ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၉၇)

    နာ့စ်မပီပီ   ချိုချိုသာသာပြောလျှင် ခံသာသေးသည်။ အရာရှိက လက်အောက်တပ်သားကို အမိန့်ပေးသည့် ပုံစံမျိုးဖြင့် လာပြောသောအခါ ကျွန်တော်တို့အနေဖြင့် တပ်မတော်မှ အကြီးအကဲများနှင့်လည်း မတွေ့။ လာရောက်အားပေးမည့်သူလည်း တစ်ယောက်မှမရှိ။ အစစအရာရာ အဆင်မပြေ၍ စိတ်အားငယ်စိတ်တိုနေချိန်ဖြစ်၍ အင်္ဂလိပ်နာ့စ်မကြီးကို ပြန်၍အော်ထုတ်လိုက်ကြပါသည်။

ကျွန်တော်တို့ စစ်ဆေးရုံတွင် ဆက်၍မနေလိုကြတော့ပါ။  အားလုံးတိုင်ပင်ပြီး လောင်းဝစ်(စ်)လမ်း (ရွှေတောင်ကြားလမ်း)ရှိ မျိုးချစ်တပ်မတော်(ပီဘီအက်ဖ်)ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့ကြပါသည်။

ပီဘီအက်ဖ်ဌာနချုပ်သို့ရောက်ပြီး နောက်တစ်ရက်တွင် အင်္ဂလိပ်စစ်ကားကြီးများ ရောက်လာပြီး ကျွန်တော်တို့အားလုံး ကားပေါ်တက်ခိုင်းပါသည်။ အားလုံးကားပေါ် ရောက်သောအခါ လက်နက်ငယ်များ ကိုင်ဆောင်ထားသော အင်္ဂလိပ်စစ်ရဲ (အမ်ပီ)ဂျစ်ကားနှစ်စီးက ရှေ့နောက်ညှပ်ပြီး မောင်းခေါ်သွားပါသည်။ ကျွန်တော်တို့ကို အမှတ် (၆၆)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ပို့လိုက်ပါသည်။ စခန်းနေရာမှာ နောင်တွင် အမှတ်(၇)ဒဏ်ရာရ လူနာလက်ခံရေးစခန်း (7 CRS) ဖြစ်လာပြီး ယခု အမှတ်(၂)စစ်ဆေးရုံ (2 MH) နေရာဖြစ်ပါသည်။ စခန်းပတ်လည် သံဆူးကြိုးများ ကာရံထားသည်။ ဝင်ပေါက်တံခါးကို ပိတ်ထားပြီး အစောင့်ချထားပါသည်။ စခန်းအတွင်းရောက်မှ ကျွန်တော်တို့ကို အင်္ဂလိပ်တပ်က ဖမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတော့သည်။ စခန်းအတွင်း အဆောက်အအုံမရှိပါ။ ရွက်ဖျင်တဲများဖြင့် နေကြရပါသည်။  အပြင်ထွက်ခွင့်  လုံးဝမပေးပါ။

ကျွန်တော်တို့ကို တစ်ဦးချင်းစစ်ဆေးမေးမြန်းပြီး ရေးသား မှတ်တမ်းတင်ပါသည်။

“ဘာကြောင့် ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှကို  တိုက်ခဲ့တာလဲ၊  ဂျပန်ကို ဘာသွားလုပ်တာလဲ။ ဘာပညာတွေသင်ခဲ့သလဲ။

ဂျပန်တွေက မင်းတို့ကို ဘာကြောင့်ဖမ်းထားတာလဲ။ ဂျပန်စစ်ရှုံးတော့ ဘယ်လိုခံစားရသလဲ၊ မဟာမိတ်တပ်တွေအပေါ် ဘယ်လိုသဘောထားသလဲ” အစရှိသောမေးခွန်းများကို မေးသည်။ ကျွန်တော်တို့ကလည်း လိမ်ညာမပြော တည့်တည့်ပဲဖြေသည်။ ကျွန်တော်တို့ရည်မှန်းချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးသာဖြစ်သည်။

လုပ်ခဲ့သမျှ လွတ်လပ်ရေးအတွက် ဆက်၍ လုပ်ရဦးမည်ဖြစ်ကြောင်း အခိုင်အမာဖြေဆိုကြသည်။

ကျွန်တော်တို့ကို   အင်္ဂလိပ်တပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း လူကြီးတွေ သိသွားဟန်တူပါသည်။ ရက်သတ္တနှစ်ပတ်ခန့် ကြာသောအခါ စစ်ဆေးခြင်း ရပ်ဆိုင်းပြီး ကျွန်တော်တို့အားလုံးကို ရွှေတောင်ကြားရှိ ပီဘီအက်ဖ်ဌာနချုပ်သို့ ပြန်ပို့ပေးလိုက်ပါသည်။

ပီဘီဘက်ဖ်ဌာနချုပ်တွင် နေစရာရှိသည်။ ထမင်းမှန်မှန်စားရသည်။ ၁၉၄၅ ခုနှစ် နှစ်ကုန်ခါနီးအထိ အင်္ဂလိပ်တပ်ရိက္ခာ(ဘီအိုအာရ်ရာရှင်) များဖြစ်သော ဘီစကွတ်၊ ထောပတ်၊ ချိစ်၊ ယို (Jam) များ ပုံးလိုက်စားသောက်နေရသေးသည်။ ဘီအိုအာရ်ရာရှင် ဖြတ်လိုက်သော်လည်း ကျွန်တော်တို့ ထမင်းမငတ်ပါ။ ပီဘီအက်ဖ် ဌာနချုပ်က ကျွေးထားပါသည်။ ပီဘီအက်ဖ် ဖျက်သိမ်းချိန်ဖြစ်သဖြင့် ပီဘီအက်ဖ်တပ်ဖွဲ့ဝင်များ သုံးလအတွက် လစာများရကြသည်။ ဂျပန်ပြန်များ မည်သည့်လစာမှ မရကြပါ။ ထောက်ပံ့ကြေးလည်း မရကြပါ။ လစာရသော ရင်းနှီးသည့်ရဲဘော်များနှင့် ဆရာသမားများက သနား၍ ပေးလျှင် မုန့်ဖိုးကလေးတော့ ရကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲကြီးတွင် ကျွန်တော်တို့ ဂျပန်ပြန်ထဲမှ ကိုသောင်း (ပိုက်လုံး၊ ဒုတိယဗိုလ်မှူးကြီး-ကွယ်လွန်) က ၁၃၂ ပေါင်တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရပြီး ဆုကြေး ငွေငါးရာကျပ် ချီးမြှင့်ခြင်းခံရ၍ အတူနေ ရဲဘော်များ နံနက်စာမုန့်ဟင်းခါးကလေးတော့ စားနိုင်ကြပါသည်။ “မြိုင်” ရုံတွင်တက္ကသိုလ်မျိုးချစ်နှင့် နယ်လီကြိုင်တို့ ပါဝင်ကပြလျက်ရှိသော ပြဇာတ်ကို တစ်ပွဲတလေတော့ ကြည့်ဖူးခဲ့ရသည်။

ကံကောင်းထောက်မ၍ ကျွန်တော်တို့ အမြောက်ပညာသင် ၁၀ ဦးသည် အသစ်ပြန်လည် ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်)အဖြစ် ၇-၁-၁၉၄၆ ရက်တွင် ခန့်အပ်ခြင်းခံရ၍ မိတ္ထီလာသို့ ထွက်ခွာခဲ့ကြရသည်။ ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း မခံရသူအချို့ ရိုးရိုးတပ်သားများအဖြစ် ဗမာ့သေနတ်ကိုင်တပ်ရင်းများသို့ ဝင်ရောက်ကြသည်။ အချို့မှာ တပ်တွင်းသို့ ပြန်မဝင်တော့ဘဲ ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ကြသည်။ အချို့က ဘွဲ့ရသည်အထိ ကျောင်းဆက်တက်ကြသည်။ တပ်ထဲရောက်ပြီးမှဗကပနှင့်ပူးပေါင်းကာ တောခိုသွားသူများလည်း ရှိကြသည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ရဲဘော်ဖြူဖြစ်ကာ တောခိုသွားသူများလည်း ရှိကြသည်။ ဘဝသံသရာတွင် ကိုယ့်လမ်းကိုယ်လျှောက်ကြခြင်းသာ ဖြစ်ပါသည်။

ဂျပန်ပြည် ဘုရင့်ကြည်းတပ်နှင့် လေတပ်စစ်တက္ကသိုလ် တက်ရောက်ရန် ဗမာ့ကာကွယ်ရေး တပ်မတော်မှ တာဝန်ပေးအပ်ခြင်း ခံရသူများသည် ဂျပန်ပြည်သို့ အသွားတွင် ကြမ်းတမ်းခက်ထန်၍ အန္တရာယ်များလှသောခရီးလမ်းကို   ဆင်းရဲဒုက္ခ အမျိုးမျိုးခံ၍ ကျော်လွှားခဲ့ကြရသည်။

ပြည်တော်ပြန်ခရီးတွင်မူ ခရီးလမ်းအဆင်ပြေခဲ့သည်။ သို့သော် အမိမြေ မြန်မာနိုင်ငံ ရောက်ခါမှ ဆီးကြိုသူမရှိ ထမင်းပင်ငတ်ခဲ့ကြရသည်။ နေရာချထားမည့်သူမရှိ။

အင်္ဂလိပ်တပ်များ ထားရာတွင် နေကြရသည်။ သူတို့စီမံသလို  ခံကြရသည်။

အကျဉ်းသားလည်းဖြစ်ခဲ့ရသည်။ တိုင်းပြည်မလွတ်လပ်သေးသော အချိန်၊  ကိုယ့်တပ်မတော်နှင့်ကိုယ် မရှိသေးသောအချိန်တွင် နယ်ချဲ့အုပ်စိုးသူများ ပြုသမျှနုကြရပေမည်။ အမိတပ်မတော်၏ ရင်ခွင်တွင် ခိုလှုံခွင့်ရရှိမှသာ  စိတ်လက်အေးချမ်းရပါသည်။ တပ်မတော်ရင်ခွင်သို့ ခိုလှုံသူများ၏ ဘဝအစသည် ဖြောင့်ဖြူးပေလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်။