နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံလွန်ဆွဲပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ တို့၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၇နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် (၃)တို့ကြား၌ ကျင်းပသည်။
ယနေ့ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား) ပြိုင်ပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား) ပြိုင်ပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စု ရာထူးဝန်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ထို့နောက် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းကို ရမှတ်(၁၈)မှတ် (၁၂)မှတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို (၁၈)မှတ် (၁၂)မှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)ကိုလည်းကောင်း၊ လွန်ဆွဲ(အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆု ဆွဲပြားနှင့် ဂုဏ်ပြု ဆုငွေကျပ်သိန်း(၂၀)ကိုလည်းကောင်း၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ထဲရေး ဝန်ကြီးဌာန အသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်း ဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(၅၀၀)