ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၉၅)

    ဂျပန်ပြည်ကိုသိမ်းပိုက်ခဲ့သော အမေရိကန်စစ်အာဏာပိုင်များက  ကျွန်တော်တို့ မြန်မာများကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်ပေးခဲ့သည်။ မနီလာစစ်သုံ့ပန်း စခန်းရောက်မှ  စစ်သုံ့ပန်းစခန်း အုပ်ချုပ်ရေးအဖွဲ့က  မြန်မာများ စစ်သုံ့ပန်းဖြစ်ရခြင်း အကြောင်းကို သိရှိရန် တစ်ဦးချင်းမေးမြန်း စုံစမ်းကြသည်။ စစ်သုံ့ပန်းဖြစ်ရပုံ၊  နေရထိုင်ရပုံ၊ ဂျပန်အပေါ်သဘောထား စသည်တို့ကို မေးမြန်းသည်။ မြန်မာအားလုံး ညှိနှိုင်းပြီး မြန်မာများ လုံခြုံရေးကို အဓိကထား၍  ဖြေကြားခဲ့ကြပါသည်။

စင်ကာပူသို့ရေလမ်းခရီး

    ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၄ရက် နံနက် ၁၀ နာရီတွင် သင်္ဘောဆိပ်သို့ ဆင်းရသည်။ ရေလယ်တွင် ကျောက်ချထားသော သင်္ဘောသို့ ဆိပ်ကမ်းမှ သင်္ဘောငယ်ဖြင့် ပို့ပေးသည်။ ကျွန်တော်တို့သယ်ရသော ပစ္စည်းအထုပ်အပိုးများလွန်း၍ မနိုင်မနင်း စိတ်ညစ်ရသည်။ တက်ရသည့်သင်္ဘောသည် အင်္ဂလိပ်သင်္ဘောဖြစ်သည်။ သင်္ဘောနာမည်မှာ HMS Santu Dorothea ဖြစ်သည်။ အလျားပေ ၃၀၀ ခန့်၊ အနံပေ ၅၀ ခန့်၊ အလေးချိန် တန် ၁၆၀၀ ခန့်ရှိမည် ဟုခန့်မှန်းရသည်။  စစ်ပညာသင်များကို အခန်းများတွင် နေရာချထားသည်။ အရပ်ဘက်ပညာသင်များ အခန်းမရကြပါ။ ကုန်းပတ်ပေါ်တွင် အိပ်ကြရသည်။

ညနေ ၅ နာရီ မိနစ် ၅၀ တွင် သင်္ဘောထွက်သည်။ ၁၉၄၄ ခုနှစ်က ဤမနီလာ ပင်လယ်ကွေ့အတွင်းမှ သင်္ဘောဖြင့်ထွက်ဖူးသည်။ ထိုစဉ်က ဂျပန်ပြည်သို့ သွားရခြင်းဖြစ်၍ မြောက်ဘက်သို့ ဦးတည်သွားခဲ့ရသည်။ ယခုအကြိမ် စင်ကာပူသို့ သွားရမည်ဖြစ်၍ တောင်ဘက်သို့ ဦးတည်မောင်းနေသည်။ ဦးတည်သွားရာ အရပ်နှင့်ရည်ရွယ်ချက် ဆန့်ကျင်ဘက်ဖြစ်သည်။

အသွားတုန်းက အိမ်ကခွဲခွာရခြင်းဖြစ်၍ အပြန်ခရီးတွင် အိမ်အပြန်ဖြစ်သည်။ ခွဲခွာရခြင်းနှင့် ပြန်လည်ဆုံစည်းရမည့် ရည်ရွယ်ချက်ချင်း မတူပါ။ သို့သော်လည်း မနီလာကိုခွဲခွာရခြင်းကတော့ အတူတူပင်ဖြစ်ပါသည်။

အသွားတုန်းကဆိုခဲ့သော နှုတ်ဆက် လိုက်ပါတယ်မနီလာရယ် သီချင်းကလေး ဆိုနေမိသည်။ “နှုတ်ဆက်လိုက်ပါတယ် မနီလာရယ်၊ နောက်လည်းလာပါအုံးမယ်၊ ခွဲခွာရတဲ့အချိန်  အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ကျွန်းကလေးတွေကိုမြင်ရတော့ မျက်ရည်ကျမိတယ်၊ မိုးကုတ်စက်ဝိုင်းမှာလည်း ကျွန်းကလေးတွေကိုမြင်နေရပြီး တဖြည်းဖြည်း  ပင်လယ်တွင်း   ငုပ်လျှိုးပျောက်ကွယ် သွားကြလေပြီ”  နေမဝင်သေး၊ အလင်းရောင်ရှိနေဆဲ၊  သာယာလှပသော ပင်လယ်ပြင်နှင့် ကျွန်းစုကလေးများ ပတ်ဝန်းကျင်မြင်ကွင်းမှာ စိတ်ကြည်နူးဖွယ်ရာ ကောင်းလှသည်။ လျှပ်စစ်မီးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော မနီလာမြို့ကြီး နောက်တွင် တဖြည်းဖြည်း ဝေး၍ဝေး၍ ကျန်ရစ်ခဲ့လေပြီ။

အသွားတုန်းက  စင်ကာပူ-မနီလာ ရေလမ်းခရီးချောမွေ့ ပြေပြစ်ခြင်း မရှိခဲ့ပါ။

ဂျပန်သင်္ဘော “ရော့ကိုယိုမာရု” သင်္ဘောဝမ်းဗိုက်အခန်းတွင် ကျပ်ကျပ်တည်းတည်း ဆင်းဆင်းရဲရဲစီးခဲ့ရသည်။ နေ့စဉ် ရွှေဖရုံသီးဟင်းကိုပဲ မဝတ၀စားခဲ့ရသည်။ လှိုင်းကြီးလေထန်သည်၊  သင်္ဘောရေမြှုပ်ဗုံး ထိခဲ့သေးသည်။  ကံကောင်းထောက်မ၍ အသက်မသေခဲ့ကြ။ ရန်သူရေငုပ်သင်္ဘောနှင့် လေကြောင်း တိုက်ခိုက်မှုရန်ကိုလည်း ကြောက်ရသေးသည်။   ယခုစီးရသော အင်္ဂလိပ်သင်္ဘောတွင် အိပ်ခန်းနှင့် ကျကျနနနေရသည်။ အစားအသောက်ကောင်းသည်။ လှိုင်းမကြီးလေမထန်ပါ။ စစ်ပြီးပြီဖြစ်၍ ရန်သူရေငုပ်သင်္ဘောနှင့် လေကြောင်းရန်ကို မစိုးရိမ်ရတော့ပါ။

အင်္ဂလိပ်သင်္ဘောဖြစ်၍ စည်းကမ်းကြီးသည်။ တစ်နေ့ထမင်း(အစားအသောက်) သုံးကြိမ်ကျွေးသည်။ အိုကီနာဝါနှင့် မနီလာတွင် အမေရိကန်တွေကျွေးသလို ဖောဖောသီသီတော့ မရှိပါ။ လူတစ်ဦးရသည့်ရိက္ခာ ပုံစံအတိုင်းပဲ စားရသည်။ သင်္ဘောစီး ခရီးသည်အားလုံး အိပ်လိုက်စားလိုက်နှင့် အလကားအချောင်နေလို့တော့ မရပါ။

အားလုံး အလုပ်လုပ်ကြရသည်။ သင်္ဘောကုန်းပတ် ကြမ်းပြင်ရေဆေးသန့်ရှင်းရေး လုပ်ရသည်။ထမင်းမချက်ရသော်လည်း တစ်နေ့ ၂၅ ယောက် ထမင်းကျွေး(ထမင်းဝေ) တာဝန်ကို အလှည့်ကျ လုပ်ရသည်။

စိတ်ဝင်စားဖွယ်အကောင်းဆုံး အလုပ်မှာ သင်္ဘောနံရံနှင့် ကိုယ်ထည်ကို သံချေးထုရသော အလုပ်ဖြစ်ပါသည်။

သင်္ဘောပေါ်တွင် ကင်တင်းရှိသည်။

ဈေးဝယ်ရန် လူတစ်ဦးလျှင် မုန့်ဖိုး ခုနစ်သျှီလင် သုံးပဲနိတန်ကူပွန် ထုတ်ပေးသဖြင့် ဈေးဝယ်နိုင်သည်။

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်သည် ကျွန်တော် အသက် ၁၉ နှစ်ပြည့်သောနေ့ဖြစ်ပါသည်။ ယင်းနေ့ နံနက် ၉ နာရီတွင် HMS Santu Dorothea သင်္ဘော     စင်ကာပူသို့ဝင်ပါသည်။

ဆိပ်ကမ်းကိုမကပ်ဘဲ   ရေလယ်တွင် ကျောက်ချထားလိုက်သည်။ ဒီည သင်္ဘောပေါ်မှာပဲ အိပ်ရသည်။ နောက်တစ်နေ့ နံနက် ၁၀ နာရီခန့်မှ သင်္ဘောကမ်းသို့ ကပ်သည်။ ပစ္စည်းများနှင့် အထုပ်အပိုးများကို ကိုယ့်ဘာသာကိုယ် ထမ်းပိုးပြီးချရသည်။  ကြက်ခြေနီ  (Red Cross)သို့ သတင်းပို့ရသည်။ ကြက်ခြေနီအဖွဲ့ကပင် နေရာချထားသည်။ ထမင်းလည်းကျွေးသည်။

ဆန်ကွဲများများ နှစ်ချို့ဆန်ကို ချက်ထားသော ထမင်းမှာ အောက်စော်နံနေသဖြင့် မစားနိုင်ပါ။ တရုတ်ထမင်းချက်များ ချက်သော ကုလားဟင်းမှာ လုံးဝအရသာမရှိပါ။

နံနက်စာ လက်ဖက်ရည်နှင့် ဘီစကွတ်သုံးချပ်၊ နေ့လယ်စာ ထမင်း၊ ညနေ လက်ဖက်ရည်၊ ညစာ ထမင်းကျွေးသည်။ စားမဝင်၍ ဗိုက်မပြည့်အရသာမရှိ၍ အာသာမပြေပါ။ ကပ်စတန်စီးကရက် တစ်ဘူးစီထုတ်ပေးသည်။ စင်ကာပူ အင်္ဂလိပ်တပ်ရောက်မှ လစာ(မုန့်ဖိုး)လုံးဝ ထုတ်မပေးတော့ပါ။

အမေရိကန်စစ်သုံ့ပန်း ဘဝတုန်းက ချမ်းချမ်းသာသာနေခဲ့ရ၊ စားခဲ့ရသော်လည်း အင်္ဂလိပ်လက်ထက်ရောက်မှ ဆင်းဆင်းရဲရဲ နေကြစားကြရပါသည်။ မြန်မာတွေဖြစ်၍ နှိမ်တာလည်းဖြစ်နိုင်ပါသည်။

      ဆက်လက်ဖော်ပြပါမည်။