ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဟံသာဝတီတိုက်နယ်ဆေးရုံကပိတ်ထားတာ တစ်နှစ်ခွဲကာလလောက်ရှိပြီ။ သူတို့ရွာကို တပ်မတော်က ဆရာဝန်တွေလာကြည့်ပေးတယ်ဆိုတော့ ဝမ်းသာပြီး တစ်ရွာလုံးက အိုးစည်ဗုံမောင်းနဲ့ကို ထွက်ကြိုကြတာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လည် ရောက်ရှိလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများအား ဂုဏ်ပြုသည့်အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဂုဏ်ယူဝင့်ကြွားအား မာန်ဝင့်ချီသမားဇာနည်တို့၏ ပီတိစကားသံများကို ဖော်ပြလိုက်ရပါသည်-
ဗိုလ်မှူး/ဗိုလ်ကြီးဝေမိုးအောင်
ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မိမိသဘောဆန္ဒအလျောက်ဒီလိုသွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာပါ။ နှစ်နှစ်နဲ့ သုံးလကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံမှာ ဆရာဝန်လိုအပ်ချက်အရ သွားရောက်တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ တာဝန် ထမ်းဆောင်စဉ် ဒီဒေသမှာတွေ့ရတဲ့ ရောဂါတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ သားဖွားမီးယပ်နဲ့ သက်ဆိုင်တဲ့ရောဂါတွေ၊ ထိခိုက်ဒဏ်ရာရောဂါတွေ အဖြစ်များပါတယ်။ ကျန်းမာရေးဗဟုသုတ အသင့်အတင့်ရှိတယ် ဆိုသော်လည်းပဲ တိုင်းရင်းသားဒေသဖြစ်တာနဲ့အညီ ရိုးရာဓလေ့အတိုင်း ကုသနေမှုတွေလည်း ရှိနေဆဲပါပဲ။ ကျန်းမာရေးအသိပညာတွေ တိုးပွားလာဖို့အတွက် ဟောပြော ဆွေးနွေးတာတွေနဲ့ ဆေးရုံ/ဆေးခန်းလာပြတဲ့ အခါမှာလည်း ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးတာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေကို သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့တွေကို အခုလိုတခမ်းတနားနဲ့ ချီးကျူးဂုဏ်ပြုပေးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဗိုလ်ကြီးလှိုင်မြင့်ထွန်း
ကျွန်တော်က ဒီခရီးစဉ်မှာ နှစ်နေရာသွားခဲ့တာပါ။ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ ဟံသာဝတီတိုက်နယ် ဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ဟံသာဝတီတိုက်နယ်ဆေးရုံက ပိတ်ထားတာ တစ်နှစ်ခွဲကာလလောက်ရှိပြီ။ သူတို့ရွာကို တပ်မတော်က ဆရာဝန်တွေ လာကြည့်ပေးတယ်ဆိုတော့ ဝမ်းသာပြီး တစ်ရွာလုံးက အိုးစည်ဗုံမောင်းနဲ့ကိုထွက်ကြိုကြတာ။ အကုန်လုံးက ခက်ခဲနေတော့ အရမ်းတောင့်တနေကြတာ။ တချို့ဆို ကလေးမွေးရင်းနဲ့ အမေဆုံးသွားတာတွေရှိတယ်။ ကလေးဆုံးသွားတာ တွေရှိတယ်။ ပထမကိုယ်ဝန်ခွဲမွေးထားပြီး နောက်ကိုယ်ဝန်ကျရင် ဆေးရုံမှာမွေးမှ အဆင်ပြေတာမျိုးတွေရှိတော့ ကျွန်တော်တို့ရောက်လာတော့ သူတို့အရမ်းအဆင်ပြေသွားတာပေါ့။ ကလေးမြို့ကို သွားမွေးမယ် ဆိုတော့ ဆရာဝန်တွေက CDM တွေလုပ်ထားကြတော့ ပုဂ္ဂလိကဆေးရုံတွေမှာပဲ မွေးလို့ရမယ်။ အဲ့မှာခွဲမွေးရင်လည်း အနည်းဆုံး ၂၅ သိန်းလောက်ကုန်တော့ မတတ်နိုင်ကြဘူး။ ဟံသာဝတီဆေးရုံကို စရောက်တော့ ဆေးရုံကြီးက တစ်နှစ်ခွဲလောက်ပိတ်ထားတာဆိုတော့ မီးသတ်ကားနဲ့ကို ဆေးခဲ့ရတယ်။ ခွဲစိတ်ခန်းသုံးပစ္စည်းတွေက ရှိတယ်။ ဆေးဝါးတွေကမရှိဘူး။ ဂန့်ဂေါ ဆေးရုံကိုလှမ်းချိတ်တော့လည်း ဆေးရုံအုပ်ကြီးက စီစဉ်ဆောင်ရွက်ပေးပါ့မယ်။ ဒါပေမဲ့နည်းနည်းကြာမယ်။ ရလို့ ကားလမ်းနဲ့ပို့ရင်လည်း PDF တွေရဲ့ဖျက်ဆီးခြင်းကို ခံရမှာပဲ။ ရဟတ်ယာဉ်အကြုံနဲ့ပို့ဖို့ကလည်း အဲ့လောက်မလွယ်ဘူး။ အဲ့တော့ ကျေးရွာကလူတွေကို ပြောပြလိုက်တော့ သူတို့ပိုက်ဆံစုပြီး ကလေးမြို့ကနေ ဆေးတွေဝယ်တယ်။ ကလေးမှ ရဟတ်ယာဉ်ကြုံရှိရင် ဆေးတွေထည့်ပေးပါဆိုပြီး လုပ်ရတယ်။ ဆေးရုံအတွက် ရေမီးတွေလည်း ဆင်ပေးခဲ့တယ်။ ရပ်ရွာအတွက် လမ်း၊ တံတားဆောက်တာမှာလည်း အလှူငွေတွေ ထည့်ပေးနိုင်ခဲ့တယ်။ သာရေး၊ နာရေး၊ ပျော်ပွဲရွှင်ပွဲကအစ အကုန်လုပ်ပေးနိုင်ခဲ့တယ်။ ခွဲခန်းအကုန်ပြင်ဆင်နိုင်ခဲ့ပါတယ်။
အခုလို နိုင်ငံ့တာဝန်တွေ၊ တပ်မတော်တာဝန်တွေကို မအားမလပ်ထမ်းဆောင်ရင်း ကျွန်တော်တို့ကိုအချိန်ပေးပြီး ဂုဏ်ပြုပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
ဗိုလ်ကြီးစိုးထွန်းအောင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာမှာရှိတဲ့ ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ ရွာလေးက အိန္ဒိယနဲ့မြန်မာနယ်စပ် မျဉ်းပေါ်မှာရှိတဲ့ လူဦးရေ တစ်ထောင်ကျော်ခန့်ရှိတဲ့ ရွာလေးပါ။ ကျန်းမာရေးနဲ့ပတ်သက်လို့ ကျေးလက် ကျန်းမာရေး ဆရာမတစ်ဦးသာရှိပါတယ်။ အခုတော့လမ်းပန်းဆက်သွယ်ရေးတွေလည်း ကောင်းလာပါပြီ ၊ သို့သော်လည်း ကျန်းမာရေးဗဟုသုတကတော့ နည်းနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ တတ်စွမ်းသရွေ့ ကျန်းမာရေး အသိပညာပေးရေး လုပ်ငန်းတွေကိုလည်း ကုသပေးရင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆေးကုသရေးလုပ်ငန်းပါးတဲ့အခါမျိုးမှာ ရွာမှာရှိတဲ့ အထက်တန်းကျောင်းမှာ အတန်းပညာ သင်ကြားရေး ကိုလည်း ကျောင်းဆရာ/ဆရာမများနဲ့ ပူးပေါင်းပြီး လုပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုချိန်မှာလည်း ညပိုင်းတွေမှာ ကျောင်းသား၊ကျောင်းသူတွေကိုခေါ်ပြီး ပညာဒါနပြုနိုင်ခဲ့တယ်။ ရလဒ်လည်း ကောင်းခဲ့ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား/ ကျောင်းသူ ၃၀ လောက်မှာ ၂၃ ယောက်အောင်မြင်တယ်၊ ဂုဏ်ထူးထွက်သူတွေလည်း များပါတယ်။ ကျွန်တော်တို့ရွာက လေရှီးတစ်မြို့နယ်လုံးမှာ အောင်ချက်ရာခိုင်နှုန်း ၆၇ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ။
ဇော်မျိုး(နေပြည်တော်)
ဓာတ်ပုံ-လင်းကြည်လင်း