ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၁၀၁)
ငါ့အတွက် မပူပါနဲ့၊ တို့ဂျပန်ပြန်တွေဟာ ဘဝမျိုးစုံကြုံခဲ့ရသူတွေပါ။ ဆင်းရဲ ဒုက္ခအမျိုးမျိုးခံခဲ့ကြတယ်။ အငတ်ငတ်အပြတ်ပြတ်နေခဲ့ကြရတယ်။ အမေရိကန်သုံ့ပန်းလည်း ဖြစ်ခဲ့ကြတယ်။ အမိနိုင်ငံပြန်ရောက်တော့လည်း ဝတ်ရတဲ့ယူနီဖောင်း ကလေးတွေက လှပါရဲ့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆိုတာလို ဘယ်သူကမှ ပေးကမ်းစွန့်ကြဲချင်ကြတာ မဟုတ်ပါဘူး။
လောင်းဝစ်စ်လမ်းက ပြည်သူ့ရဲဘော်ဌာနချုပ်မှာ ထမင်းကပ်ပြီးစားခဲ့ကြရတယ်။
မုန့်ဖိုးလေးရအောင် နေသူရိန်ရုံကြီးမှာ ကျင်းပတဲ့ အလေးမပြိုင်ပွဲမှာ မောင်သောင်း(ပိုက်လုံး)က အလေးဝင်မပြီး ဆုငွေငါးရာရလို့သာ ရဲဘော်တွေ ဝေငှစားခဲ့ကြရတယ်မဟုတ်လား။ ဆင်းရဲဒုက္ခကို ငါမကြောက်ပါဘူး။ ငါတာဝန်ယူနိုင်တဲ့အပိုင်းကို တာဝန်ယူမယ်။ ငါ့မှာ လုပ်နိုင်တဲ့အင်အားတွေစိတ်ဓာတ်တွေ ကျန်ပါသေးတယ်။ မင်းကလက်ရှိအလုပ်လက်ကိုင်ရှိနေသေးလို့ ဂျပန်ပြန်တွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးနိုင်တယ်။ အခုလို ရဲဘော်ဟောင်းတွေပြန်တွေ့ရမယ့် မိတ်ဆုံပွဲဖြစ်မြောက်ဖို့အတွက် လုပ်နိုင်ကိုင်နိုင်သေးတဲ့ မင်းနဲ့ငါက ဝိုင်းလုပ်ကြတာပေါ့ဟု ကိုမြသောင်းက ပြောပါသည်။
မိတ်ဆုံပွဲလေးက အဆင်ပြေပြေဖြစ်သွားပါသည်။ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး အူရှိဂျီးမား၏ ဇနီးက ကက်ဆက်တစ်ခွေဖြင့် သွင်းပေးလိုက်သောအသံကို ကြားရသောအခါ ကျွန်တော်တို့အားလုံးစိတ်မကောင်းပါ။ ကျောင်းအုပ်ကြီးသည် ကျွန်တော်တို့မြန်မာကျောင်းသားတွေကို ချစ်သည်၊ သံယောဇဉ်များစွာရှိခဲ့သည်။
သူသည် နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ပြီဖြစ်သော်လည်း သူ့ဇနီးအမေက ကျွန်တော်တို့ကို မမေ့သေး၊ ချစ်နေဆဲသံယောဇဉ်ရှိနေဆဲဆိုတာသိရ၍ ဝမ်းသာဝမ်းနည်းဖြစ်ကြရသည်။
အမေ့အသံကိုကြားရပြီးနောက် မကြာမီရက်အတွင်းမှာပင် ဗိုလ်မှူးကြီးမြသောင်းကကျွန်တော့်ထံသို့ ကက်ဆက်တစ်ခွေပို့လိုက်သည်။ မင်းတို့ရဲ့ ဆရာဟတကမင်းတို့ နိကိဆေ့တွေကို နှုတ်ခွန်းဆက် လိုက်တာပဲဟု ပြောသည်။
ဆရာဟတဆိုသည်မှာ ကျွန်တော်တို့ ဂျပန်ခေတ် မင်္ဂလာဒုံ ဒုတိယပတ်ဗိုလ်သင်တန်းတက်စဉ်က တပ်ခွဲ(၂)စက်သေနတ်ကြီးတပ်စုကို တာဝန်ယူသင်ကြားရသော ဆရာဖြစ်ပါသည်။ ကျွန်တော်လည်း စက်သေနတ်ကြီးတပ်စုတွင် ရှိနေသဖြင့် ဗိုလ်ဟတသည် ကျွန်တော့်ဆရာအရင်းဖြစ်ပါသည်။
ဆရာဟတ၏ကက်ဆက်ခွေကိုနားထောင်ရန် ကျွန်တော်သီးသန့်အချိန်ယူရပါသည်။
အဓိပ္ပာယ်အပြည့်အစုံနားလည်သိရှိပြီး အရသာခံလိုသည်။ လွန်ခဲ့သည့် အနှစ် ၄၀ ကျော်က ကျွန်တော်တို့ဆရာ အခု ကျွန်တော်တို့ကို ဘာပြောချင်သလဲဆိုတာ သိချင်သည်။
ဆရာ့အသံက လွန်ခဲ့သည့်အနှစ် ၄၀ ကျော်ကအတိုင်းပဲ ဖြစ်ပါသည်။ ဆရာလုပ်စဉ်ကအတိုင်း လေသံက ခပ်မာမာ ခပ်ပြတ်ပြတ်၊ ဆရာပြောသည့်စကားများတွင် ဂန်ပတ်တေးဟု ခဏခဏပါသည်။ အဓိပ္ပာယ်ကတော့ တောင့်ထား၊ သို့မဟုတ် ဇွဲ ရှိကြ၊ သည်းခံကြ၊ အရာရာကို စွန့်လွှတ်ကြဟူ၍ ဖြစ်ပါသည်။
မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်လွတ်လပ်ရေးရအောင် ဇွဲသတ္တိအပြည့်အဝနဲ့ လုပ်ခဲ့ကြတယ်။ အခုလည်း လွတ်လပ်ရေးတည်တံ့ခိုင်မြဲအောင်၊ တိုင်းပြည်ကောင်းအောင် လုပ်နေကြတုန်းပဲဆိုတာသိရလို့ ဝမ်းသာတယ်။ ဂန်ပတ်တေး ငါဟာ ဘီရုမာခန်းဘုဂေါဟောဆေ့တိုက် (မြန်မာနိုင်ငံဗိုလ်သင်တန်းကျောင်း)မှာ
ပထမပတ်၊ ဒုတိယပတ်၊ တတိယပတ်၊ စတုတ္ထပတ်အထိ ဆရာအနေနဲ့ သင်ကြားပေးခဲ့တယ်။ ဆူပူကြိမ်းမောင်းခဲ့တာရှိခဲ့တယ်။ ငါ့အနေနဲ့ မင်းတို့ကို ကောင်းစေချင်တဲ့ နှလုံးသား(ခိုခိုရိုး)ထဲက မေတ္တာစေတနာတွေနဲ့ သင်ကြားခဲ့တယ်။ ဆုံးမခဲ့တယ်။
မင်းတို့စိတ်ထဲက ငါ့ကို လူဆိုးကြီး၊ သိပ်မကောင်းတဲ့လူကြီးလို့ ထင်ခဲ့ကြမှာပဲ၊ အခုအချိန်မှာတော့ မင်းတို့သဘောပေါက်နားလည်ကြပြီး ခွင့်လွှတ်ကြလိမ့်မယ်လို့ မျှော်လင့်တယ်။
ဂန်ပတ်တေး
ငါ့တပည့်တွေအားလုံးကို သံယောဇဉ်ရှိနေတယ်။ သတိလည်းရပါတယ်။ တတိယပတ်က ဗိုလ်မှူးကြီးထွန်းစိန် ဂျပန်ပြည်ကို စစ်သံမှူးနဲ့ရောက်လာတုန်းက သူနဲ့သူ့ဇနီးတို့က တကာဟာရှိနဲ့ ငါ့ကို သူ့အိမ်ဖိတ်ပြီး ကျွေးမွေးပြုစုကြတယ်။ ဝမ်းသာဝမ်းနည်းဖြစ်ပြီး မျက်ရည်တောင်ကျမိပါတယ်။ ကျေးဇူးတင်တယ်။ နှလုံးသားထဲက ဘယ်တော့မှ မေ့ပျောက်လို့ရမှာ မဟုတ်ပါဘူး။
မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း ဒုတိယပတ်က ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်တက်ဖို့ ခြေလျင်တပ်အတွက် ၂၀ ယောက်၊ အမြောက်တပ်အတွက် ၁၀ ယောက်၊ လေတပ်အတွက် ၁၀ ယောက်ကို ရွေးချယ်ခဲ့ပြီး အထူးလေ့ကျင့်ရေးသင်တန်း(ထော်ခုဘေးစု) တွေပေးခဲ့တယ်။ ကျောင်းသား ၃၀၀ ကျော် ရှိတဲ့အထဲက အကောင်းဆုံး လူ ၄၀ ကို ရွေးခဲ့တာပဲ။ အကောင်းဆုံး လူ ၄၀ ပါ သွားတယ်လို့ မဆိုလိုဘူး။ ရွေးထားတဲ့အထဲ က လူကောင်းသုံး၊ လေးယောက်လောက် ကျန်းမာရေးအကြောင်းပြပြီး မလိုက်ကြဘူး။
ဒါ့ကြောင့် သူတို့အစား ထပ်ပြီးရွေးပေးရတယ်။ တို့ကို ပြန်ချဖို့ အစီအစဉ်တွေရှိတယ်ဆိုတာ မင်းတို့သိနေကြတယ် မဟုတ်လား။ လိုက်သွားသူတွေလည်း သိကြတယ်။
ဒါပေမဲ့ တိုင်းပြည်ကပေးတဲ့တာဝန်၊ ဘယ်လိုတာဝန်မျိုးကိုမဆို ထမ်းဆောင်ရမယ်ဆိုတာ သူတို့ သဘောပေါက်ကြတယ်။
မင်းတို့ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ တို့သင်ကြားပေးခဲ့တဲ့ ယာမတိုထမရှိ ဆိုတဲ့ ဂျပန်ပြည်သူ့ သူရဲကောင်းစိတ်ဓာတ်၊ တိုင်းပြည်အတွက် တာဝန်ပေးရင် မီးထဲခုန်ချဆိုလည်း ခုန်ချမယ်။ ရေထဲခုန်ချဆိုလည်း ခုန်ချမယ်ဆိုတဲ့ ဇေးရှင်း(စိတ်ဓာတ်)ရှိကြတာက အများကြီး ချီးကျူးလိုတယ်။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ တိုက်ပွဲဝင်ခဲ့လို့လည်း နိပွန်တပ်မတော်ကြီးကို နိုင်ခဲ့တာပဲ။ ဆက်လက်ဖော်ပြပါမည်။