ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၀၄)

    ကျွန်တော်တို့  ၁၆ နှစ်သားအရွယ် ပုံစံသွင်း၍ရသော၊ ငယ်ရွယ်စဉ်အချိန်က စည်းကမ်းကောင်းသော၊ အကျင့်ကောင်းသော၊ တိုင်းပြည်ကိုချစ်သော၊ တိုင်းပြည်အတွက်  ကိုယ်ကျိုးကိုစွန့်လွှတ်ရဲသော စစ်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပုံစံ သွင်းပေးခဲ့သည်။ ဒီပုံစံများ ယခုအထိ မပျောက်ကြသေးပါ။ ဆရာ့ကို လူဆိုးကြီးဟု ထင်ခဲ့မိလျှင်လည်း ခွင့်လွှတ်(ဆင်းဆေ့)။

ဆင်းဆေ့ ဂန်ပတ်တေးကူဒါဆိုက်။  ။

နိဂုံး

ခေတ်အဆက်ဆက်တွင် တိုင်းပြည်အတွက်  မိမိအသက်နှင့် ခန္ဓာကိုယ်ကို နှင်းဆက်ပေးလှူကြသူများရှိကြပါသည်။

ဗြိတိသျှနယ်ချဲ့လက်အောက် ကျွန်ဘဝ ရောက်ခဲ့ရသော မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း ကျွန်ဘဝမှ လွတ်မြောက်ရေး ကြိုးပမ်းရန် အခွင့်အလမ်းများ ရရှိခဲ့ပါသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာနိုင်ငံ၏ အရေးတော်ပုံတိုက်ပွဲတွင် ဗြိတိသျှနယ်ချဲ့ကို တွန်းလှန်တိုက်ထုတ်ခဲ့သည်။ ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗမာ့လွတ်လပ်ရေးအတွက် စည်းရုံးလှုပ်ရှားခဲ့သည်။ ဖက်ဆစ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဗမာ့မျိုးချစ် တပ်မတော်က ဖက်ဆစ်ကိုတော်လှန် တိုက်ခိုက်ခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) သည် နိုင်ငံရေးကို အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယနေ့တပ်မတော်သည် ဘီအိုင်အေမှ စတင်ပေါက်ဖွားလာခြင်း ဖြစ်၍ တပ်မတော်သည် နိုင်ငံရေးမှ အခြေခံပေါက်ဖွားလာခြင်းဖြစ်သည်ဟု ဆိုရပေမည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ပေါ်ပေါက်သောအခါ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများ ဝင်ရောက်ကြသည်။ ဝင်ရောက်လာသူများသည် ကျွန်ဘဝမှ လွတ်မြောက်ရန်၊ နယ်ချဲ့ကို တိုက်ထုတ်ရန်နှင့် တိုင်းပြည် လွတ်လပ်ရေးရရန် ဦးတည်ချက်၊ ရည်မှန်းချက်များ တူညီကြသည်။ မည်သူတစ်ဦး တစ်ယောက်ကမှ တိုက်တွန်းခြင်း၊ အတင်းအကျပ်စေခိုင်းခြင်းကြောင့် မဟုတ်ဘဲမိမိသဘောနှင့်မိမိ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက် ဝင်ရောက်ကြခြင်းမဟုတ်ပါ။ အခွင့်အရေး ရရန်မျှော်မှန်း၍ ဝင်ရောက်လာကြခြင်းလည်း မဟုတ်ပါ။ အခွင့်အရေးသည် အခြေအနေအရ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

အခွင့်အရေးဟူသည် ဘ၀ ဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှုအရ ခံစားရခြင်းဖြစ်၍ တစ်ဦးနှင့်တစ်ဦး ခံစားရပုံချင်း မတူနိုင်ကြပါ။ အတိတ်၊ ပစ္စုပ္ပန်ဘဝတွင် အရည်အချင်းတူသော်လည်း ကြီးပွားတိုးတက်ရာတွင် မတူညီကြပါ။ သာဓကအားဖြင့် မင်္ဂလာဒုံဗိုလ်သင်တန်း တက်ရောက်ရန် ရွေးချယ်ရာတွင် တက်ရောက်သင့်သူများ ကျန်ရစ်ခဲ့သည် ရှိခဲ့ပါသည်။

အကြပ်သင်တန်းမှ    ဗိုလ်သင်တန်းသို့ တက်ရောက်ရာတွင်လည်း ဗိုလ်သင်တန်း တက်ရောက်သင့်သူအချို့ ကျန်ရစ်ခဲ့သည်ကိုလည်း တွေ့ခဲ့ရပါသည်။ တပ်မတော် ပြန်လည်ဖွဲ့စည်းရာတွင် အရာရှိဖြစ်ထိုက်သူများ ပါမလာသည်ကိုလည်း တွေ့ရပါသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် ကြသူများထဲမှ မင်္ဂလာဒုံ ဗိုလ်သင်တန်း တက်ရောက်ခွင့်ရရှိသူများ ရှိကြပါသည်။

ဗိုလ်သင်တန်း တက်ရောက်ရသော်လည်း တက်ရောက်သူအားလုံး အရာရှိမဖြစ်ကြပါ။ ပထမလေးပတ်အပြီးတွင် ကျောင်းသား တစ်ဝက်ကျော်ကျော်သည် တပ်ကြပ်ဖြင့် သင်တန်းဆင်းကြရပါသည်။ ထိုသူများထဲတွင်  ဗိုလ်သင်တန်းဆက်၍ တက်သင့်သူ လူတော်လူကောင်းများ ပါရှိနေသည်ကို တွေ့ရပါသည်။ နောက်လေးလ သင်တန်း ဆက်တက်ပြီးမှ မိနာရိုက်ရှိခန်း(အလုပ်သင်ဗိုလ်) ဖြစ်လာရသည်။ ယင်းအလုပ်သင်ဗိုလ်များ အတွင်းမှ  ထူးချွန်သူများ ရွေးချယ်ပြီး ဘုရင့်ကြည်းတပ် စစ်တက္ကသိုလ်သို့ စေလွှတ်ခဲ့ပါသည်။

အရည်အချင်းရှိသော်လည်း ရာထူးမရခြင်း၊ တာဝန်ပေး မခံရခြင်းများသည် အသုံးမပြုဘဲထားသော ဓားကောင်းတစ်လက်နှင့် တူပေသည်။ မခုတ်၊ မထစ်၊ မသွေးဘဲထားသော ဓားကောင်းတစ်လက် သံချေးတက်၍       ပျက်စီးရပေမည်။

ထို့အတူ ပန်းပဲဆရာကောင်းနှင့် မတွေ့ရသော သံရိုင်းတုံးသည်လည်း ဓားကောင်းတစ်လက်ဖြစ်မလာဘဲ   သံချေးတက်၍ ပျက်စီးရပေမည်။ ပန်းပဲဆရာကောင်းနှင့် တွေ့မှသာ   ဓားကောင်းများ ဖြစ်လာပေလိမ့်မည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ မျိုးချစ်တပ်မတော်များတွင် ထမ်းဆောင်ခဲ့ကြသောသူများတွင် အထက်သို့ရောက်ခဲ့သူများ ရှိသလို တစ်ဝက်ကျော်မှာ ကျဆုံး၊ ကွယ်လွန်ကြလေပြီ။ ကျန်ရှိနေသော အများစုမှာမသေသော်လည်း   မှေးမှိန်ပျောက်ကွယ်ကြလေပြီ။ “Old Soldiers Never Die They Only Fade Away” ဟု စစ်သားဟောင်းကြီးများ ပြောလေ့ပြောထ စကားရှိခဲ့ပါသည်။ ဖြစ်နေ၊ ပျက်နေ၊ဖြစ်နေသော သဘာဝကို မတားဆီးမလွန်ဆန်နိုင်သည့် သင်္ခါရ တရားပင်ဖြစ်ပါသည်။

သံဝေဂရစရာပင်။

ခေတ်အဆက်ဆက်  ပြောင်းလဲလာခဲ့လေပြီ။ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြသည့် သမိုင်းမှတ်တိုင် အမျိုးမျိုးရှိခဲ့ကြသည်။

“ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်”

မှတ်တမ်းကလေးသည်    ထိုခေတ်တွင် ပါဝင်ခဲ့သော သက်ရှိထင်ရှား လုပ်ဖော်ကိုင်ဖက်များ စားမြုံ့ပြန်နိုင်ရန်နှင့် မျိုးဆက်သစ်များ လေ့လာနိုင်ရန် သမိုင်းတစ်ကွေ့မှ မှတ်တမ်းကလေး တစ်ခုသာဖြစ်ပါကြောင်း။ ။

ပြီးပါပြီ