ကိုယ်နှင့်သက်ကိုနှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကိုနှင်းဆက်အပ်မည်

အမှတ်စဉ်(၁၀၂)

“ဂန်ပတ်တေးကူဒါဆိုက်” လေတပ်အတွက်  ၁၀  ယောက်ကို ဗိုလ်ဝါတနာဘေးက ဂျပန်ပြည်အထိ လိုက်ပို့ရတယ်။ ကျန်တဲ့လူ ၃၀ ကိုတော့ ငါ ဟတချူးအီက တာဝန်ယူပြီး ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်အထိ  ပို့ခဲ့ရတယ်။

မသွားခင် နိပွန်တပ်မတော်က အကြီးအကဲတွေနဲ့ ဗမာ့တပ်မတော်က  ဗိုလ်ချုပ်အောင်ဆန်းကို ငါကိုယ်တိုင်ခေါင်းဆောင်ပြီး သွားရောက် သတင်းပို့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ့အိမ်မှာ ထမင်းကျွေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သြဝါဒမိန့်ခွန်းတွေပြောတယ်။ ငါနားမလည်လို့ ဘာပြောတယ်ဆိုတာ မသိပါဘူး။ ဒါပေမဲ့မင်းတို့ကို  အရေးကြီးတဲ့ တာဝန်တွေပေးနေတယ်လို့တော့ ရိပ်မိတယ်။

ငါ ဒုတိယအပတ် လူ ၃၀ကို ခေါင်းဆောင်ပြီး ရန်ကုန်က မီးရထားနဲ့ထွက်ခဲ့တယ်။ သထုံရောက်တော့ မိုးလင်းနေပြီ။ ရန်သူ လေယာဉ်ပစ်ခတ်လေ့ရှိလို့ ရထားကို ရပ်ထားရတယ်။ သထုံမှာ အဖွဲ့ဝင်ကျောင်းသားထဲက ဖေစိန်ဂေါကော့ဆေ့အိမ်က အရသာရှိတဲ့ထမင်းဟင်းတွေ ကျွေးတယ်။ ကျေးဇူးတင်တယ်။ သထုံက ညနေမှ ရထားထွက်ရတယ်။ မုတ္တမရောက်တော့ မိုးချုပ်နေပြီ။

မော်လမြိုင်ဘက်ကိုရောက်တော့ အနီးအနားမှာရှိတဲ့ တိုက်တန်းလျား တစ်လုံးမှာ ညအိပ်ကြတယ်။ နောက်တစ်နေ့ နေ့လယ် ၂ နာရီ ထိုးလောက်မှာ မော်လမြိုင်ဘူတာရုံကိုခြေကျင်ချီတက်ကြတယ်။ ညနေ ၄ နာရီလောက် ရထားထွက်တယ်။ ရထားလမ်းဟာ နိပွန်တပ်မတော်က တောတောင်လျှိုမြောင် ကမ်းပါးယံတွေနဲ့ မြစ်ချောင်းတွေကို ဖောက်ထွင်းဖြတ်ကျော်ပြီး ကတ်သတ်ဆောက်ထားတဲ့ လမ်းသစ်မို့ အန္တရာယ်သိပ်များတယ်။ ဒါ့ကြောင့် ဖြည်းဖြည်းပဲမောင်းတယ်။ ထိုင်းနိုင်ငံက ကန်ချနဘူရီကတစ်ဆင့် ဘန်ပွန်ဆိုတဲ့နေရာကို သုံးရက်မောင်းရတယ်။ လမ်းမှာ ဂျပန်တပ်စခန်းတွေက ထမင်းယူစားရပေမယ့် သူတို့မှာလည်း ရိက္ခာမလုံလောက်နဲ့ အမေရိကန်၊ အင်္ဂလိပ်နဲ့ ဒတ်ချ်စစ် သုံ့ပန်းတွေလည်း ကျွေးနေရတော့ တချို့စခန်းတွေမှာ တို့အတွက် ထမင်းမရလို့ ငတ်တဲ့အခါလည်းရှိတယ်။ စစ်သုံ့ပန်းတွေဆိုရင် လုံးဝမစားရတဲ့ အခါတွေရှိတယ်။

သူတို့နဲ့စာရင် တို့က အများကြီးတော်သေးတယ်လို့ တပည့်တွေကို ဆုံးမရတယ်။

ဘန်ပွန်မှာ တစ်ရက်၊ နှစ်ရက်လောက်နားပြီး စင်ကာပူအထိ ရထားနဲ့ပဲ မလေးရှား ကျွန်းဆွယ်ကိုဖြတ်ပြီး သွားရတယ်။ စင်ကာပူမှာ သင်္ဘောစောင့်ရတာ တစ်ပတ်လောက်ကြာတယ်။   ဂျပန်ပြည်ကိုဝင်ဖို့အတွက် တပည့်တွေအားလုံး   ဆေးစစ်ရတယ်။

အချိန်ရတဲ့အခါ တပည့်တွေကို စင်ကာပူကို ဂျပန်တပ်မတော် တိုက်စဉ်က တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေလိုက်ပြပြီး သင်ခန်းစာပေးတယ်။ များသောအားဖြင့်တော့ ခြေကျင်သွားကြရတယ်။ ကားတောင်းလို့ရတဲ့နေ့က ဂျဟိုးဘားရုကို လိုက်ပြတယ်။

စင်ကာပူမှာ တပည့်တွေ နားချိန်သိပ်မရကြဘူး။ နေ့ရောညရော အလုပ်လုပ်ကြရလို့ တချို့တပည့်တွေ သိပ်သဘောကျပုံမရဘူး။  မကျေနပ်ကြဘူး။ ဒါ့ကြောင့် ဆူပူကြိမ်းမောင်းရသေးတယ်။ စစ်သားဆိုတာ ဝမ်းနည်းတာ၊ ဝမ်းသာတာ၊ ငိုရတာ၊ ရယ်ရတာ ရှိပေမယ့်အဲဒီအတွက် အချိန်မပေးရဘူး။  စစ်တက္ကသိုလ်ရောက်ရင် မင်းတို့ ဒီထက်ပင်ပန်းဦးမယ်။ စစ်တက္ကသိုလ် ကျောင်းသားဆိုတာ ကိုယ့်အတွက် အချိန်နည်းနည်းပဲ ရမယ်။  ဘာမဆို  အချိန်နဲ့ အလုပ်လုပ်ရတယ်။ အမြဲတမ်းလှုပ်ရှား သွားလာလုပ်ကိုင် နေရလိမ့်မယ်။ အဲဒီကျရင် မင်းတို့အချိန်ရဲ့ တန်ဖိုးကို သိလာမယ်။

မင်းတို့ကို အလေ့အကျင့်ရအောင် လေ့ကျင့်ပေးနေတယ်ဆိုတာ သိထားကြလို့ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်မိတယ်။

စင်ကာပူက ဂျပန်အထိ “ ရော့ကိုယိုမာရု” ဆိုတဲ့သင်္ဘောနဲ့ သွားရတယ်။ သင်္ဘောတစ်စင်းတည်း မဟုတ်ဘဲ သင်္ဘောဆယ်စင်းလောက်ပါတဲ့ အုပ်စုနဲ့ သွားရတယ်။

ကြံကြံဖန်ဖန် တို့စီးတဲ့ ရော့ကိုယိုမာရု သင်္ဘောတစ်စင်းတည်းပဲ အင်ဒိုချိုင်းနား ကျွန်းဆွယ်လောက်မှာ ရေမြုပ်ဗုံးနဲ့ တိုးမိပြီး ပေါက်ကွဲသွားတယ်။ အဲဒီတုန်းက မင်းတို့အားလုံး သေကုန်ရင် တိုင်းပြည်အတွက် ဘာမှဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ တို့သင်္ဘောနားမှာ ဂျပန်ရေတပ်က ဖျက်သင်္ဘောကလေး တစ်စင်းပဲထားခဲ့ပြီး သင်္ဘောအုပ်စုကြီးက ဆက်သွားကြတယ်။ ဗုံးထိလို့ပေါက်သွားတဲ့ နေရာကို ယာယီဖာထေးကြတာ ၈ နာရီလောက်ကြာမှ ခရီးဆက်ထွက်နိုင်ခဲ့တယ်။ မနီလာကိုရောက်ပြီး သုံးရက်လောက်နားတယ်။ သင်္ဘောကိုလည်း ဆက်ပြင်တယ်။ မနီလာကထွက်ပြီး ထိုင်ဝမ်ကိုရောက်တော့ ကုန်တင်ကုန်ချ လုပ်ရတဲ့အတွက် လေး ငါးရက်လောက်ကြာသွားတယ်။ ထိုင်ဝမ်မှာ အလွန်ရှားပါးပြီး အရသာရှိလှတဲ့ သကြားတွေ မင်းတို့ကိုဝယ်ပေးခဲ့တယ်။ ထိုင်ဝမ်က ထွက်တော့ ရှန်ဟဲအနီး တရုတ်ပင်လယ်ကမ်းခြေက ကပ်ပြီးမောင်းခဲ့တယ်။

သင်္ဘော နိပွန်ပြည် ကျူရှူကျွန်းကို ရောက်တော့ ညမိုးချုပ်နေပြီ။ မိုချိမြို့မှာတို့ သင်္ဘောပေါ်က ဆင်းကြပြီး တည်းခိုခန်းတွေမှာ တည်းကြတယ်။ တည်းခိုခန်းဆိုပင်မယ့် စစ်အတွင်းမှာ ဟိုတယ်ကြီးတွေ မထားဘဲ အိမ်အငယ်လေးတွေမှာ ခွဲထားတဲ့ ဟိုတယ်အသေးစား ကလေးတွေပါပဲ။

မင်းတို့ကလေးတွေ မနေဖူးတဲ့ နိပွန်အိမ်၊ မအိပ်ဖူးတဲ့ အိပ်ရာ၊ မစားဖူးတဲ့နိပွန်အစားအသောက်တွေ စားရတော့ အပြောင်းအလဲမို့ ပျော်နေကြပုံရတယ်။

နောက်တစ်နေ့ မိုးဂျီဘူတာက ရထားနဲ့ တိုကျိုအထိစီးပြီး တိုကျိုမြို့ မြန်မာသံရုံးမှာ သတင်းပို့ရတယ်။ နောက်ပြီး နိပွန်တပ်မတော်စစ်ရုံးက ဗိုလ်ချုပ်တမိနကရှောဆီ သတင်းပို့ရတယ်။ တမိနကရှောချောဟာ ဖိလစ်ပိုင်နိုင်ငံမှာ နိပွန်အတွက် အသက်ပေးလှူသွားခဲ့တယ်။ တိုကျိုရှင်းဂျီကု ဘူတာက ရထားစီးရတယ်။ ဇာမားဘူတာမှာ ဆင်းပြီး ရှိခန်းဂတိုး(စစ်တက္ကသိုလ်) အထိ မင်းတို့ကို ငါကိုယ်တိုင်လိုက်ပို့ခဲ့တယ်။

ဆက်လက်ဖော်ပြပါမည်။