အိန္ဒိယနှင့်သတင်းအချက် အလက်ဖလှယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ကြိုးပမ်းနေသည့် အမေရိကန်

အမေရိကန်နှင့် အိန္ဒိယနှစ်နိုင်ငံကြား ပထဝီဝင်ဆိုင်ရာ  သတင်းအချက်အလက် ဖလှယ်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက အိန္ဒိယနိုင်ငံသို့ မလာရောက်မီ အပြီးသတ်လက်မှတ်ရေးထိုးရန် ကြိုးပမ်းလျက်ရှိကြောင်း   အမေရိကန်အစိုးရက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အိန္ဒိယ နှစ်နိုင်ငံကြား သတင်းအချက်အလက်ဖလှယ်ရေး သဘောတူညီချက်ကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရန် နှစ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆွေးနွေးလျက်ရှိပြီး မကြာမီ သဘောတူ လက်မှတ် ရေးထိုးနိုင်မည်ဟုမျှော်လင့်လျက်ရှိသည်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပီယိုသည် အိန္ဒိယနိုင်ငံသို့ လာမည့်တစ်ပတ်အတွင်း အလည်အပတ်သွားရောက်ရန်  စီစဉ်ထားသည်။ အဆိုပါခရီးစဉ် အတွင်း မိုက်ပွန်ပီယိုသည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တွေ့ဆုံမည်ဖြစ်ပြီး အမေရိကန်-အိန္ဒိယ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးပွဲ  (US-India 2+2 Ministerial Dialogue) ကို  တက်ရောက်မည်ဖြစ်သည်။

အဆိုပါ ဝန်ကြီးအဆင့်ဆွေးနွေးပွဲသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့အက်စပါလည်း တက်ရောက် မည်ဖြစ်ပြီး နှစ်နိုင်ငံဝန်ကြီးများအနေဖြင့် ကုန်သွယ်ရေးနှင့် တခြားကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့်အိန္ဒိယ ဆွေးနွေးပွဲအတွင်း ရေကြောင်းဆိုင်ရာသတင်းအချက်အလက်နှင့် နည်းပညာ ဖလှယ်ရေး သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးရန် မျှော်လင့်ထားသည်။

အမေရိကန်အနေဖြင့် အိန္ဒိယနိုင်ငံနှင့် ရေကြောင်းဆိုင်ရာ အချက်အလက်နှင့် နည်းပညာဖလှယ်ရေး သဘော တူညီချက်ကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသည်။ အကယ်၍ အဆိုပါသတင်းအချက်အလက်နှင့် နည်းပညာ ဖလှယ်ရေး သဘောတူညီချက်ကို အိန္ဒိယက အပြီးသတ်လက်မှတ်ရေးထိုးမည်ဆိုပါက အိန္ဒိယ အစိုးရအနေ ဖြင့် Quad  အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် အလားတူ  သဘောတူညီချက်များကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။ Quad အဖွဲ့တွင် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ ပါဝင်လျက်ရှိသည်။

အိန္ဒိယနိုင်ငံသည် ၂၀၁၆ ခုနှစ်မှစ၍ အမေရိကန်နှင့် အခြေခံသဘောတူညီချက်သုံးရပ်ကို လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံသည် Quad အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်မှုများကို တိုးမြှင့်လာလျက်ရှိပြီး ယင်းအဖွဲ့နှင့် အိန္ဒိယတို့ကြား အိန္ဒိယ သမုဒ္ဒရာနှင့် အင်ဒို-ပစိဖိတ်သမုဒ္ဒရာရှိ ရေကြောင်းနယ်ပယ်များနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် ဖလှယ်ခြင်းကို ယခင်ကထက် ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်။

အမေရိကန်အစိုးရက အိန္ဒိယနှင့် သတင်းအချက်အလက် ဖလှယ်ရေးအပါအဝင် တခြားသဘောတူညီချက်များ အားလက်မှတ်ရေးနိုင်ရန် ကြိုးပမ်းနေခြင်းကို ကြည့်မည်ဆိုပါက အမေရိကန်အနေဖြင့် ၎င်းတို့၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ် စေမည်ဖြစ်သောကြောင့် ပင်ဖြစ်သည်ဟုဆို

နိုင်ပါသည်။

Ref: Sputnik, theHindu