မည်သည့်ဘက်မှမလိုက်ဘဲ အင်အားကြီးနိုင်ငံများကြားဖြစ်ပေါ်နေသည့် အခြေအနေကိုသာစောင့်ကြည့်မည့် အင်ဒိုနီးရှား

အမေရိကန်နှင့် အာရှအင်အားကြီး တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတို့ကြား ပြိုင်ဆိုင်မှုမြင့်တက်နေစဉ် နိုင်ငံအတွင်းသို့ အမေရိကန်ရေကြောင်း ကင်းထောက် လေယာဉ်များ ဆင်းသက်ခြင်းနှင့် လောင်စာ ဆီပြန်လည်ဖြည့်တင်းခြင်းတို့ လုပ်ဆောင်မည့် အမေရိကန်၏ ကမ်းလှမ်းချက်ကို အင်ဒိုနီးရှားအစိုးရက  ငြင်းဆိုခဲ့သည်ဟု အင်ဒိုနီးရှားအစိုးရအဖွဲ့မှ အရာရှိကြီးများက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းပြော ကြားခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့မှ အရာရှိများသည် ၎င်းတို့၏ P-8 အမျိုးအစား ရေကြောင်းကင်းထောက်လေ ယာဉ်များ ဆင်းသက်ရန်နှင့် လောင်စာဆီပြန်လည် ဖြည့်တင်းခြင်းကို ခွင့်ပြုရန် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးများ ရှေ့မှောက်၌ ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက တောင်းဆို  ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ တောင်းဆိုချက်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ငြင်းဆိုခဲ့သည်ဟု အင်ဒိုနီးရှား အရာရှိများက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ အဆိုပါကမ်းလှမ်းချက်သည် တရုတ်နှင့် အမေရိကန်တို့ကြား    အရှေ့တောင်အာရှဒေသ ၌ လွှမ်မိုးနိုင်ရန် ပြိုင်ဆိုင်မှုမြင့်တက်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် အမေရိကန်၏ လုပ်ဆောင်မှု သည် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးနေသည့် အင်ဒိုနီးရှားနိုင်ငံအား အံ့အားသင့် စေခဲ့သည်ဟု ဆိုနိုင်သည်။ အင်ဒိုနီးရှား အစိုးရသည် ပြည်ပလက်နက်ကိုင် တပ်ဖွဲ့များကို နိုင်ငံအတွင်း မည်သည့် အခါမျှ တပ်စွဲခွင့်မပြုခဲ့ပေ။

ထို့ကြောင့် ကမ္ဘာ့အင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေး တင်းမာ နေစဉ် အင်ဒိုနီးရှား အစိုးရက အမေရိကန်ရေကြောင်း ကင်းထောက်လေယာဉ်များအား နိုင်ငံအတွင်း ဆင်းသက် ခွင့်ပြုလိုက်ပါက တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံဆက်ဆံရေးအပေါ် အကျိုးဆက်များစွာ ကျရောက် လာမည်ကို အင်ဒိုနီးရှားအစိုးရက သတိထားမိဖွယ်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခုအခါ စီးပွားရေးတိုးတက်လာပြီး တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်သွယ်မှုများပြားလာခြင်းကြောင့် အမေရိကန်နှင့် တရုတ်တို့၏  ပြိုင်ဆိုင်မှုတွင် မည်သည့်ဘက်မှ မလိုက်ဘဲ အဆိုပါအင်အားကြီး နှစ်နိုင်ငံကြားဖြစ်ပေါ်နေသည့် အခြေအနေကိုသာ သတိထား စောင့်ကြည့် သွားမည့်အလားအလာရှိကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။       

Ref: Sputnik,TST