ကိုယ်နှင့်သက်ကိုနှင်းဆက်အပ်မည်
အမှတ်စဉ်(၉၈)
ခါမိခါဇေ သို့မဟုတ် ထော့ကော ဂျပန်ဘုရင့်စစ်တက္ကသိုလ် အမှတ်စဉ် (၅၈) မြန်မာပညာတော်သင် ဒုတိယအပတ်မှ ဗိုလ်လောင်းတင်အောင်ကို ကျွန်တော်တို့ ဂျပန်ပြန်ရဲဘော်များက”ထော့ကော” ဟုခေါ်ကြသည်။
“ထော့ကော” ဆိုသည့် ဘွဲ့အမည်သည် ရတောင့်ရခဲ ဘွဲ့အမည်ဖြစ်ပါသည်။
“ထော့ကော” တာဝန်အပေးခံရသော ဂျပန်အသေခံ သူရဲကောင်းများသည် သက်ရှိထင်ရှား မရှိကြတော့ပါ။
ဗိုလ်လောင်း ရဲဘော်တင်အောင်ကတော့ ယခုအခါတွင် အသက်ရှင်နေထိုင်နိုင်ရေး အတွက် ဘဝကို ရုန်းကန်နေရဆဲပဲ ရှိနေပါသည်။
“ထော့ကော”၏ အဓိပ္ပာယ်မှာ တာဝန်ကို အထူးကျေပွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊ ဆောင်ရွက်သူ၊ ဆောင်ရွက်သည့်တပ်ဖွဲ့ ဟူ၍ဖြစ်ပါသည်။
“ထော့ကော”ဟုခေါ်ခြင်းထက်”ခါမိခါဇေ”ဟုခေါ်လျှင် တစ်ကမ္ဘာလုံးက သိကြသည်။
ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့တောင်အာရှနိုင်ငံများကို နယ်ချဲ့တိုက်ခိုက် သိမ်းပိုက်ခဲ့သော ဂျပန်နိုင်ငံသည် ၁၉၄၅ ခုနှစ်တွင် စစ်မျက်နှာများ ရှည်လျားကျယ်ပြန့်လာသည်နှင့် အမျှ လူအင်အားနှင့် စစ်လက်နက် ပစ္စည်းများလည်း အားနည်းယုတ်လျော့ခဲ့ပါသည်။ ဂျပန်သို့တိုက်ခိုက်ရန် ချဉ်းကပ်လာသော အမေရိကန်ရေတပ်မှ သင်္ဘောများကို ဂျပန်လေတပ်က တိုက်ခိုက်နှစ်မြှုပ်ရန် ဗုံး၊ ရော့ကက်၊ တော်ပီဒိုစသော ခဲယမ်းမီးကျောက်များလည်း လုံလောက်မှု မရှိတော့ပါ။ ကြဲချသည့် ဗုံးများမှာလည်း အမေရိကန်စစ်သင်္ဘောများ မြုပ်လောက်အောင် ထိရောက်မှုမရှိတော့ပါ။ သို့ဖြစ်၍ ဗုံးတစ်လုံး တပ်ဆင်ထားသော လေယာဉ်တစ်စင်းကို လေသူရဲတစ်ဦးက မောင်းနှင်ပြီး အမေရိကန်စစ်သင်္ဘောပေါ်သို့ ဗုံးတပ်ဆင်ထားသော လေယာဉ်ရော မောင်းနှင်သူလေသူရဲပါ တိတိကျကျ ထိုးချနှစ်မြှုပ်နိုင်ရန်အတွက် “ခါမိခါဇေ”အသေခံတပ်များကို အသုံးပြုခဲ့ကြပါသည်။
အရှေ့တိုင်းနိုင်ငံများတွင် အတိတ်တဘောင်၊ အစွဲအလမ်း၊ အယူအဆများနှင့် ယုံကြည်မှုများ ရှိကြသည်။ ရှေးယခင်က ဂျပန်နိုင်ငံကို မွန်ဂိုဘုရင် ကူဗလိုင်ခန်၏ ရေတပ်များက နှစ်ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖူးရာ နှစ်ကြိမ်စလုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်လိုက်သဖြင့် မွန်ဂိုရေတပ်ကြီး ပြိုပျက်ဆုတ်ပြေးခဲ့ရသည်။
အနောက်ဘက်ဥရောပတိုက်၊ မြေထဲပင်လယ်ဒေသ၊ အေဒီရီယက်တစ်ပင်လယ် (Adriatic Sea)မှ အရှေ့ဘက်အာရှတိုက်၊ တရုတ်တောင်ပိုင်းပင်လယ်ကမ်းခြေအထိ မိုင်ပေါင်းထောင်ကျော်မျှ ကျယ်ပြန့်သော ဥရောပ-အာရှဒေသ တစ်ခုလုံးကို နယ်ချဲ့သိမ်းပိုက်ခဲ့သော မွန်ဂိုဘုရင် ကူဗလိုင်ခန်သည် ဂျပန်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန်ခရစ်နှစ် ၁၂၇၄ ခုနှစ်နောက်ပိုင်းလောက်တွင် ရွက်သင်္ဘော အစင်းပေါင်း တစ်ထောင်ခန့်၊ မွန်ဂိုစစ်သည်နှစ်သောင်းခွဲ၊ ကိုရီးယားလဲဗီးတပ်သား တစ်သောင်းခွဲအင်အားဖြင့် ဂျပန်ပြည်သို့ ချီတက် တိုက်ခိုက်ခဲ့သည်။
တပ်များ ဂျပန်မြေပေါ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ကြီးမားသော မုန်တိုင်းကြီး ကျရောက်လာတော့မည်ကို ခန့်မှန်းသိရှိသဖြင့် သင်္ဘောများပေါ်သို့ ပြန်တက်ပြီး ဆုတ်ခွာခဲ့ရသည်။ လေမုန်တိုင်းဒဏ်ကြောင့် သင်္ဘောမြောက်မြားစွာနှင့် စစ်သည်၁၃၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။
စိတ်မကျေနပ်သော ကူဗလိုင်ခန်သည် ခရစ်နှစ် ၁၂၈၁ ခုနှစ် ဇွန်လတွင် ရွက်သင်္ဘော အစင်းပေါင်း ၅၀၀၀ ခန့်၊ စစ်သည် အင်အား ၁၇၀၀၀၀ ခန့်ဖြင့် ဒုတိယအကြိမ် ဂျပန်ပြည်ကို တိုက်ခိုက်ပြန်ပါသည်။
ဒုတိယအကြိမ်တွင် ပိုမိုပြင်းထန်လှသော တိုင်ဖွန်းမုန်တိုင်းကြီး တိုက်ခတ်လိုက်သဖြင့် သင်္ဘောပေါင်း ၄၀၀၀ ခန့်နှင့် စစ်သည်၁၃၀၀၀၀ ခန့်ဆုံးရှုံးခဲ့ရသည်။ ထိုမုန်တိုင်းကို ဂျပန်ဘုန်းတော်ကြီးများက နတ်ဘုရားများကို တိုင်တည်ပင့်ခေါ်ခဲ့သည်ဟု အယူရှိခဲ့ကြသည်။ ယုံကြည်ကြသည်။ သို့ဖြစ်၍ ထိုမုန်တိုင်းကို ဂျပန်တို့က “ခါမိခါဇေ”ဟုခေါ်ကြသည်။ “ခါမိ”ဆိုသည်မှာ”နတ်”ဖြစ်သည်။”ခါဇေ” ဆိုသည်မှာ”လေ”ဖြစ်သည်။ နတ်ဘုရားတို့ ဖန်ဆင်းလိုက်သော လေမုန်တိုင်း “ခါမိခါဇေ”တိုက်ခတ်လိုက်၍ ရန်သူသင်္ဘောများ နစ်မြုပ်ပျက်စီးခဲ့ရပြီး တိုင်းပြည်ကြီးချမ်းသာရာ ရခဲ့သည်ဟု ယုံကြည်ယူဆခဲ့ကြသည်။ ထို့ကြောင့် အတိတ်တဘောင် ယုံကြည်ချက်အရ အမေရိကန်ရေတပ်ကြီးကို ခါမိခါဇေ ခေါ် ထော့ကော အသေခံတပ်များဖြင့် တိုက်ခိုက်စေခြင်းဖြစ်ပါသည်။
ဂျပန်တို့သည် “ခါမိခါဇေ” ခေါ် “ထော့ကော”အသေခံတပ်များဖြင့် အမေရိကန် ရေတပ်ကြီးကို တားဆီးဖြိုခွင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ယုံကြည်အောင် လည်း ဂျပန်တပ်မတော် ကြည်း၊ ရေ၊ လေ တပ်မတော်သားများနှင့် စစ်တက္ကသိုလ် ဗိုလ်လောင်းများကို စိတ်ဓာတ်များ သွင်းပေးလျက်ရှိကြသည်။ ယုံကြည်မှုသည် အကြီးမားဆုံးသော အင်အားဖြစ်သည်။
သို့ဖြစ်၍ “ထော့ကော” အဖြစ် ခွင့်ပန် ဝင်ရောက်လာကြသူများလည်း အများအပြားရှိလာပါသည်။
“ထော့ကော” အဖြစ်ရွေးချယ်လေ့ကျင့် ပေးပြီးနောက် တိုင်းပြည်အတွက် အသက်စွန့်လွှတ်ရန် တာဝန်ကို မထမ်းဆောင်မီ ကြိုက်နှစ်သက်ရာ ဟိုတယ်များတွင် အပန်းဖြေ အနားယူခွင့်ပေးထားသည်။ ဟိုတယ်များတွင် အနားယူရင်း မိမိတာဝန်ကျမည့်အမိန့်ကို စောင့်ဆိုင်းနေကြသည်ကို တွေ့ရပါသည်။
မြန်မာဗိုလ်လောင်းများ ဒိုရှိကင်းကကု ခေါ် လေ့လာရေး ၁၀ ရက်ခရီးကို တစ်နှစ်တွင် နှစ်ကြိမ်ထွက်ရပါသည်။ ဒိုရှိကင်းကကု လေ့လာရေးခရီးအတွင်း ဂျပန်နေအိမ်များတွင် တည်းခိုရသည်လည်း ရှိသည်။ ဟိုတယ်များတွင် တည်းခိုရသည်လည်း ရှိသည်။ ဟိုတယ်များတွင် တည်းခိုရမည့် “ထော့ကော ခေါ် ခါမိခါဇေ” တာဝန်ပေးရန် ရွေးချယ်ထားသူများနှင့် ဆုံစည်းတွေ့ဆုံရပြီး ဆွေးနွေးစကား ပြောဆိုခွင့်ရရှိခဲ့ပါသည်။ သူတို့ကိုကြည့်ရသည်မှာ သာမန်လူတစ်ယောက်လိုပင် ဖြစ်ပါသည်။
မကြာမီ သေရွာသို့သွားကြမည်ဖြစ်သော်လည်း စိတ်ဓာတ်ကျဆင်းခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ ပူပန်ခြင်း အမူအရာများ မရှိကြဘဲ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ရှိနေကြသည်။
ဆက်လက်ဖော်ပြပါမည်။