ထိုင်ဝမ်ကျွန်းအနီးစစ်ရေးလေ့ကျင့်မှုများက ငြိမ်းချမ်းရေးကို ကာကွယ်ခြင်းဖြစ်ဟု တရုတ်ပြော
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကျွန်းအနီးလုပ်ဆောင်သော စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးကိုကာကွယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။
အခုနောက်ဆုံးလုပ်ဆောင်တဲ့စစ်ရေးလေ့ကျင့်မှုများက တည်ငြိမ်အေးချမ်းနေတဲ့ ထိုင်ဝမ်ရေလက်ကြားအတွင်း ပြည်ပနိုင်ငံများရဲ့ ကြားဝင်စွက်ဖက်မှုကို ဟန့်တားကာကွယ်ရန်ရည်ရွယ်ပါတယ်ဟု ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပြောသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်က ထိုင်ဝမ်ရေလက်ကြားရှိ ရေပြင်နှင့်ဝေဟင်တို့၌ စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ကြောင်း ဇန်နဝါရီ ၈ ရက်တွင်ကြေညာသည်။
ထိုစစ်ရေးလေ့ကျင့်မှုသည် မြေပြင်ပစ်မှတ်များအပေါ် တိကျပစ်ခတ်မှုများနှင့် ပင်လယ်ပြင်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ရေးအတွက် လေ့ကျင့်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့နောက် ၂၄ နာရီအတွင်း တရုတ်စစ်ရေယာဉ်လေးစင်းနှင့် စစ်လေယာဉ် ၅၇ စင်းတို့ကို ထိုင်ဝမ်ကျွန်းအနီးတွေ့ရှိရ ကြောင်း၊ ၎င်းတို့အနက် လေယာဉ် ၂၈ စင်းသည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကိုဖြတ်သန်းကာ ထိုင်ဝမ်ကျွန်း၏ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်ကြောင်း တရုတ်(တိုင်ပေ)မှကာကွယ်ရေးတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ဂျာမနီနိုင်ငံမှ လွှတ်တော်အမတ်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ထိုင်ဝမ်ကျွန်းသို့ လေးရက်ကြာအလည်အပတ်ခရီး စတင်သည့် ဇန်နဝါရီ ၉ ရက်မတိုင်မီတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ယခုစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုင်ဝမ်အရေးကိစ္စက တရုတ်နိုင်ငံရဲ့အဓိကအကျဆုံးသော အကျိုးစီးပွားများ၏ပင်မမဏ္ဍိုင်ဖြစ်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ မူဝါဒဟာ တရုတ်နိုင်ငံနဲ့သံတမန်ဆက်ဆံရေးတည်ဆောက်ထားတဲ့နိုင်ငံများအတွက် အခြေခံစည်းမျဉ်းဖြစ်ပါတယ်။ ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသကို ပထဝီနိုင်ငံရေးပဋိပက္ခဖြစ်ပွားရာစင်မြင့်အဖြစ်သို့ပြောင်းလဲခြင်းကို တရုတ်နိုင်ငံက ခွင့်ပြုသွားမှာမဟုတ်ပါဘူးဟု ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပြောထားသည်။
တရုတ်ပြည်တွင်းစစ်အတွင်းစစ်ရှုံးသွားသည့် ကူမင်တန်တပ်ဖွဲ့များထွက်ပြေးလွတ်မြောက်သွားသော ထိုင်ဝမ်ကျွန်းကို တရုတ်အစိုးရက နိုင်ငံ၏ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
Ref: Tass