ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၀၀)

    ရဲဘော်တင်အောင် အစာစားရန် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး အူရှိဂျီးမား ကိုယ်တိုင် ဆေးရုံသို့လာရောက်၍ ဖျောင်းဖျပြီး အစာကျွေးသည်။ ရဲဘော်တင်အောင် လုံးဝမစားပါ။

မြန်မာသံအမတ်ကြီး ဦးသိမ်းမောင် လာပြောသည်။ မရပါ။ မစားပါ။စစ်သံမှူး ဗိုလ်မှူးကြီးစကြာ ကိုယ်တိုင် လာရောက်သည်။ ဗိုလ်မှူးကြီးစကြာက”မင်းဘယ်သူ့အတွက် လုပ်နေတာလဲ။ မင်းအသေခံလို့ မြန်မာပြည်အတွက် အကျိုးရှိမလား၊ အစာငတ်ခံလို့သေသွားရင် တိုင်းပြည်အတွက် ဆုံးရှုံးမယ်၊ တိုင်းပြည်အတွက် အကျိုးရှိအောင် တိုက်ပွဲဝင်ပြီး အသေခံပါ”ဟု ဆုံးမစကားပြောကြားပြီး အစာများကို အတင်းကျွေးမှ အစားအစာများကို စတင်၍ စားပါတော့သည်။ထိုအချိန်မှစ၍ ရဲဘော်တင်အောင်ကို ကျွန်တော်တို့ရဲဘော်က “ထော့ကော” ဟု အမည်ပေး ခေါ်ဝေါ်လိုက်ကြပါသည်။

သူ့လုပ်ရပ်များကို အချို့က မိုက်ရူးရဲဆန်သည်ဟု ပြောကြသည်။ အချို့ကလည်း ဗမာ(မြန်မာ)တွေလည်း  သူတို့လို စွန့်စားရဲသူတွေရှိတာ ဂျပန်တွေ သိသွားလို့  ကောင်းတယ်ဟု ပြောကြသည်။ ရဲဘော်တင်အောင်ကတော့ “ကျွန်တော့်ရည်ရွယ်ချက်က ဂျပန်ပြည်ကို ကယ်တင်ဖို့မဟုတ်ပါဘူး။ မြန်မာ့သတ္တိကို သိအောင်စိန်ခေါ်လိုက်တာပါပဲ။ ကျွန်တော်တို့မြန်မာပြည်အတွက် အကျိုးရှိမယ်ဆိုရင် ကျွန်တော့် အသက်အသေခံရဲပါတယ်” ဟု ပြောခဲ့သည်။

ရဲဘော်တင်အောင်ကို ၁၂၈၃ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက် (၂၃-၁၀-၁၉၂၁)တွင် ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ မရမ်းရွာ၌ မွေးဖွားခဲ့သည်။ ယခု ၁၉၈၄ ခုနှစ်တွင် အသက် ၆၃ နှစ်ရှိပါပြီ။ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ရန်ကုန်မြို့ထဲမှ ဝင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေး တပ်မတော်ဖွဲ့စည်းရာတွင် ပျဉ်းမနား သစ်တောကျောင်း၊ တပ်ရင်း (၃) သို့ ရောက်သွားသည်။ တပ်ရင်း (၃) မှ ဗိုလ်ရန်အောင်၏ တပ်ရင်း(၆)သို့ ပြောင်းရွှေ့ခဲ့ရပြီး တပ်ရင်း(၆)မှ မင်္ဂလာဒုံဗိုလ်သင်တန်း ဒုတိယအပတ်သို့    တက်ရောက်ခဲ့သည်။ မင်္ဂလာဒုံဗိုလ်သင်တန်းမှ အောင်မြင်ပြီး ဂျပန်ဘုရင့် စစ်တက္ကသိုလ်သို့ ပညာသင်ကြားရန် အရွေးခံရသည်။ ဂျပန်ဘုရင့်စစ်တက္ကသိုလ်မှ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် ကျောင်းဆင်းခဲ့ပြီး ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရသည်။ ဗမာ့မျိုးချစ်တပ်မတော်ကို ဖျက်သိမ်းပြီး ၁၉၄၆ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သော ဗမာ့တပ်မတော်တွင် ပြန်တမ်းဝင် မရရှိတော့ပါ။

“ဂျပန်ပြည်ကို စစ်ပညာသင်ဖို့ သွားတာ စွန့်စားမှုလို့ခေါ်နိုင်ပါတယ်။ တော်လှန်ရေး လုပ်မယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းက ပြောလိုက်လို့ ကျွန်တော်တို့ သိကြပါတယ်။

ပြန်လမ်းမရှိမှန်း သိလျက်နဲ့ ပေးအပ်တဲ့ တာဝန်အရသွားကြတဲ့ ကျွန်တော်တို့ ရဲဘော်အားလုံး နိုင်ငံ့တာဝန်ကို ထူးထူးခြားခြား စွန့်စွန့်စားစား ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ စွန့်စားမှုအတွက် ရရှိမယ့် အကျိုးခံစားခွင့်၊ ဆုလာဘ်တွေကို မမျှော်မှန်းခဲ့ပါဘူး။ ဒါတွေက ကုသိုလ်ကံကောင်းမှ ခံစားနိုင်မှာပါ။ သတ္တိရှိတဲ့သူတိုင်းလည်းသတ္တိပြဖို့ အခွင့်အရေး ရချင်မှရမယ်။

သတ္တိမရှိသူတွေလည်း  ဒီအခွင့်အရေးမျိုး ကြုံချင်ကြုံပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ တာဝန်ကျေခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ သားတွေ၊ မြေးတွေ၊ မြစ်တွေ တိုင်းပြည်အတွက် စွန့်စားနိုင်ကြပါစေ” ဆောက်လုပ်ရေး ကော်ပိုရေးရှင်း ပြည်သူ့လွှတ်တော် ဆောက်လုပ်ရေးစခန်းတွင် နေ့စားပစ္စည်းစောင့် တာဝန်ထမ်းဆောင်နေသော ညှိုးနွမ်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဦးတင်အောင်က ရီဝေမှေးမှိန်သော မျက်လုံးများဖြင့် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ကာ ဤသို့ပြောခဲ့ပါသည်။

ဆရာ့အသံ

ချယ်ရီမဂ္ဂဇင်းတွင် ဗိုလ်မှူးကြီးတင်မောင် ရေးသားသည့် “အမေ့အသံ” ကို ဖတ်ရသောအခါ ကျွန်တော်   ဒုတိယအကြိမ် စိတ်မကောင်းဖြစ်ရပြန်ပါသည်။ ကျွန်တော်တို့ ဂျပန်ပြန်ရဲဘော်ဟောင်းတွေ ဂျပန်ဘုန်းကြီး တနာကာနှင့် မတွေ့ဆုံကြမီလေး၊ ငါးရက်က တနာကာစန်သည် ဗိုလ်မှူးကြီးမြသောင်းနှင့်အတူ ကျွန်တော့်ရုံးခန်းသို့ ရောက်လာကြပါသည်။

တနာကာစန်သည် ဂျပန်ဘုရင့်စစ်တက္ကသိုလ်တွင် ကျွန်တော်တို့ မြန်မာပထမအပတ် ကျောင်းသားများနှင့်အတူ အမှတ်စဉ် (၅၇) တက်ရောက်အောင်မြင်ခဲ့သူဖြစ်ပါသည်။ ကျွန်တော်တို့က မြန်မာဒုတိယ အပတ်ဖြစ်ပြီး အမှတ်စဉ် (၅၈)သို့ တက်ရောက်ကြရသည်။     စစ်ပြီးခေတ် သူမြန်မာပြည်ရောက်သည့်အခါတိုင်း ဗိုလ်မှူးကြီးမြသောင်းက ကျွန်တော့်ထံ ခေါ်လာလေ့ရှိပါသည်။

တနာကာစန်က ဂျပန်စစ်တက္ကသိုလ် တက်ခဲ့ကြသော မြန်မာပထမအပတ်နှင့် ဒုတိယအပတ်ကျောင်းသားများကို တွေ့လိုပါသည်။ ထမင်းလည်းကျွေးပါမည်။

ဆရာဟောင်း၊ မိတ်ဆွေဟောင်းများထံက နှုတ်ခွန်းဆက်စကားများလည်း ကြားရပါမည်။ ထို့ကြောင့် အသက်ထင်ရှား ရှိနေသူများကို ဖိတ်ပေးပါရန်   မေတ္တာရပ်ခံပါသည်။ ကိုမြသောင်းက “လုပ်နိုင်ကိုင်နိုင်သူကတော့ မင်းပဲရှိတယ်၊ မင်းက နိကိဆေ့(ဒုတိယအပတ်) ကို တာဝန်ယူပါ၊ ငါကအိကိဆေ့(ပထမအပတ်) ကို တာဝန်ယူမယ်” ဟု ပြောပါသည်။ ဟုတ်ပါသည်။

ကျွန်တော်က ရုံးကားလေး သုံးနိုင်သည့် အခွင့်အရေးရှိနေပါသေး၍ အဆင်နည်းနည်း ပြေပါသည်။ နောက်နှစ်ဆိုလျှင် ကျွန်တော်  လမ်းလျှောက်ရမည့် လမ်းပေါ်ကလူ ဖြစ်ရပါတော့မည်။ ဒီလိုမိတ်ဆုံပွဲမျိုးကို တက်ရောက်ရန် အခြေအနေပေးသူမှာ ပထမအပတ် ၁၂ ယောက်ခန့်နှင့် ဒုတိယအပတ်မှ ၂၅ ယောက်ခန့်သာ ကျန်ပါတော့သည်။ ကိုမြသောင်းက ပထမအပတ်ကို တာဝန်ယူမည်ဆိုသော်လည်း သူ့ကို ကျွန်တော်စိတ်မချပါ။ သူကမျက်စိမကောင်းပါ။ စာဖတ်လျှင် တစ်လုံးတည်းသာ ရှိသော မျက်လုံးဖြင့် စာကို  မျက်နှာနှင့် တစ်လက်မလောက်ကပ်ပြီး ဖတ်နေရသူဖြစ်သည်။ တစ်ကိုယ်လုံး နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ရရှိထားသည့်ဒဏ်ရာ ဒဏ်ချက်များနှင့်ပြည့်နေသော ဆေးအဆင့် ဂိလာနဖြစ်သောကြောင့်   ကားမောင်းနိုင်ပါ့မလားဟု စိတ်ပူမိသည်။

ဆက်လက်ဖော်ပြပါမည်။