မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပဉ္စမအသုတ်စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာ
နေပြည်တော် ဇန်နဝါရီ ၁၃
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့်အတွက် မြန်မာ့ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရေးကို များစွာအထောက်အကူဖြစ်စေနိုင်သဖြင့် အကျိုးကျေးဇူးများစွာရှိသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အထောက်အပံ့ ဆိုင်ရာ စီမံကိန်း ၃၁ ခုကို နယ်ပယ်အလိုက် ရည်မှန်းထားသော ရည်ရွယ်ချက်များ ပြည့်ဝသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ပဉ္စမအသုတ် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်းအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကပြောကြားသည်။
အစီအစဉ်အရ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး Dr. Zheng Zhihong တို့က အမှာစကားပြောကြားကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၁၈)၊ (၂၀၂၀) နှင့် (၂၀၂၁) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုနှင့် စီမံကိန်းဆောင်ရွက်ခွင့်ရရှိသောလုပ်ငန်း အကျဉ်းချုပ်အခြေအနေများကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူး ချုပ်များက ရှင်းလင်းတင်ပြကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စီမံကိန်းစုစုပေါင်း ၃၁ ခုအား စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၁၇)ဖြင့် စီမံကိန်း ငါးခု၊ (၂၀၁၈) ဖြင့် စီမံကိန်းကိုးခု၊ (၂၀၂၀) ဖြင့် စီမံကိန်းခြောက်ခု၊ (၂၀၂၁) ဖြင့် စီမံကိန်း လေးခုအား အကောင်အထည်ဖော်ဆောင် ရွက်ခွင့်ရရှိခဲ့ပြီး ယခု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့သည့် စီမံကိန်းခုနစ်ခုတွင် ရော်ဘာကြိတ်ခွဲခြင်းလုပ်ငန်း၊ အရည်အသွေးကောင်း ကြံမျိုးထုတ်လုပ်ခြင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း အားပေးမြှင့်တင်ခြင်း၊ ရေချိုငါးအမျိုးမျိုးအား အရည်အသွေး ပြည့်မီအောင် ပြုပြင်ဆောင်ရွက်ခြင်း၊ သီးနှံအထွက်နှုန်း ခန့်မှန်းသောဌာနတည်ထောင်ခြင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်းတည်ထောင်ခြင်း၊ သီးနှံဆုံးရှုံးမှု အား ခန့်မှန်းလေ့လာခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးကို တစ်စိတ်တစ်ပိုင်း မှီခိုနေကြသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။