ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၉၆)
ထိုအချိန်က စင်ကာပူတွင် Happy World နှင့် Great World စတင်ဖွင့်လှစ်နေပြီဖြစ်ပါသည်။ ပျော်ပွဲရွှင်ပွဲ၊ ကပွဲ၊ ကစားစရာများစုံလင်လှပါသည်။ စင်ကာပူရောက်နေစဉ် မြို့တွင်းလည်ပတ်ရန်နှင့် ပျော်ပွဲရွှင်ပွဲဆင်နွှဲရန် နည်းလမ်းများ ရှာဖွေကြပါတော့သည်။ ကျွန်တော်တို့တွင် ဂျပန်ပြည်အာဆုခိလေယာဉ်ကွင်း၊ အိုကီနာဝါစခန်း၊ မနီလာစခန်းများတွင် ဖောခြင်းသောခြင်း ဝေနေသဖြင့် စုဆောင်းထားသော ကေရာရှင်ဘူးများ၊ စီးကရက်ဘူးများ၊ ဆပ်ပြာများကို ထုတ်ရောင်းရာ လည်နိုင်ပတ်နိုင်လောက်အောင် စင်ကာပူငွေများရရှိခဲ့ပါသည်။
စစ်ပြီးစအချိန် စင်ကာပူသည် တိုင်းပြည်တစ်ခုအနေဖြင့် ပီပီပြင်ပြင်မဖြစ်သေး။
လူမျိုးပေါင်းစုံရှိနေသည်။ ရိုးရာယဉ်ကျေးမှုကွယ်ပျောက်နေသည်။ စည်းကမ်းပျက်နေသည်။ ချမ်းသာသောသူဌေးများ ရှိသော်လည်း မြို့လူထုအများစုမှာ စီးပွားရေး အခြေအနေမကောင်းကြပါ။ အင်္ဂလိပ်စစ်တပ်နှင့် အမေရိကန်စစ်တပ်ရှိနေ၍ စာရိတ္တပျက်ပြားလျက်ရှိနေသည်။ ခန္ဓာကိုယ်ကိုရင်း၍ ပိုက်ဆံရှာနေရသူများ လမ်းပေါ်တွင်ပင်တွေ့နိုင်သည်။ မြို့တွင်းသန့်ရှင်းရေးမရှိ။ ညစ်ပတ်လျက်ရှိနေသည်။
(ယခုအချိန်တွင် စင်ကာပူသည် ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံး၊ စည်းကမ်းအရှိဆုံး၊ စည်းလုံးအညီညွတ်ဆုံး၊ အလုပ်အကိုင်အပေါဆုံး၊ အချမ်းသာဆုံး တိုင်းပြည်တစ်ပြည်ဖြစ်လာခဲ့လေပြီ အတုယူစရာပင်) ရန်ကုန်အပြန်စင်ကာပူရှိ မြန်မာအားလုံးကို လေယာဉ်ဖြင့် ရန်ကုန်သို့ပို့ပေးမည်ဟု သိရပါသည်။
လူတစ်ဦးလျှင် ပစ္စည်းပေါင်ချိန် ၄၀ သာသယ်ခွင့်ရှိမည်ဖြစ်၍ ယူဆောင်မည့်ပစ္စည်းများကို ပေါင် ၄၀ ထက်မပိုအောင်ရွေးချယ်ပြီး စစ်အိတ်ရှည်ကြီးဖြင့် ထည့်ထားရပါသည်။ ပိုသည့်ပစ္စည်းများကို စင်ကာပူရှိကျားသူဌေးထံ အပ်နှံထားခဲ့ပြီး ထိုပစ္စည်းများကို အချိန်မရွေး လာရောက်ယူနိုင်သည်ဆိုသော်လည်း ကျွန်တော်တို့ ပစ္စည်းများကို ပြန်ယူရန် အခွင့်အရေးမရရှိခဲ့ပါ။
၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၈ရက်တွင် ဒါကိုတာလေယာဉ်ဖြင့် စင်ကာပူမှထွက်ခွာခဲ့ရပါသည်။ စင်ကာပူရှိ မြန်မာအားလုံးကို တစ်နေ့တည်း၊ တစ်ပြိုင်တည်းလေယာဉ်ဖြင့် ပို့ရခြင်းဖြစ်ရာ ဒါကိုတာ လေယာဉ်ခြောက်စင်းခန့်တော့ အနည်းဆုံးသုံးရမည်ထင်ပါသည်။ တစ်စင်းပြီးတစ်စင်းကွင်းမှ တက်လျက်ရှိနေပါသည်။
ကျွန်တော်စီးရသည့်လေယာဉ်သည် ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းမည်ဖြစ်ပါသည်။ ပျံသန်းချိန် ၉ နာရီဖြစ်ပါသည်။
ရန်ကုန်-မင်္ဂလာဒုံလေယာဉ်ကွင်းသို့ ညနေ ၅ နာရီကျော်ခန့်ဆင်းသက်ပါသည်။ အမိမြေကိုနင်းရ၍ ဝမ်းသာမိသည်။ လေယာဉ်ဆင်းသက်ချိန် မိုးအုံ့နေသည်။ ကြိုဆိုနေမည့်သူများကို မျှော်လင့်ကြီး စွာဖြင့် ရှာဖွေမိသည်။ ကျွန်တော်တို့ကို ကြိုဆိုသူတစ်ဦးတစ်ယောက်မှ မရှိပါ။ မြန်မာလူမျိုးဟူ၍ တစ်ယောက်တလေမှမတွေ့ရပါ။ အင်္ဂလိပ်စစ်သားများနှင့် ကုလားများကိုသာ မြင်နေရသည်။ မြန်မာပြည်ရောက်နေတာမှ ဟုတ်ရဲ့လား။ အားငယ်မိသည်။ စိတ်ပျက်မိသည်။ ဝမ်းနည်းသလိုခံစားရသည်။
ကျွန်တော်တို့ကို စစ်ကားကြီးများဖြင့် ခေါ်ဆောင်သွားသည်။ ဘယ်ကိုပို့ရမည်ကို ပို့သူများလည်းသိဟန်မတူပါ။ ဟိုနေရာဝင်မေး။ ဒီနေရာဝင်မေး မေးပြီး နောက်ဆုံးတွင် ဂေါ်ဒဝင်လမ်း(မြို့မကျောင်းလမ်း)နှင့် မောင်ဂိုမာရီလမ်း(ဗိုလ်ချုပ်လမ်း)ထောင့်ရှိ စစ်ဆေးရုံသို့ ပို့ပေးလိုက်ပါသည်။ စစ်ဆေးရုံသည် နောင်တွင်ဆေးတက္ကသိုလ်(၁)ဖြစ်လာသည်။ စစ်ပြီးစအချိန် ယာယီစစ်ဆေးရုံပြုလုပ်ထားခြင်း ဖြစ်ပါသည်။ စစ်ဆေးရုံတွင် ကျွန်တော်တို့ကို တစ်ယောက်ခုတင်တစ်လုံးစီတွင် နေရာချထားပေးပါသည်။ ခေတ္တတည်းခိုရန် နေရာချထားပေးသည်ဟု ထင်မိသော်လည်းဘုမသိဘမသိနှင့် ကျွန်တော်တို့ အားလုံးဆေးရုံတက်ရသော လူနာများ ဖြစ်သွားရပါတော့သည်။ ရောက်သည့်ညက အချိန်နှောင်းနေပါပြီ။ ကြိုတင်စီစဉ်ထားခြင်းလည်း မရှိသဖြင့် ကျွန်တော်တို့အတွက် ညစာစားရန်ထမင်းမကျန်တော့ပါ။ မြန်မာပြည်ရောက်မှ ပထမဆုံးအကြိမ် ထမင်းငတ်ကြရပါသည်။
နောက်နေ့များတွင် ကုလားတပ်များအတွက် ထုတ်ပေးသည့် အိုင်အိုအာရာရှင်(ကုလားတပ်ရိက္ခာ)ကို ချက်ပြုတ်ထားသော လုံးတီးဆန် ခပ်ညံ့ညံ့ထမင်းနှင့် ပဲဟင်း သို့မဟုတ် ရိုတီ(ခေါ်) ချပါတီနှင့် အာလူးဟင်းကို ကုလားလူနာများနှင့်အတူ တန်းစီ၍ယူရသည်။ အောက်ကျနောက်ကျနိုင်လွန်း၍ ကျွန်တော်တို့ ထမင်းကိုတန်းစီပြီး တောင်းမစားကြတော့ပါ။
ဆေးရုံရှိ အင်္ဂလိပ်သူနာပြုဆရာမ(နာ့စ်)များနှင့်လည်း အပေါက်အလမ်းမတည့်ပါ။ ကျွန်တော်တို့တွင် ပိုက်ဆံလည်းမရှိ။ အပြင်လည်းမထွက်ရ၊ အလုပ်လည်းမရှိ၊ လူနာလည်းမဟုတ်သဖြင့် ခုတင်ပေါ် ထိုင်ငိုင်နေမည့်အစား စိတ်ပြေလက်ပျောက် ခုတင်တစ်လုံးပေါ်တွင် လေးငါးယောက်စုထိုင်ပြီး စကားပြောနေမိသည်ကို အင်္ဂလိပ်နာ့စ်မကြီးက ခုတင်တစ်လုံးပေါ် တစ်ယောက်ထက်ပိုမထိုင်ရ၊ ကိုယ့်ခုတင်ပေါ်ကိုယ်အိပ်ဟု ငေါက်ငမ်းပြောခြင်းကို ခံရပါသည်။
ဆက်လက်ဖော်ပြပါမည်။