ဈေးကွက်ဝင်သည့် ပီလောပီနံနှင့် ကျန်းမာရေးအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

ဈေးကွက်ဝင်သည့် ပီလောပီနံနှင့် ကျန်းမာရေးအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

ပီလောပီနံကို အင်္ဂလိပ်အခေါ်အဝေါ် Tapioca သို့မဟုတ် Cassava ဟုခေါ်ပြီး ရုက္ခဗေဒအရ Manihotutilissma (Phot) ဟုလည်းကောင်း၊ Manihotesculenta (Crantz) ဟုလည်းကောင်း နိုင်ငံဒေသ အသီးသီးပေါ်မူတည်၍ အမျိုးမျိုး ခေါ်ကြသည်။

ပီလောပီနံသည် Euphorbiaceae မျိုးရင်းဖြစ်ပြီး ကြက်ဆူ၊ ကနခို၊ ဆီးဖြူ၊ သျှိသျှား၊ ကြက်သဟင်း စသည်တို့နှင့် မျိုးရင်း ဆင်တူဖြစ်သည်။ ပီလောပီနံသည် အပူပိုင်းဒေသ၏ ဥစား(အမြစ်စား)သီးနှံဖြစ်ကာ မူရင်းဒေသမှာ တောင်အမေရိကတိုက် ဘရာဇီး နိုင်ငံဖြစ်ပြီး ၁၅ ရာစုနှစ် မတိုင်မီကတည်းက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပီလောပီနံသည် ပီရူး၊ ကိုလံဘီယာနှင့် ဘိုလီဗီးယားနိုင်ငံ စသည့်အမေဇုန်မြစ်တစ်ဝိုက်ရှိ မူရင်းအပင်မျိုးဖြစ်သည်။ ၁၆ ရာစုတွင် ပေါ်တူဂီကုန်သည်များက ပီလောပီနံများကို အာဖရိကတိုက်သို့ သင်္ဘောဖြင့် ယူဆောင်လာခဲ့ရာမှ ဆင့်ပွားပျံ့နှံ့လာခဲ့သည်။ ၁၈ ရာစုရောက်သောအခါ အရှေ့ဘက်ကမ်းရိုးတန်းဒေသနှင့် ကမ်းလွန်အိန္ဒိယသမုဒ္ဒရာကျွန်းများအထိ စိုက်ပျိုးလာခဲ့ကြသည်။

အာဖရိကတိုက်နိုင်ငံအသီးသီးက ထွက်ရှိသမျှ ပီလောပီနံ ၈၀ ရာခိုင်နှုန်းကို ဒေသခံပြည်သူများ၏ နေ့စဉ်အာဟာရအဖြစ် အသုံးပြု လျက်ရှိပြီး ကျန် ၂၀ ရာခိုင်နှုန်းကို တိရစ္ဆာန်အစားအစာနှင့် အရက်ချက်လုပ်ရာတွင် အသုံးပြုလျက်ရှိသည်။ အာရှဒေသ၌ ပီလောပီနံကို ပုံမှန်စားသုံးသီးနှံအဖြစ် စိုက်ပျိုးသည့် နိုင်ငံများမှာ အိန္ဒိယ၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံ တို့ဖြစ်ပြီး မှတ်တမ်းများ အရ ပီလောပီနံကို အာရှတိုက်၌ တစ်ကမ္ဘာလုံး၏ စိုက်ပျိုးမှု ၃၀ ရာခိုင်နှုန်းရှိကာ ထိုင်းနိုင်ငံသည် ပြည်ပတင်ပို့ရန် အများဆုံးစိုက်ပျိုး ထုတ်လုပ်သောနိုင်ငံဖြစ်သည်။

ထို့ပြင် တောင်အမေရိကတိုက်ရှိ အသေးစားစိုက်ပျိုးတောင်သူများ၏ အဓိကနှင့် အများဆုံးစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်သည်။ ပီလောပီနံသည် စိုက်ပျိုးရာတွင် တခြားအခြေခံ စားသောက်ကုန်သီးနှံများကဲ့သို့ စက်ကိရိယာအသုံးပြုစရာမလိုဘဲ ကုန်ကျစရိတ် သက်သာသည့်အပြင် ရေငတ်ခံနိုင်ပြီး ပိုးမွှားနှင့် ရောဂါပိုးအန္တရာယ်တချို့ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်သည်။ မိုးခေါင် ရေရှားဒေသနှင့် မြေဆီလွှာကောင်းမွန်မှုမရှိသော မြေများ၌လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

ထို့ပြင် တခြားသီးနှံများစိုက်ပျိုး၍ တွက်ခြေမကိုက်သော မြေအမျိုးအစားတွင်လည်း ပီလောပီနံကို စိုက်ပျိုးနိုင်သည်။ လက်ရှိ အပူပိုင်းနှင့် အပူလျော့ပိုင်းနိုင်ငံပေါင်း ၁၀၀ ကျော်၌ လုပ်ကွက်ငယ်တောင်သူများ အများဆုံးစိုက်ပျိုးလျက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း အများအားဖြင့် အိမ်ခြံဝင်းများ၌ စိုက်ပျိုးကြပြီး လုပ်ကွက်ငယ်တောင်သူများက တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ငပုတောမြို့နယ်၌ ပီလောပီနံကို အများအပြားစိုက်ပျိုးပြီး အဆိုပါ ဒေသများ၌   ပီလောပီနံကို   မိုးရောဆောင်းပါစိုက်ပျိုးလေ့ရှိကြသည်။  ဆောင်းသီးနှံပီလောပီနံကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့ တွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီးနောက်  သုံးလ သို့မဟုတ် လေးလခန့်အကြာတွင်  ပြန်လည်တူးဖော်ရောင်းချနိုင်ကြောင်း၊ အဆိုပါ ပီလောပီနံများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်မိုးရာသီက စိုက်ပျိုးခဲ့သည့် ပီလောပီနံအစိမ်း တစ်ကီလို ဂရမ် လျှင် ငွေကျပ် ၁၂၀၀၊ ပီလောပီနံအခြောက်  တစ်ကီလိုဂရမ်လျှင် ငွေကျပ် ၁၆၀၀ ဈေးနှုန်းရရှိကြောင်း သိရသည်။

ပီလောပီနံစားဖွယ်စုံ

ပီလောပီနံကို လူသုံးကုန်မျိုးစုံ၊ စားသောက်ကုန်(အမှုန့်)၊ အဖျော်ယမကာ(အရက်)တို့တွင် အသုံးပြုကြသည်။ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံတို့၌ ဂျုံ၊ ဆန်အထွက်နည်းသောကာလတွင် ပီလောပီနံကို ပြုတ်၍စားသုံးပြီး ချပါတီ၊ နံပြား၊ ပေါင်မုန့်တို့တွင်လည်း သီးခြား ထည့်၍ အသုံးပြုသည့်အပြင် ပါးပါးလှီး၍ အချပ်အဖြစ် သိုလှောင်ထားပြီး ချက်ပြုတ်စားသုံးကြသည်။ ဖိလစ်ပိုင်နိုင်ငံ၌ ပီလောပီနံ အမှုန့်ကို ရိုးရာပွဲတော် အစားအစာဖြစ်သော ဆနွင်းမကင်းကဲ့သို့ အစားအစာတစ်မျိုးကို ပြုလုပ်ကြသည်။

ပြည်တွင်း၌ အများအားဖြင့် ပီလောပီနံဥကိုပြုတ်၍ ဆီ၊ ဆားနှင့်နယ်ကာ သရေစာအဖြစ် စားသုံးကြပြီး ကလောဥကြော်နှင့် ကလောဥပေါင်းအဖြစ်လည်း စားသုံးကြသည်။

ပီလောပီနံနှင့် ကျန်းမာရေးအာနိသင်

ပီလောပီနံဥအစိမ်း ၁၀၀ ဂရမ်တွင် ရေဓာတ် ၆၀ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၈ ဂရမ်၊ ပရိုတင်း ၁ ဂရမ်ပါရှိပြီး အဆီဓာတ် အနည်းငယ်သာ ပါဝင်သည်။ ထို့ပြင် အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီဓာတ်တို့လည်း ပါဝင်သည်။

ပီလောပီနံဥကို ပြုတ်၍စားသုံးခြင်းက အစာခြေအင်ဇိုင်းများကောင်းမွန်စေရန် အထောက်အကူပြုခြင်း၊ ကိုယ်ခန္ဓာအလေးချိန် ကျစေခြင်း၊ သွေးတွင်းအချိုဓာတ်နှင့် ကိုလက်စထရောလျှော့ချပေးခြင်း၊ ကင်ဆာအဖုအကျိတ်ကာကွယ်ခြင်း၊ အရေပြားအိုမင်း ရင့်ရော်မှု နှင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ခြင်း၊ သွေးခုန်နှုန်းထိန်းညှိပေးခြင်း၊ ခုခံအားတိုးမြင့်စေခြင်း၊  အမျှင်ဓာတ်ပါဝင်မှုကြောင့်  ဝမ်းမချုပ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောပုံမှန်အလုပ်လုပ်စေခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။ သို့သော် အဆိုပါအကျိုးအာနိသင်ရရှိစေရန် ပီလောပီနံဥကို လုံလုံလောက်လောက်ကျက်သည်အထိ အချိန်ကြာကြာပြုတ်ပြီးမှသာ စားသုံးရမည်ဖြစ်သည်။

အသုံးပြုနိုင်သောထုတ်ကုန်များ

ပီလောပီနံ၏အရွက်နှင့်ဥတို့ကို စားသုံးနိုင်ပြီး တချို့နိုင်ငံများ၌ တိရစ္ဆာန်အစားအစာများ ပြုလုပ်ရာတွင် အသုံးပြုကြသည်။   ပီလောပီနံတွင်ပါရှိသော  ကစီဓာတ်ကို ကော်ရည်၊ ကော်မှုန့်၊ အချိုမှုန့်၊ အရက်နှင့် နို့မှုန့်အစားထိုးပစ္စည်းစသည့် အစားအစာ အဖြစ် လည်းကောင်း၊ အိမ်သုံးဆေးဝါးများအဖြစ် သွေးတိုး၊ ဆီးချို၊ ကင်ဆာနှင့် အူလမ်းကြောင်းကာကွယ်ဆေးများအဖြစ်လည်းကောင်း၊ ဇီဝလောင်စာအဖြစ်လည်းကောင်း၊ အထပ်သားနှင့် စက္ကူစသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြု နိုင်သည်။

ပီလောပီနံပင်၏ အရွက်တွင် ပရိုတင်းဓာတ် ၂၅ ရာခိုင်နှုန်းပါဝင်သဖြင့် တချို့နိုင်ငံများ၌ အစားအသောက်နှင့် ဆေးဝါးကုန်ကြမ်း အတွက် ထည့်သွင်းအသုံးပြုကြသည်။

အဆိပ်ပြေနည်း

ပီလောပီနံဥကို ပြည်တွင်းရှိဒေသအများစု၌ ကလောဥဟုခေါ်ဆိုကြပြီး ပီလောပီနံဥသည် ဂျုံ၊ ဆန်၊ ပြောင်း၊ ပဲမျိုးစုံသီးနှံ အစားထိုး အာဟာရအစားအစာ ဖြစ်သော်လည်း လူတချို့အတွက် မူးဝေ၊ အော့အန်၊ အဆိပ်အတောက်ဖြစ်စေနိုင်သည်။ ပီလောပီနံဥစားပြီး နောက် ပျမ်းမျှအချိန် လေးနာရီအကြာတွင် မူးဝေခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်းတို့သည် ပီလောပီနံဥတောက်သော လက္ခဏာ များဖြစ်သည်။ ယင်းအဆိပ်အတောက် လျော့ပါးသွားစေရန် စားမည့်ပီလောပီနံဥကို  မီးဖိုတွင်  ပွက်ပွက်ဆူအောင်  ၁၀ မိနစ် ခန့်ပြုတ်လျှင် ပါဝင်သော ဂလူကိုဆိုက်အဆိပ်ကို ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်သည်။

ပီလောပီနံတွင် အချိုနှင့်အခါးဟူ၍  နှစ်မျိုးရှိပြီး အခါးမျိုးက အချိုမျိုးထက် ဂလူကိုဆိုက်အဆိပ်ပါဝင်မှု နှစ်ဆပိုများသည်။ ထို့ကြောင့် ပီလောပီနံဥအစိမ်းကို မပြုတ်မီ မြည်းကြည့်၍ ခါးသက်မှုအပြင်း၊ အပျော့ပေါ်မူတည်ကာ အပူပေးကြာမြင့်ချိန်ကို ချိန်ဆ၍ ပြုတ်ပေးသင့်သည်။  ထို့ပြင်  ပီလောပီနံအမှုန့်ကို အစားအစာ၊ ဟင်းလျာများတွင် မချက်ပြုတ်မီ ဦးစွာ မီးဖိုပေါ်အိုးကင်းထည့် လှော်ပေးခြင်းဖြင့်လည်း ပါဝင်သောအဆိပ်ကို ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။ မိုးခေါင်ပြီးခြောက် သွေ့သော ဒေသထွက် ပီလောပီနံဥတွင် ဆိုင်ယာနိုက် အဆိပ်ဖြစ်လာနိုင်သော ဓာတ်ပေါင်းပါဝင်မှုပိုမိုများသည်။

အဆိပ်အတောက်ပြေပျောက်စေရန် ပီလောပီနံဥ အစိမ်းကို အတုံးသေးသေးလှီးဖြတ်ပြီးနောက် အချိန် ကြာကြာရေစိမ်ပါ။ ပြီးလျှင် ရေများများသုံး၍ပြုတ်ပါ။ ပီလောပီနံဥကို  မီးဖုတ်ခြင်း သို့မဟုတ်  ပေါင်း၍ စားခြင်းထက် ပြုတ်စားခြင်းက အဆိပ်အတောက်များ ကို လျော့ကျစေနိုင်သည်။ ပီလောပီနံဥတောက်ခြင်းအတွက် ပဋိဇီဝနည်းအရ ဖြေဆေး(ထိုးဆေး) တစ်မျိုးရှိပြီး ဆေးသိပ္ပံနည်းအရ   သိုင်အိုဆာလဖိတ်(Thiosulfate) ဟုခေါ်သည်။ ယင်းထိုးဆေးကပီလောပီနံဥထဲက အဆိပ်အာနိသင်ရှိသော ဆိုင်ယာနိုက် ဓာတ်ပေါင်း နှင့် ဓာတ်ပြုပြီးနောက် လူကို အဆိပ်ပြေသွားစေသော နည်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ကလောဥ(ခေါ်) ပီလော ပီနံဥစားသူတိုင်း အဆိပ်မသင့်ပါ။ ပီလောပီနံဥစားသုံး ခြင်းဖြင့် ကျန်းမာရေး အာနိသင်များကို ရရှိနိုင်ပါသည်။ သို့သော် အခန့်မသင့်လျှင် ဘေးဖြစ်စေနိုင်၍ဖော်ပြပါအဆိပ်ပြေနည်းလမ်းများအတိုင်း စနစ်တကျ ပြုတ်၍ စားသုံးကြစေလိုကြောင်း အကြံပြုလိုက်ရပါသည်။

(အထူးသတိပြုရန်)(က) သပြေသီးနှင့် ပီလောပီနံဥ တွဲမစားရ၊ အဆိပ်ဖြစ်စေတတ်သည်။ (ခ) ဒန့်သလွန်သီးနှင့် ပီလောပီနံဥ တွဲမစားရ၊ တောက်တတ်သည်။ (ဂ) ပီလောပီနံဥစားပြီးနောက် အချဉ်ဓာတ်အရသာ ရှိသော အသီးများမစားရ၊ အော့အန်တတ်သည်။

ပေါက်ပေါက်