက်သလောက် ထည့်စားနိုင်သည်။ ကြက်သားတစ်ပိုင်းလောက် ယူလျှင် ထမင်းဝေသူက မကျေနပ်၊ နှစ်ပိုင်း၊ သုံးပိုင်းလောက် ထပ်ထည့်ပေးသည်။ ဒီလောက်တောင်ပဲ စေတနာပိုသည်။ ကျွန်တော်တို့လည်း ထမင်းဝေ တာဝန်ကျသည့်အခါ ကျသည်။
ဆက်လက်ဖော်ပြပါမည်။