နိုင်ငံတော်က စာပေပညာရှင် ၅၁ ဦးကို အလှူငွေကျပ် ငါးသိန်းစီထောက်ပံ့ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၃

နိုင်ငံတော်က စာပေပညာရှင် ၅၁ ဦးကို အလှူငွေကျပ် ငါးသိန်းစီထောက်ပံ့ချီးမြှင့်

နိုင်ငံတော်သည် မြန်မာစာပေဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ စာပေမျက်စိကို အလင်းဖွင့်ပေးရေးအတွက် ဆောင်ရွက် နေသည့်  စာပေဗိမာန်နှင့်  မြန်မာစာပေအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် စာပေပညာရှင်ကြီးများ၏   ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ် သြဂုတ် ၂၆ ရက်တွင်ကျင်းပခဲ့သည့် စာပေဗိမာန် ၇၅ နှစ် ပြည့် စိန်ရတုအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက စာပေရန်ပုံငွေ အတွက် ငွေကျပ်သိန်းပေါင်း  ၂၂၁၅  သိန်းကို လှူဒါန်းခဲ့သည်။

အဆိုပါ စာပေရန်ပုံငွေကို မြန်မာစာပေ ဖွံ့ဖြိုးရေးအကျိုးငှာ ဆောင်ရွက်သည့်လုပ်ငန်းများ ပိုမိုသွက်လက်စေရေး၊ စာပေဝန်ကို ထမ်းဆောင်နေသူ စာပေပုဂ္ဂိုလ်များကို အားဖြည့်ကူညီပေးရေးလုပ်ငန်းများတွင် အသုံးပြုသွားရန် ရည်ရွယ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် စာပေဗိမာန်၏ မြန်မာစာပေဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသည့် စာပေပညာရှင် ၅၁ ဦးကို ဖိတ်ကြား၍ နိုင်ငံတော်က လှူဒါန်းသော ငွေကြေးထောက်ပံ့ပွဲ အခမ်းအနားကို စာပေဗိမာန်၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် စာပေပညာရှင် တစ်ဦးလျှင် ငွေကျပ်ငါးသိန်းစီဖြင့် လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၂၅၅ သိန်းကို အမျိုးသားစာပေတစ်သက်တာဆု ရရှိသူများအနက် သက်ရှိထင်ရှားရှိနေသေးသူများ၊  အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့ဝင်များ၊   မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေး အဖွဲ့ဝင်များ၊ စာပေဗိမာန်မှ သက်ပြည့်၊ နှစ်ပြည့် အငြိမ်းစားယူသွားပြီး စာပေအကျိုး  ဆက်လက်ဆောင်ရွက် ပေးနေကြသူ ပညာရှင် ၅၁ ဦးထံ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က  လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီးစာပေ ပညာရှင်များကိုလည်း စာပေဗိမာန်က အိမ်တိုင် ရာရောက်   လိုက်လံပေးအပ်ခဲ့သည်။

ဆက်လက်၍လည်း ကျန်ရှိသည့် စာပေရန်ပုံငွေကို မြန်မာစာပေလောကအကျိုးအတွက် အသုံးပြုသွားမည်ဖြစ် ကြောင်း သိရသည်။

(သတင်းစဉ်)