မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပဉ္စမအသုတ် စီမံကိန်းများ စတင်ကြောင်း သတင်းတစ်ပုဒ်ကို  ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုသည် မဲခေါင်-လန်ချန်း မြစ်ဝှမ်းတစ်လျှောက် နိုင်ငံများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်စေရန်အတွက်လည်းကောင်း၊ အာဆီယံ၏ အေးအတူပူအမျှ အသိုက်အဝန်းအတူတကွ တည်ဆောက်ရေးကို ထောက်ကူပံ့ပိုးရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

လန်ချန်းမြစ်(ခေါ်)မဲခေါင်မြစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်မြစ်ဖျားခံလာကာ အရှေ့တောင်အာရှငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြစ်ဖြစ်သည်။ မဲခေါင်မြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော်ရှည်လျားပြီး ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်လျားဆုံးမြစ်ကြီးဖြစ်သလို အာရှတိုက်တွင် တတိယမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ စတင်မြစ်ဖျားခံရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လန်ချန်းဟုခေါ်တွင်ပြီး ဖြတ်သန်း စီးဆင်းရာနိုင်ငံများ တစ်လျှောက်တွင် မဲခေါင်ဟုအမည်တွင်သောကြောင့် အမည်နှစ်မျိုးနှင့် မြစ်တစ်စင်းအဖြစ် ထင်ရှားလှသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို မဏ္ဍိုင်ကြီးသုံးခုဖြင့် ဖွဲ့စည်းထားရှိသည်။ ယင်းတို့မှာ နိုင်ငံရေးနှင့် လုံခြုံရေး မဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်နှင့် လူမှုရေးယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ ဆက်ဆံရေးမဏ္ဍိုင်တို့ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စီမံကိန်းအခြေပြု အကောင်အထည်ဖော် ဆောင်ရွက် သည့်ပုံစံဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၃၀၀ ဖြင့် ထူထောင်ထားရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ ယနေ့အချိန်အထိ စီမံကိန်း ၉၂ ခုအတွက် အထူးရန်ပုံငွေအမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်းရရှိခဲ့သဖြင့် ဝန်ကြီးဌာနများအလိုက်  စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့်အတွက်  မြန်မာ့ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့်လူနေမှုအဆင့်အတန်း မြင့်မားစေရေးကို များစွာအထောက်အကူပြုလျက်ရှိ သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက  အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စီမံကိန်းများကို နယ်ပယ်အလိုက် ရည်မှန်းထားသော ရည်ရွယ်ချက်များပြည့်ဝသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ပဉ္စမအသုတ်စီမံကိန်းများ စတင်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်တွင် အသိပေးကြေညာခြင်း အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စီမံကိန်းစုစုပေါင်း ၃၁ ခုအား စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၇)ဖြင့် စီမံကိန်းငါးခု၊ (၂၀၁၈)ဖြင့် စီမံကိန်းကိုးခု၊ (၂၀၂၀)ဖြင့် စီမံကိန်းခြောက်ခု၊ (၂၀၂၁)ဖြင့် စီမံကိန်းလေးခုအား အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး(၂၀၂၂)ဖြင့် စီမံကိန်းခုနစ်ခု ဆောင်ရွက်ခွင့်ရရှိခဲ့သည်။

အဆိုပါ စီမံကိန်းခုနစ်ခုတွင် ရော်ဘာကြိတ်ခွဲခြင်းလုပ်ငန်း၊ အရည်အသွေးကောင်း ကြံမျိုးထုတ်လုပ်ခြင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းအားပေးမြှင့်တင်ခြင်း၊ ရေချိုငါးအမျိုးမျိုးအား အရည်အသွေးပြည့်မီအောင် ပြုပြင်ဆောင်ရွက်ခြင်း၊ သီးနှံအထွက်နှုန်း ခန့်မှန်းသော ဌာနတည်ထောင်ခြင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်းတည်ထောင်ခြင်း၊ သီးနှံဆုံးရှုံးမှုအား ခန့်မှန်းလေ့လာခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အဓိကအားဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုသည့် ဆောင်ရွက်မှုဖြစ်သည်ဟု ဆိုနိုင်သည်။ ပေါင်းစည်းဆက်နွှယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဦးစားပေးနယ်ပယ်ငါးခု သတ်မှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်းဒေသတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကဏ္ဍ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍ၊ မီဒီယာကဏ္ဍစသည်တို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် သတ်မှတ်ထားကြောင်းသိရှိရပေရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။