ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

နံ့သာဖြူ(စန္ဒကူးဖြူ)

အင်္ဂလိပ်အမည်- Sandalwood

မျိုးရင်း- Santalaceae (စန္ဒကူးမျိုးရင်း)

ရုက္ခဗေဒအမည်- Santalum album Linn;

အဓိကဆေးဖက်ဝင်ပုံ

အဖျားရောဂါ၊ ကိုယ်အပူကြီးခြင်း၊ အပူလောင် ခြင်း၊  မိတ်ထွက်ခြင်း၊ အပူကန်ခြင်း၊ ယားယံခြင်း၊ ဒက်၊  ဗောက်၊ အနာစက်ပေါက်ခြင်း၊  ကြို့ထိုးခြင်း၊ အဆစ်အမျက်များရောင်ခြင်း၊ အရေပြားရောင်ရောဂါ၊ နှလုံးပူသောရောဂါ၊ ရေငတ် ရင်ပူရောဂါ၊ သွေးကျသော ရောဂါများအတွက် ဆေးဖက်ဝင်သည်။

ပေါက်ရောက်သည့်ဒေသ

မိုးအသင့်အတင့်ရွာသောဒေသ၊ မိုးရေချိန် ၂၅ လက်မမှ ၆၅ လက်မနှင့် အပူချိန် ၅၀ ဒီဂရီဖာရင်ဟိုက်မှ ၉၅ ဒီဂရီဖာရင်ဟိုက်အတွင်း စိုက်ပျိုးပေါက်ရောက်ဖြစ်ထွန်းသည်။ အမြင့်ပေ  ၂၀၀၀  မှ  ၃၀၀၀  မြင့်မားသောဒေသများ၌ ပေါက်ရောက်အားကောင်းသည်။ စမ်းသပ်စိုက်ခင်းများအဖြစ် ပုပ္ပား၊ ပြင်ဦးလွင်နှင့် မြေလတ်ပိုင်းဒေသများ၌ စနစ်တကျ စိုက်ပျိုးထားသည်ကို တွေ့ရသည်။ နှစ်ကြာပြီး  အပင်လုံးပတ်ကြီးမှသာ  ခုတ်ယူရသော အပင်မျိုးဖြစ်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အပင်၏ရင့်သောအနှစ်သားကို သွေးလိမ်းရန်နှင့် ဆေးဖော်ရန် အသုံးပြုသည်။

အပင်ပုံသဏ္ဌာန်

အပင်သည် အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်သည်။ ပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်မှာ အညိုရင့် ရောင် သို့မဟုတ် နီညိုရောင်  ရှိသည်။ အတွင်းသားမှာ မာ၍ ချောမွတ်သည်။ အညို ရောင်သန်းသည်။ နံ့သာဖြူ၏အကာသားမှာ ဖြူသည်။ အပင်ငယ်စဉ်တွင် အပွေးများ ချောမွတ်သော်လည်း အပင်ကြီးလျှင် ကြမ်းတမ်း၍ အမြှောင်းလိုက် အက်ရာ များထင်ရှားစွာ ပေါ်လာသည်။ အကိုင်းအခက်များမှာ အပင်လုံးကြီးသော်လည်း သေးသွယ်၍ တွဲကျသော အကိုင်းအခက်များရှိသည်။ အတန်းလိုက် စိုက်ပျိုး လျှင် တစ်ပင်နှင့်တစ်ပင် ၅ ပေမှ ၁၀ ပေအထိခြား၍ စိုက်ပျိုးကြသည်။

အရွက်သည် ရုက္ခဗေဒသဘောအားဖြင့် ရွက်ဆိုင် ထွက်သော အပင်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ရွက်လွှဲလည်း ထွက်သည်။ အရွက်မှာ ၃ လက်မအထိရှည်သည်။ စိမ်းဝါရောင်ဖျော့ဖျော့ အရောင်အဆင်းရှိပြီး အရွက်ရင့်လျှင် အစိမ်းရောင်ရှိသည်။ အရွက်အပေါ်မျက်နှာ ပြင်မှာ ပြောင်ချော၍ အောက်မျက်နှာပြင်ထက် အရောင်ပိုရင့်သည်။ တစ်နှစ်လျှင်နှစ်ကြိမ် ရွက်နုများ ထွက်လေ့ရှိသည်။

အပွင့်သည် ပွင့်ခါစတွင် ညိုဝါရောင်ရှိသည်။ မြက်ခြောက်ရောင်ဟုလည်း ဆိုကြသည်။ ရင့်လာသောအခါ ခရမ်းရောင်သန်းသော အညိုရောင်ဖြစ်လာသည်။ နံ့သာဖြူအနှစ်သည် မွှေးသော်လည်း အပွင့်တွင် အနံ့မရှိချေ။ အပင်သက်ရင့်လာပြီး သုံးလေးနှစ်မှသာ အပွင့်ပွင့်သည်။ တစ်နှစ်ပတ်လုံးပွင့်သည်။ အသီးသည် လုံးဝန်းသည်။ အသီးအရွယ်အစားမှာ ပုဏ္ဍရိက်သီးနှင့် ဆင်တူပြီး အနည်းငယ် ပိုကြီးသည်။ ရင့်မှည့်သောအခါ ညိုနက်သော အရောင်ဖြစ်လာသည်။ အရည်ရွှမ်းသည်။ အစေ့သည် သေးသွယ်၍ မာသည်။  ငရုတ်ကောင်းစေ့ထက် အနည်းငယ်ပိုကြီးသည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ နံ့သာဖြူသည် ခါးသောအရသာရှိ၏။ အေး၏။ နှလုံးကိုအကျိုးပြု၏။ ကိုယ်သားကိုယ်ရေ အရောင် အဆင်းကို ကောင်းစေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ အဆိပ်၊ ရေငတ်၊ သွေးအန်သွေးကျ၊ အပူနာရောဂါတို့ကို ပျောက်ကင်း စေသော အာနိသင်ရှိ၏။ အာယုဗေဒ ဆေးကျမ်းများအဆိုအရ နံ့သာဖြူ၏ဂုဏ်နှင့် စွမ်းရည်မှာ ခါး၍ အေးသော်လည်း ဝိပါက၌ ကြေကျက်ပြီး အရသာ၌စပ်၏။ ကြေကျက်လွယ်၏။ အစာကိုကြေစေ၏။ လူကိုနှစ်သက်စေ၏။

နံ့သာဖြူကောင်းဟူသည် အနှစ်နံ့သာမျိုးဖြစ်၍ အနှစ်ရှိသော အကိုင်းအခက်မျိုးမှရရှိသည့် နံ့သာမျိုးထက် အနှစ်အသားရှိသော   ပင်စည်မှရရှိသည့် နံ့သာဖြူမျိုးသည် ပို၍ကောင်းပေသည်။ နံ့သာဖြူကောင်းဟူသည် အရသာခါးသက်သက်ရှိရမည်၊ သွေးလိုက်ပါက  အဝါရောင်ထွက်လာရမည်၊  ဖြတ်လိုက်သောအခါ  ထိပ်ဝတွင်  အနီရောင်သန်းရမည်၊ အတုံးလိုက်ကြည့်မူ အပြင်ဘက်တွင်  ဖြူနေ ရမည်၊ အတုံးတွင် အဖုအထစ်နှင့် အပေါက်အခေါင်းများ ရှိရမည်ဟု ရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန်တွင် ဖော်ပြထားသည်။

ဆေးဖက်ဝင်အသုံးပြုပုံ

ဖျား၍ အပူကြီးခြင်း၊ ကိုယ်သားကိုယ်ရေပူခြင်း၊ အပူလွန်သောရောဂါများတွင် နံ့သာဖြူကိုသွေးပြီး ပရုတ်ရည်နှင့်ရော၍  ဦးခေါင်းတွင်  လိမ်းပေးပါက အပူခိုးများထွက်သွားလိမ့်မည်ဟု အာယုဗေဒဆေးကျမ်းမှ ဆိုသည်။ ခန္ဓာကိုယ်ယားယံခြင်း၊  သွေးယားခြင်းတို့ဖြစ်လျှင် နံ့သာဖြူအဆီနှင့် သံပရာရည်ရောစပ်၍ လိမ်းပေးပါ။ သို့မဟုတ် နံ့သာဖြူတုံးကို သံပရာရည်နှင့်ရောသွေးပြီးလိမ်းပေးပါက သက်သာ ပျောက်ကင်းစေနိုင်သည်။

ဆီးအောင့်ရောဂါဖြစ်လျှင် နံ့သာဖြူကိုသွေး၍ ဆန်ဆေးရည်နှင့်ရောပြီးတိုက်ပေးလျှင် ကောင်းစွာ ဆီးသွားစေနိုင်သည်။ ဝမ်းသွား ရောဂါဖြစ်လျှင် ဆန်ဆေးရည်နှင့်နံ့သာဖြူ ရောသွေး၍ ပျားရည် သို့မဟုတ် သကြားနှင့်သင့်လျော် အောင်ရောစပ်ပြီး တိုက်ပေးပါက အပူဝမ်းသွားရောဂါများ ပျောက်ကင်းစေနိုင်သည်။ ဦးခေါင်းတွင် ဒက်ပေါက်ခြင်း၊ အပူကန် အနာစက် ပေါက်ခြင်းများဖြစ်ပါက  နံ့သာဖြူသွေးလိမ်းပေးလျှင် ပျောက်ကင်းစေနိုင်သည်။ လေပူအထက်ဆန်ခြင်း၊ လေအကျဉ်းကျခြင်း၊ ကြို့ထိုးခြင်းများဖြစ်လျှင် ဆန်ဆေးရည်နှင့် နံ့သာဖြူကိုသွေးပြီး သကြားခဲနှင့် ရော၍သောက်ပါက ပျောက်ကင်းစေနိုင်သည်။

ရောဂါကျွမ်း၍ ကုသရခက်ခဲသောရောဂါများဖြစ်လျှင်၊ လူနာသတိလစ်ခြင်းဖြစ်လျှင်၊ အစာနှင့်ရေမသုံးဆောင်လိုခြင်းဖြစ်လျှင် နံ့သာငါးပါးကိုသွေး၍လိမ်းကျံခြင်း၊ သွေးဆေး စသည်နှင့်ရောစပ်၍ တိုက်ကျွေးခြင်း ပြုလုပ်ပါက ပြန်လည်သက်သာလာစေနိုင်သည်။ နံ့သာငါးပါးဆိုသည်မှာ ကျမ်းများအဆိုအရ နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက်တို့ဖြစ်သည်။

နံ့သာနီ

အင်္ဂလိပ်အမည်- Red Sandalwood

မျိုးရင်း- Fabaceae (ပိတောက်မျိုးရင်း)

ရုက္ခဗေဒအမည်- Pterocarpus Santalinus

အဓိကဆေးဖက်ဝင်ပုံ

မူးဝေခြင်း၊ ခန္ဓာကိုယ်ရနံ့မကောင်းခြင်း၊ အသား အရေမွဲခြောက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ မျက်စိမကြည်ခြင်း၊ အစာမကြေခြင်း၊ အသားပပ် ခြင်း၊ ခြေဖဝါး၊ လက်ဖဝါးများ ကွဲအက်ခြင်း၊ ခြောက်သွေ့ခြင်းများအတွက် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မူလပေါက်ရောက်သည့်ဒေသမှာ အိန္ဒိယနိုင်ငံ ဖြစ်သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ပါကစ္စတန်နှင့် နီပေါ နိုင်ငံတို့၌ များစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ အိန္ဒိယနိုင်ငံမှ နံ့သာနီမှာ အကောင်းဆုံးဖြစ်သည်ဟု ပရဆေးကုန်သည်များ အဆိုရှိသည်။ အိန္ဒိယနိုင်ငံ၌ နံ့သာနီ ထုတ်လုပ်မှုအတွက်  ဥပဒေဖြင့်  ကန့်သတ်မှုများရှိသည်။ ဟိန္ဒူဘာသာဝင်များအတွက် နံ့သာဖြူသည် ရိုးရာအရ အလေးအမြတ် ထားရသောသစ်သား ဟုဆိုသည်။ ဘုန်းကြီးများနှင့် ဇာတ်မြင့်ဟိန္ဒူဘာသာ ဝင်များအသုံးပြုကြပြီး ဘာသာရေးပွဲများတွင် အထူး အလေးထားသုံးစွဲကြသည်ဟု ဆိုသည်။ ထို့ကြောင့် အိန္ဒိယအစိုးရက နံ့သာနီပင်နှင့်ပတ်သက်၍  ဥပဒေအရ တိတိကျကျ ကာကွယ် ပေးထားမှုများရှိသည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

ပင်စည်၊ အနှစ်၊ အသားကို ဆေးဖက်ဝင်အဖြစ် အသုံးပြုသည်။

အပင်ပုံသဏ္ဌာန်

ပိတောက်ပင်ကဲ့သို့ အပင်ကြီးမျိုးဖြစ်သည်။ အရွက် မှာ ပိတောက်ရွက်နှင့်ဆင်တူသော်လည်း ထိပ်ဖျား ဝိုင်းသည်။ အပင်သက်တမ်း ခုနစ်နှစ်မှ ၁၀ နှစ်ရှိသော အခါမှ ခုတ်ယူလေ့ရှိသည်ဟုဆိုသည်။ အပင်ရင့်လာ သောအခါ  ပိတောက်ပင်နှင့်မတူဘဲ  မြန်မာကုက္ကိုပင် ကဲ့သို့ အပွေး၊ အခေါက်အနည်းငယ်ရှိသည်။ အသီးသည် ၂ လက်မ၊ ၃ လက်မအထိ ရှည်လျားသည်။ ယင်းအသီးတောင့်တွင် နီမြန်းသောရွေးစေ့နှင့်တူသည့် အစေ့များရှိသည်ဟုဆိုသည်။ ထိုအပင်သည် မြန်မာနိုင်ငံ၌ စိုက်ပျိုးပေါက်ရောက်သော ရွေးကြီးပင် (ခေါ်) ရွေးနီကြီးပင်နှင့် ဆင်တူသည်။ ထို့ကြောင့် ရွေးနီကြီးပင်ကို တချို့က မြန်မာနံ့သာနီဟုဆိုကာ အစားထိုး သုံးစွဲမှုများလည်း ရှိသည်။ နံ့သာနီအစစ်သည် အစေ့ နီသည်။ အတွင်းအနှစ်သည် ကြေးနီရောင်ရှိသည်။ အနံ့လည်းမွှေးသည်။ ရှင်နာဂသိန်၏ ပုံပြဆေး အဘိဓာန်တွင် ဖော်ပြချက်အရ တချို့ဆရာတို့သည် အနံ့လည်းမွှေး၊ အသွေးလည်းကောင်းသည့် အန္ဒမန်ကျွန်းမှ အများဆုံးထွက်သော နီညိုရောင်ပိတောက်ကို ယူကြကုန်၏။ ရှေးခေတ်မြန်မာဗိန္ဒောဆရာတို့သည် နံ့သာနီအစစ်ကို ဆေးဖော်ရန်မရနိုင်သောအခါ ရွေးနီ  နှင့် ပိတောက်နှစ်မျိုးတို့တွင် ပိတောက်ကို ပို၍နှစ်သက်သည်ဟု ဆိုသည်။ နံ့သာနီအစစ် ပိတောက်နှစ်ဟူ၍ အမှတ်အသားရှိခဲ့သည်။

ဆေးကျမ်းများအဆို

နံ့သာနီအနှစ်သည် ခါး၏။ အေး၏။ ဝိပါက၌စပ်၏။ ပိုးကိုပယ်တတ်၏။ ကာမကိုအားပေး၏။ အဆိပ်ကို ပယ်တတ်၏။ သည်းခြေ ဒေါသကိုနိုင်၏။ အော့အန်၊ ရေငတ်၊ အနာပေါက်၊ မျက်စိရောဂါ၊ စိတ်ဖောက်ပြန် ရူးသွပ်သောရောဂါ စသည်တို့ကို ပျောက်ကင်းစေ၏။

ဆေးဖက်ဝင်အသုံးပြုပုံ

စိတ်မတည်ငြိမ်သောရောဂါဖြစ်လျှင် နံ့သာနီကို အမှုန့်ကြိတ်ကာ ကံ့ကော်ဝတ်ဆံ၊ ပဒုမ္မာကြာဝတ်ဆံ၊ သကြားခဲတို့နှင့်ရောပြီး ရေအေးဖြင့်တိုက်ကျွေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။ အိပ်မပျော်သော ရောဂါဖြစ်လျှင် နံ့သာနီအမှုန့် သို့မဟုတ်  နံ့သာနီအဆီကို အမွှေးတိုင်တွင်ထည့်၍ အနံ့ကိုရှူပေးခြင်းဖြင့် အိပ်ပျော်စေနိုင်သည်။ ကာမဆန္ဒမပေါ်ပေါက်ဘဲ အားအင်ကုန်ခန်း ခြင်း ဖြစ်လျှင် နံ့သာနီ၊ နံ့သာဖြူ၊ ကရမက် သုံးမျိုးတို့၏ အနံ့ကို ရှူရှိုက်ခြင်း၊ သွေးလိမ်းခြင်း၊ သွေးဆေးတစ်မျိုးမျိုးနှင့်ရောစပ် သောက်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။

မျက်စိ၊ မျက်ခွံ၊ မျက်လုံးအိမ်တို့ အကြောင်းတစ်ခုခုကြောင့် ဖူးရောင်ခြင်းဖြစ်လျှင် နံ့သာနီကိုသွေး၍ ကွင်းပေးခြင်းဖြင့် မျက်စိ အရောင်ကျစေနိုင်သည်။ အဆစ်ရောင်ရောဂါဖြစ်လျှင် ဆေးပူများ အလိမ်း မခံနိုင်သောသူ၊ အပူလောင်မခံနိုင်သောသူများကို အဆစ်ရောင်ကျစေရန်အတွက် နံ့သာနီအမှုန့်ကို ကြက်ဥအကာဖြင့် သမအောင်ခေါက်၍ ရောမွှေကာ ရောင်သောအဆစ်ပေါ်တွင် လိမ်းကျံပြီး ပတ်တီးဖြင့် စည်းပေးပါက မပူမလောင်ဘဲ အဆစ်ရောင်သက်သာ စေနိုင်သည်။

အာခေါင်တွင် အပူနာများပေါက်ပြီး အစာမစားနိုင်ခြင်း၊ လျှာအပူကန်ခြင်း၊ လျှာနံဘေး၊ လျှာအောက်တို့တွင် ချိုင့်ခွက်ငယ်ကဲ့သို့ အပူကန်နာများပေါက်ပါက နံ့သာနီအမှုန့်ကိုသိပ်ပေးခြင်းဖြင့် အနာသက်သာပြီး လျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။

မီးယပ်သွေးအဆင်းများခြင်း၊ မီးယပ်သွေးဆင်းစဉ် ကိုက်ခဲခြင်းတို့ဖြစ်ပါက နံ့သာနီအမှုန့်ကို မှန်ရောင်သကြားခဲအမှုန့်ဖြင့် ရောစပ် တိုက်ကျွေးပါက သွေးလွန်ခြင်း၊ သွေးဆင်းများ ခြင်းကို ထိန်းပေးနိုင်သည်။

ကြည်လွင်မြင့်(မုဒြာ)