NSSA အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အရည်အသွေး ပြည့်မီသူ ၃၉၄၄ ဦးကို အသိအမှတ်ပြုပေးနိုင်၊ လျာထားချက်ပြည့်မီအောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
နေပြည်တော် ဇန်နဝါရီ ၂၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အဖွဲ့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ကျန်းမာရေး ဝန်ကြီးဌာန သူနာပြုသင်တန်းကျောင်း (နေပြည်တော်) Assessment Center သို့ရောက်ရှိပြီး အကူသူနာပြု ကျွမ်းကျင်အဆင့် (၂) (Nurse Aid Level-2) အလုပ်အကိုင်အတွက် ဖြေဆိုသူ ၁၄ ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေး အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်မီသော အခြေခံ ကျွမ်းကျင်လုပ်သားကောင်းများ ပေါ်ထွက်လာနိုင်ရေး မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်းနှင့် နည်းပညာဆိုင်ရာ ကိရိယာများအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်စေရေး လေ့ကျင့်သင်ကြား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်လုပ်သားများအား အရည်အသွေးပိုင်း ဆိုင်ရာစိစစ်မှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးများတွင်လည်း မြှင့်တင်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ သူနာပြုသင်တန်းများကို ပုဂ္ဂလိကကဏ္ဍတွင် ဖွင့်လှစ်ပေးလျက်ရှိရာ ကျန်းမာရေး ဝန်ကြီးဌာန သက်ဆိုင်ရာ ဦးစီးဌာနနှင့် ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်ပေးရေး ကော်မတီတို့က ဝိုင်းဝန်း ထိန်းသိမ်းပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုသင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်းက Assessment Center နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သူနာပြုသင်တန်းကျောင်း(နေပြည်တော်) အား Nurse Aid Level-2 (အကူသူနာပြု) အလုပ်အကိုင်အတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနအဖြစ် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ သက်တမ်းကာလ နှစ်နှစ်ဖြင့် အသိအမှတ်ပြုပေးခဲ့ပြီး အမျိုးသားအဆင့် အကူသူနာပြု ကျွမ်းကျင်မှုအဆင့် (၂) ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ၂၄ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်မည် ဖြစ်ကာ NSSA အနေဖြင့် အကူသူနာပြု အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးစစ်ဆေးခြင်းကို ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည့် NSSA အနေဖြင့် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် (၃၅) မျိုးအတွက် ဖြေဆိုသူ ၂၃၀၄၈ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ၂၁၀၄၇ ဦးကို အသိအမှတ်ပြု ပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဖြေဆိုသူ ၅၀၀၀ ကို စစ်ဆေး အကဲဖြတ်နိုင်ရေး လျာထားသတ်မှတ်ထားပြီး အလုပ်အကိုင် (၂၅) မျိုးအတွက် ဖြေဆိုသူ ၄၁၂၇ ဦးကို စစ်ဆေးအကဲဖြတ် နိုင်ခဲ့၍ အရည်အသွေးပြည့်မီသူ ၃၉၄၄ ဦးကို အသိအမှတ်ပြု ပေးနိုင်ခဲ့ကြောင်းနှင့် လျာထားချက်ပြည့်မီအောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။