ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၉၉)
မိသားစု၊ ဇနီး၊ သားသမီးများနှင့် နောက်ဆုံးအချိန် ကလေးတွင် ပျော်ရွှင်ယုယစွာနေထိုင်လျက်ရှိကြသည်ကို ကြေကွဲဖွယ်တွေ့မြင်ရသည်။
ခါမိခါဇေနှင့် တိုက်လျှင် အောင်မြင်မည်ဆိုသည့် ယုံကြည်ချက် မှားသည်၊မှန်သည်ဟု မဝေဖန်လိုပါ။ နိုင်ငံတော်က အလိုရှိလျှင် အသွေးကိုလည်းကောင်း၊ အသားကိုလည်းကောင်း၊ အသက်ကိုလည်းကောင်း ပေးလှူရန်အသင့်ရှိပါသည်ဆိုသည့် စိတ်ဓာတ် ကိုတော့ ချီးကျူးထိုက်လှပါသည်။
ဂျပန်ဘုရင့်စစ်တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ဗမာ့တပ်မတော်မှမြန်မာဗိုလ်လောင်းများအနေနှင့် ခါမိခါဇေ ခေါ် ထော့ကောတွေကို အားကျသည်။
အမိနိုင်ငံအတွက် သူတို့လိုအသက်ပေးလှူလိုကြသည်။ ဒီလိုအခွင့်အရေးမျိုး တစ်နေ့တွင်ရမှာပဲဟု ထိုစဉ်က အတွေးကိုယ်စီရှိခဲ့ကြသည်။
ဗိုလ်လောင်းတင်အောင် ထော့ကောဖြစ်လာခြင်း
၁၉၄၅ ခုနှစ် ဗမာ့တပ်မတော်က ဖက်ဆစ်များကို တော်လှန်တိုက်ခိုက်ချိန်တွင် ဂျပန်ဘုရင့် စစ်တက္ကသိုလ်တွင် ဗမာ့တပ်မတော်မှ ပထမပတ် မြန်မာဗိုလ်လောင်း၃၀ ယောက်၊ ဒုတိယပတ် မြန်မာဗိုလ်လောင်း ၃၀ ယောက်၊ ဒုတိယပတ် လေတပ်ပညာသင် မြန်မာဗိုလ်လောင်း ၁၀ ယောက်နှင့်တတိယပတ် ဗိုလ်လောင်းနှစ်ယောက်ရှိနေကြသည်။ ယင်းဗိုလ်လောင်းများသည် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ အထူးတာဝန်တစ်ရပ်အနေဖြင့် စစ်ပညာများကို ဂျပန်ပြည်တွင် သင်ကြားနေရခြင်း ဖြစ်သည်။ တော်လှန်ရေးလုပ်မည်ကို ဂျပန်တွေမရိပ်မိအောင်၊ ဗမာ့တပ်မတော်အပေါ် ဂျပန်တွေ ယုံကြည်အောင် ဗိုလ်လောင်းများကို ဂျပန်တွေလက်ထဲ ဝကွက်၍ အပ်ထားခြင်းဖြစ်သည်။ ဂျပန်တို့ ဖမ်းလိုက ဖမ်း၊ သတ်လိုက သတ်နိုင်သောအခြေအနေတွင် ရှိသည်။
တစ်ရက်တွင် အဓိပတိဒေါက်တာဘမော် တိုကျိုမြို့သို့ရောက်ရှိလာပြီး တိုကျိုမြို့တွင် စစ်တက္ကသိုလ်မြန်မာ ကျောင်းသားများအား အမောင်တို့အတွက်ကျုပ်ပြေးခဲ့ရပြီ အစချီကာ အားပေးစကားပြောကြားခဲ့သည်။ အဓိပတိက အဖနိုင်ငံအတွက် စွန့်စွန့်စားစားလုပ်ကြရန်၊ စိတ်ဓာတ်မကျစေရန် အားပေးစကား ပြောကြားခြင်း ဖြစ်ပါသည်။ ဗိုလ်လောင်းများကိုယ်စား ဗိုလ်လောင်းလှမော်က နိုင်ငံအတွက် စွန့်စွန့်စားစားလုပ်ကိုင်မည်ဖြစ်ကြောင်း ကတိပြုစကားကို ပြန်လည်ပြောကြားခဲ့ပါသည်။
ဂျပန်လူမျိုးများသည် ခါမိခါဇေ(ခေါ်)ထော့ကောတပ်ဖွဲ့ဝင်များ၏စွန့်စားမှုအတွက် ဂုဏ်ယူလျက်ရှိကြပါသည်။ စစ်တက္ကသိုလ်ကျောင်းမှ ဆရာများသည် မြန်မာဗိုလ်လောင်းများကို ကမ္ဘာတွင် ဂျပန်လူမျိုးသည် သတ္တိအရှိဆုံး၊ စည်းကမ်းအရှိဆုံး ဖြစ်သည်ဟု အမြဲလိုပင် ပြောလေ့ရှိပါသည်။ ဗိုလ်လောင်းများတွင် အပြစ်တစ်စုံတစ်ရာတွေ့ရှိလျှင် မင်းလိုကောင်မျိုး ခါမိခါဇေ(ထော့ကော)ဖြစ်ဖို့ ဝေးသေးတယ်စသည်ဖြင့် မခံချင်အောင်ပြောလေ့ရှိပါသည်။
၁၉၄၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် မြန်မာဗိုလ်လောင်းများ အိုဆာကာဘက်သို့ ဒိုရှိကင်းကကု ခေါ် လေ့လာရေးခရီးထွက်ရပါသည်။ တစ်ရက် စုစုနော်ကိမာဆာရှိကေးနတ်ကွန်းကို အလေးပြုအပြီး တန်းစီစစ်ဆေးရာတွင် မြန်မာကျောင်းသားဗိုလ်လောင်းများတန်းစီရာ၌ နောက်ကျသူများရှိခြင်း၊ ညီညာမှုမရှိခြင်းတို့ကို အကြောင်းပြု၍ အမြောက်သင်တန်းဆရာ ဗိုလ်မှူးဖူရုကာဝါက မင်းတို့စည်းကမ်းမရှိဘူး၊ ဘယ်တော့မှခါမိခါဇေမဖြစ်နိုင်ဘူးစသည်ဖြင့် ဆူပူကြိမ်းမောင်းပါသည်။
ခါမိခါဇေနှင့်နှိုင်းပြီး ကျွန်တော်တို့ကို ဆူပူကြိမ်းမောင်းခံခဲ့ရပေါင်း မနည်းတော့ပါ။ ကျွန်တော်တို့အနေနှင့် ခါမိခါဇေတွေလို အမိနိုင်ငံအတွက် စွန့်စွန့်စားစားဗမာ့သတ္တိကိုပြရန် အခြေအနေကမပေးသေးပါ။ ဂျပန်ဆရာများပြောစကားကို မခံချင်ကြသော်လည်း ဘာမှမတတ်နိုင်ကြပါ။
ဗိုလ်မှူးဖူရုကာဝါ စကားပြောအပြီးတွင် ကျွန်တော်တို့ မြန်မာဗိုလ်လောင်းထဲမှ ဗိုလ်လောင်းတင်အောင်သည် တန်းစီနေသည့် အတန်းထဲမှ ရှေ့သို့တစ်လှမ်းတက်ကာ သူထော့ကောဘူးတိုက်သို့ ဝင်မည်၊ ဗုံးတပ်ဆင်ထားသည့် လေယာဉ်ပျံဖြင့် အမေရိကန် စစ်သင်္ဘောထဲသို့ လေယာဉ်ရောလူပါထိုးချပြီး အသေခံတိုက်ခိုက်မည်၊ ခွင့်ပြုချက်မရမချင်း အစာလုံးဝမစားတော့ဘဲ အစာငတ်ခံမည်ဖြစ်ကြောင်း မိမိခန္ဓာနှင့်အသက်ကိုရင်း၍ ဗမာ့သတ္တိကိုပြရန် ကြေညာတောင်းဆိုလိုက်ပါသည်။
ဒိုရှိကင်းကကုအတွင်း ဗိုလ်လောင်းရဲဘော်တင်အောင်လုံးဝအစာမစားတော့ပါ။ ရဲဘော်များက ဖျောင်းဖျကျွေးသော်လည်းမရ၊ ဆရာများက ဖျောင်းဖျကျွေးသော်လည်းမရ စစ်တက္ကသိုလ်ရှိ ရာဇာမသို့ ပြန်ရောက်ပြီး ၅ ရက်မြောက်နေ့တွင် ဆေးရုံတင်လိုက်ရပါသည်။
ဆက်လက်ဖော်ပြပါမည်။