ငယ်ဘဝ

ယမန်နေ့မှအဆက်

လှလှရီက ဆက်ပြောချင်ပုံမရ။

“ကျွန်တော်သူ့ကို မိတ်ဆက်စကားပြောလို့ရမလား” မောင်ငြိမ်းချမ်းစူးစမ်းကြည့်ခြင်းဖြစ်၏။

“အမယ်လေး မလုပ်ပါနဲ့ ရှက်တာနဲ့ သေတောင်သွားဦးမယ်”

မောင်ငြိမ်းချမ်း ဘာမျှမပြောချင်တော့ပါ။ မလွယ်ပါလားဟုလည်း စိတ်အားပျက်ရသည်။ မောင်ငြိမ်းချမ်းက ပြန်ခါနီးမှာ မို့မို့နှင့်အခန်းဖော် ထွေးထွေးနှင့် စကားပြောရင်း...

“အခန်းနံပါတ် ဘယ်လောက်လဲ...” ဟု ထွေးထွေးကို မေးသည်။

“တစ်...နှစ်...သုံး...  မှတ်လို့လွယ်တယ်...”

ထွေးထွေးကပြောပြီးမှ သတိရသွားဟန်တူပါ၏။

“ဘာလုပ်မလို့လဲ...” ဟုမေးသည်။

“ဘာမှမလုပ်ပါဘူး...သိချင်လို့ပါ...”

မေတ္တာ၊ သစ္စာ စာလေးများ

မန္တလေးတက္ကသိုလ်၊ သစ္စာဆောင်၊ အခန်းအမှတ် ၁၂၃ သို့ လိပ်စာတတ်ပြီး မောင်ငြိမ်းချမ်း စာတစ် စောင်ရေးလိုက်သည်။ ရှေးဦးရေးသားချက်များမှာ ဘယ်မိန်းကလေးမျှ စိတ်ဝင်စားမည်မထင်ပါ။ ကျေးလက် တောရွာမှာ အဘွားနှင့်နေရသူဖြစ်ကြောင်း၊ ဆင်းရဲ၍ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းတက်ရကြောင်း၊ သို့သော် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဘဝကို အောင်မြင်အောင် ရိုးရိုးသားသားကြိုးစားမည်ဖြစ်ကြောင်း၊ မို့မို့ကို စတွေ့ကတည်းက စိတ်ဝင်စားမိ၍ ရှက်တတ်လွန်းသည်ကိုလည်း အမြတ်တနိုးတန်ဖိုး ထားမိကြောင်း၊ မိန်းကလေးတစ်ယောက်၏ အလှမှာ ရှက်ရွံ့မှုလေးပါမှ ပြည့်စုံကြောင်း... သို့သော် ရှက်တတ်လွန်းသူလေးကို အနှောင့်အယှက်ပေးသလိုဖြစ်မှာစိုး၍ စတင်ရန်ခက်နေကြောင်း၊ ယခု အခါ တတိယနှစ်ရောက်ကြပြီမို့ ကျောင်းပြီးရန် မကြာတော့သောကြောင့် စာရေးရခြင်းဖြစ်ကြောင်း...မည်သို့ မြတ်နိုးမိပုံ၊ ဘဝအဖော်ကောင်း ဖြစ်စေရန် ဝန်ခံကတိပြုပုံ၊ မေတ္တာ၊ သစ္စာများကို တတ်နိုင်သမျှ နုညက်ပြေပြစ်အောင် ကြိုးစားရေး သား ခဲ့သည်။

တစ်ပတ်ကြာသော်လည်း ပြန်စာမရပါ။ ထူးခြားသည်မှာ မို့မို့ကျောင်းတက်ရန်လာသောအခါ ပိုရှက်နေသည်။ ခေါင်းပိုငုံ့သွားသည်။ မောင်ငြိမ်းချမ်းကို သာမက သူ့သူငယ်ချင်းသုံးယောက်မှလွဲ၍ မည်သူ့ကိုမျှ မကြည့် တော့ပါ။

နောက်တစ်ပတ်မှာ စာတစ်စောင်ထပ်ရေးပါသည်။အကောင်းဆုံးသောမေတ္တာဘွဲ့နှင့်သစ္စာတိုင်ဖြစ်အောင် ကြိုးစားသည်။ မည်သည့်ပြန်စာမျှမလာ။ ပို၍ထူးခြားသည်မှာ မို့မို့၏ အခန်းဖော်ထွေးထွေးက မောင်ငြိမ်းချမ်း ကို မလိုမလား တင်းမာသောအကြည့်များနှင့် ဟန့်တားသည်။ မောင်ငြိမ်းချမ်းစိတ်မကောင်းဖြစ်ရ၏။ သို့သော်  တတိယတစ်စောင် ထပ်ပြီးရေးသားပေးပို့သည်။

မောင်ငြိမ်းချမ်း နေ့လယ်ကျောင်းဆင်း၍ အခန်းပြန် သောအခါ အခန်းတံခါးဖွင့်လျှင် အသေအချာကြည့်သည်။ စာပို့သမားက စာများကို အခန်းတံခါး၏အောက်မှ ထိုးသွားထားလေ့ရှိသောကြောင့်ဖြစ်သည်။ အမှတ်

တမဲ့ဝင်သွားမိလျှင် ချစ်သူ၏ ပြန်စာလေးကို တက်နင်းမိမှာစိုးသည်။ သို့သော် မည်သည့်စာမျှမတွေ့ရ။ မောင်ငြိမ်းချမ်း ကြိုးစားမှုကို မြှင့်တင်လိုက်သည်။ တစ်ပတ်တစ်စောင်ရေးရာမှ တစ်ပတ်နှစ်စောင်ရေးပို့သည်။ နှစ်ပတ်မှာ လေးစောင်ရေးပို့ပြီးသောအခါ ထူးခြားမှုဖြစ်ပေါ်လာပါသည်။ သူနှင့်အခန်းဖော်ထွေးထွေးက

“ရှင်ဘယ်လိုလုပ်တာလဲ။ ရှင်ရေးတဲ့စာတွေ မို့မို့နာမည်နဲ့ တစ်ပတ်နှစ်ခါ စာကပ်တဲ့ နို့တစ်စ်ဘုတ်မှာ ကပ်ထား တာတွေ့လို့ မို့မို့ကို လူတကာစနေကြပြီ။ မို့မို့ရှက်လွန်းလို့။ ရှင်ထပ်မရေးပါနဲ့” ဟု ပြောသည်။

“သြော်...ငါ ဘယ်လိုလုပ်ရပါ့...”

ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ မရေးဘဲ နေရမလား၊ ဆက်ရေးရမလား။ ကိုယ့်ကြောင့် သူမရှက်ရစေချင်၊ စိတ်အနှောင့်အယှက်မဖြစ်စေချင်။ မောင်ငြိမ်းချမ်း တစ်ပတ်လောက် စာမရေးဘဲနေရသည်။ စိတ်ထဲကတော့ သိပ်ရေးချင်သည်။ အတွေးထဲမှာ အမြဲရေးနေမိသည်။

“အို...ကာယကံရှင်က တားတာမှမဟုတ်ဘဲ...”

မောင်ငြိမ်းချမ်း  နည်းနည်းလျှော့ပြီး  တစ်ပတ် တစ်စောင်နှုန်းနှင့်  ဆက်ရေးသည်။ သုံးပတ်ရေးမိပြီး  နေ့ခင်းကျောင်းဆင်းချိန်မှာ အခန်းတံခါးဖွင့်လိုက်သောအခါ စာလေးတစ်စောင်တွေ့ရသည်။

“မို့မို့စာ ဖြစ်ပါစေဗျာ...”

စာလေးကို အမြတ်တနိုးကောက်ယူပြီး  အိပ်ရာခုတင်ပေါ်ပစ်လှဲ၍ ဖောက်ဖတ်လိုက်သည်။

“အိုဟုတ်တာပေါ့...မို့မို့စာ...” ပျော်လွန်း၍ ရင်များခုန်နေသည်။ ရေးထားသည်က တစ်ကြောင်းတည်း။ ဖတ်ကြည့်လိုက်သည်။ လုံးဝမဖြစ်နိုင်ပါဘူးရှင်...ဟုရေးထားသည်။ သက်ပြင်းတစ်ချက်ချမိသည်။

“သြော်...ဘာလို့မဖြစ်နိုင်တာလဲ...  မို့မို့ရယ်...”

ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေးခံစားရသည်။ ပြတ်သားစွာ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ သို့သော် မောင်ငြိမ်း ချမ်းအားမလျှော့။ မဖြစ်နိုင်သည့်အကြောင်းကို စာရေးမေးသည်။ ချစ်သူရှိလို့လား၊ အခြားဘာကြောင့်လဲ။ အမေးနှင့်အတူ သူ၏ခံစားချက်များကို စာရေးသည်။ ဘာမျှမပြန်။ မပြန်လည်း အားမလျှော့၊ လျှော့၍ လည်းမဖြစ်။ ကိုယ်ကသူ့ကိုသိပ်ချစ်နေပြီ။ ဘဝအဖော်အဖြစ် တန်ဖိုးထား၍ မြတ်နိုးနေမိပြီ။ တစ်ပတ်တစ် စောင် မှန်မှန်စာရေးနေမိပြီ။ တတိယနှစ်  ပထမနှစ်ဝက်ကုန်ဆုံးသည်အထိ ဘာစာမျှပြန်မလာ၊ ဒုတိယနှစ် ဝက် ဆက်ရေးနေရသည်။ စာတစ်စောင်ပြန်လာပြီ။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ အောင်မြင်ပြီကွဟု စိတ်အားထက်စွာ စာလေးကို ဖောက်ဖတ်လိုက်သည်။

မောင်ငြိမ်းချမ်း၏ စိတ်သဘောထားနှင့် သူ့အပေါ်ထားသော သံယောဇဉ်ကို နားလည်ပါကြောင်း၊ ပြန်၍ မေတ္တာထားနိုင်အောင် ကြိုးစားကြည့်ကြောင်း၊ သို့သော်သူ့ရင်ထဲမှာမေတ္တာစိတ်လုံးဝဖြစ်မလာကြောင်း၊ စိတ် ဝင်စားခြင်းလုံးဝမရှိပါကြောင်း၊ တခြားတစ်ယောက်ယောက်ကို ပြောင်းလဲ၍ ဘဝအဖော်ရွေးချယ်ပါရန် အကြံပြုပါကြောင်း ရေးထားသည်။

စိတ်အားပျက်လိုက်သည်မှာ တစ်ကိုယ်လုံး အရိုးပျော့ရောဂါရသွားသလို ခံစားရသည်။ ရင်ထဲမှာလည်း နာကျင်ရသည်။ သူက ကြိုးစားတောင်ကြည့်ပေးသေးသည်။ မေတ္တာစိတ်လုံးဝမဖြစ်ပါဆိုသော သူ့ရင်ထဲမှ ခံစားချက်ကို မောင်ငြိမ်းချမ်း ဝမ်းနည်းစွာနားလည်လိုက်ပါသည်။ သည်ဘဝအတွက်တော့ မောင်ကြီးလက် လျှော့နေလေတော့ဆိုသောသဘောဖြစ်သည်။ စာဆက်ရေးဖို့ပင် အားပျက်သွားမိသည်။

ထိုအချိန်တွင် မြန်မာစာအသင်းက ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှ ရွှေစာရံစေတီသို့ ပျော်ပွဲစားခရီးထွက်သည်။ အနော်ရထာနှင့် ရှင်မွန်လှတို့၏ ကြေကွဲစရာလွမ်းဇာတ်၏ အထိမ်းအမှတ်ဘုရား။ မောင်ငြိမ်းချမ်းရင်ထဲမှာ အလွမ်းတွေနှင့် ဝေနေသည်။

ထိုပျော်ပွဲစားခရီးသို့ မို့မို့လည်း သူ့သူငယ်ချင်းများနှင့်အတူ လိုက်ပါလာသည်။ စခန်းချရာ သရက်ပင် တောအုပ်မှ ရွှေစာရံဘုရားဆီသို့ မောင်ငြိမ်းချမ်းလျှောက် သွားသောအခါ သူငယ်ချင်းနှစ်ယောက်နှင့်အတူ ရွှေစာရံဘုရားမှ ပြန်လာသော မို့မို့တို့နှင့် လမ်းမှာဆုံသည်။နွဲ့နွဲ့လေးယဉ်ကျေးစွာလျှောက်သော မို့မို့ကို အဝေးမှပင် သတိထားမိသည်။ ကြိုးစားကြည့်သည်ပင် ကိုယ့်ကိုလုံး၀ မေတ္တာစိတ်မဖြစ်ပါဆိုသော  မိန်းကလေး။ ရင်ထဲမှာ နာကျင်စွာခံစားရသည်။ သူ့ကိုမကြည့်တော့ဘဲ ခေါင်းငုံ့၍ ရှောင်ခဲ့သည်။ သြော်...ပင်ပန်းဆင်းရဲသော အလွမ်းဝေဒနာ။ ထမင်းစားပြီး၍ ပါဆယ်ဂိမ်းကစားကြသောအခါ မြန်မာစာ အသင်းအတွင်းရေးမှူးဖြစ်သော မောင်ငြိမ်းချမ်းက ပထမဆုံးပါဆယ်ထုပ်ရသည်။ ဖွင့်ဖောက်လိုက်သောအခါ-

“သီတာဒေဝီကဲ့သို့   ချစ်စဖွယ်အလှသွေးကြွယ်သော မိန်းကလေးကို ရွေးချယ်ပေးပါ”ဟု ရေးထားသည်။

နှစ်ခါစဉ်းစားစရာမလိုပါ။ နှစ်ယောက်မရှိ တစ်ယောက်တည်းပါ။ မို့မို့ထိုင်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ မို့မို့သာမက သူ့သူငယ်ချင်းများပါ ခေါင်းငုံ့ထားကြသည်။ အခန်းဖော်ထွေးထွေး တစ်ယောက်သာ မောင်ငြိမ်း ချမ်းကို တင်းမာသောအကြည့်နှင့် ဟန့်တားနေသည်။

အားလုံးစိတ်ဝင်စားနေကြသည်။ မောင်ငြိမ်းချမ်းဘယ်သူ့ကို ပေးမည်နည်း။ ပေးမှာစိုး၍ ခေါင်းငုံ့နေသော ရှက်တတ်လွန်းသည့်မိန်းကလေး။ ကိုယ့်ကို လုံးဝစိတ်ဝင်စား၍မရသော မိန်းကလေးကိုမပေးချင်တော့ပါ။ အလာခရီးမှာ ကျေးဇူးရှင်ဆရာမကြီး ဒေါ်မိမိလေးနှင့်အတူ ကားစီးခဲ့ရာ ထိုဘတ်စကားပေါ်မှာပါလာသော မိန်းကလေးတစ်ယောက်ကို ဆရာမကြီးကညွှန်ပြသည်။ ဖြူဖြူနုနုချောချောလှလှလေး ပထမနှစ်ကျောင်းသူမို့   အသက်ကလည်း ငယ်သေးသည်။

“သဘောမကျဘူးလား...ချစ်သူမရှိသေးရင် အဲဒီမိန်းကလေးကို ရွေး...”

တက္ကသိုလ်မှာ ဘဝအဖော်ရသွားစေချင်သော ဆရာမကြီးက ခပ်တိုးတိုးလေးအကြံပေးသည်။ မောင်ငြိမ်းချမ်း ဆုံးဖြတ်လိုက်ပါသည်။ ပါဆယ်ထုပ်ကို ထိုမိန်းကလေးထံ သွားပေးလိုက်သည်။ ပြုံးပြုံးလေး ပါဆယ်ထုပ် လက်ခံယူသော မိန်းကလေးကိုကြည့်ပြီး အားလုံးသဘောကျစွာ လက်ခုပ်သြဘာပေးကြသည်။

ပါဆယ်ဂိမ်းကစားသည့် ကာလတစ်လျှောက်လုံး ထိုမိန်းကလေးထံသို့ ပါဆယ်ထုပ် လေးခါပြန်ရောက်သည်။ ထိုမိန်းကလေးသည် ပျော်ပွဲစားခရီးစဉ်၏ အလှမယ်ကြယ်တစ်ပွင့်ဖြစ်သွားသည်။ မောင်ငြိမ်းချမ်းကိုလည်း လှပသော မိန်းကလေးကို မြင်တတ်ပေသည်ဟု သူငယ်ချင်းများကချီးကျူးကြသည်။

 ဆက်လက်ဖော်ပြပါမည်။