မန်းရွှေစက်တော်ဘုရား၌ ဓာတ်လှေကားတပ်ဆင်ခြင်းလုပ်ငန်းကို ရှစ်လအတွင်း အပြီးဆောင်ရွက်မည်

မင်းဘူး၊ လူမှုရေး

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ  မန်းရွှေစက်တော်ဘုရား၌ ဓာတ်လှေကား တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရှစ်လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပက အဖွဲ့ဝင် ဦးအောင်သိန်း၏ပြော ကြားချက်အရ သိရသည်။

အဆိုပါဓာတ်လှေကားသည် အမြင့်ပေ ၇၀ ကျော်ရှိမည်ဖြစ်ပြီး လက်ရှိတွင် အထက်စက်တော်ရာတက်သည့် နှစ်ကျိပ်ရှစ်ဆူဘုရားမှ ကိုးခန်းကြီးတန်ဆောင်းအထိ တပ်ဆင်နေခြင်းဖြစ်သည်။ ဓာတ်လှေ ကားတပ်ဆင်ပြီး စီးပါက ဘုရားဖူးလာရောက်ကြသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများလည်း အဆင်ပြေစွာ တက်ရောက် ဖူးမြော်နိုင်မည်ဖြစ်သည်။ ဓာတ်လှေကားတပ်ဆင်ခြင်း လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်  အကောင်အထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဓာတ်လှေကားတပ်ဆင်တဲ့လုပ်ငန်း ကို ရှစ်လအတွင်းပြီးစီးအောင် ဆောင်ရွက် မှာဖြစ်ပါတယ်။ လက်ရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဘုရားဖူးလာရောက်မှုမရှိတာကြောင့် လုပ်ငန်းလုပ် ဆောင်ရတာ အဆင်ပြေပါတယ်။ ဓာတ်လှေကားအပါအဝင် စင်္ကြံလမ်းကိုပါ ထည့်သွင်းတည်ဆောက် နေပါတယ်” ဟု ဦးအောင်သိန်းက ပြောသည်။

မန်းရွှေစက်တော်ဘုရား၌ ဓာတ်လှေကားတပ်ဆင်ခြင်းနှင့် စင်္ကြံလမ်းတည် ဆောက်ခြင်းလုပ်ငန်းများကို  တင်ဒါအောင်မြင်သော ကျော်သာကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး  ငွေကျပ် သိန်း ၁၃၈၀၀ ခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။         

စိုးမိုး