နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် တံဆိပ်များ ပေးအပ်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်(အမျိုးသားအောင်ပွဲနေ့)တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၂၁၁/၂၀၂၂)ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသူပုဂ္ဂိုလ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအသီးသီး၌ အခမ်းအနားများဖြင့် ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်အဖြ စ်တည်ဆောက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံကြိုးပမ်းဆောင် ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်း/ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ်များ ပေးအပ်ချီးမြှင့်လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်း/ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံတော်တည်ဆောက်ရာ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်များထမ်းဆောင်ရာ၌ မိမိ၏အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ ကြံ့ခိုင်သောစိတ်ဓာတ်ဖြင့်လည်းကောင်း၊ စံတင်ထိုက်သော စွမ်းရည် များဖြင့်လည်းကောင်း၊ ဂုဏ်ယူထိုက်သော စွန့်စားခြင်းများဖြင့်လည်းကောင်း ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသဖြင့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံး အတွက် စံပြဖြစ်ထိုက်သည့် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာဖြင့် ဆောင်ရွက်ခဲ့ကြခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ထူးကဲကောင်းမွန်စွာ စွမ်းစွမ်းတမံ ထူးခြားစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကိုလည်းကောင်း ချီးမြှင့်အပ်နှင်းခဲ့သည်။
ထိုသို့ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရာ၌ သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသ အသီးသီး၌ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများကိုပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများဖြင့် ဂုဏ်ထူးဆောင် တံဆိပ် ရရှိသူများကို လက်ရောက်ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားများတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲသီဟတံဆိပ်ရရှိသူတစ်ဦး၊ ရဲသူရတံဆိပ်ရရှိသူ ၁၉ ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၃၂ ဦး၊ ရဲသူရိန်တံဆိပ်ရရှိသူ တစ်ဦး၊ ရဲကျော်သူတံဆိပ်ရရှိသူငါးဦးတို့ကိုလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရဲသူရတံဆိပ်ရရှိသူ တစ်ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၄၂ ဦး၊ စီမံထူးချွန်တံဆိပ်(ပထမဆင့်)ရရှိသူ ၁၈ ဦးတို့ကို လည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စီမံထူးချွန်တံဆိပ် (ပထမဆင့်)ရရှိသူတစ်ဦးကိုလည်းကောင်း၊ အကျဉ်းဦးစီးဌာနမှ ရဲဗလတံဆိပ်ရရှိသူ ငါးဦး၊ စီမံထူးချွန်တံဆိပ်(ပထမဆင့်)ရရှိသူ တစ်ဦးတို့ကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ရဲဗလတံဆိပ်ရရှိသူ တစ်ဦး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်)ရရှိသူနှစ်ဦးတို့ကိုလည်းကောင်း တိုင်းဒေသကြီး၊ ပြည်နယ်ရှိ ဒေသအသီးသီး၌ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိသူ စုစုပေါင်း ၁၂၉ ဦးတို့ကို အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)