နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၄

နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS )မှ  ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က    တွေ့ဆုံ ဆွေးနွေးပွဲသို့    တက်ရောက်လာသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အစီအစဉ်၊ အကြောင်းအရာများကို နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာဆွေးနွေး ညှိနှိုင်းကြပြီး    နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲ အစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပသည်။ 

တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး   ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်   ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်    ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် သျှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ(RCSS )ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ စဝ်အုမ်ခေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်   ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။ 

ထို့နောက်   ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲမှ မပြီးပြတ်သေးဘဲ ဆက်လက် ဆွေးနွေးရမည့် ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော   ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) မှ အခြေခံကျသော ပုဒ်မများကိုပြင်ဆင်နိုင်ရေး ကိစ္စရပ်များနှင့်  နှစ်ဖက်ဆွေးနွေးလိုသည့် အဆိုပြု ချက်များကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက   မိမိတို့၏သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။   ဒုတိယနေ့ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။