တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝန်းသိုမြို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ ဝန်းသိုမြို့ပြည်သူ့ဆေးရုံအတွက် ( COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်၊ ဝန်းသိုမြို့ရှိနယ်မြေခံ တပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားသွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး  (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

 အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ဝန်းသိုမြို့နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝန်းသိုမြို့ နယ်မြေခံတပ်ခန်းမသို့ရောက်ရှိ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သားများအနေဖြင့် မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရမည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် အမြဲတမ်းလေ့ကျင့်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့လေ့ကျင့်နိုင်ရန်အတွက် စစ်သည် တိုင်း ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင် မှုရှိရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် (COVID-19) ရောဂါဖြစ်ပွားလျက်ရှိပြီး ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၂၇၀ တွင် ရောဂါကူးစက် ဖြစ်ပွားလျက်ရှိပြီး ဝန်းသိုမြို့တွင် ကူးစက်မှုမရှိသည်ဟု သိရှိရကြောင်း၊ သို့သော်လည်း ပေါ့ဆနေ၍မရဘဲ ဂရုစိုက်သွားလာနေထိုင်ပြီးကာကွယ်ကြရန်လို အပ်မည်ဖြစ်ကြောင်း၊ သတိဖြင့် နေထိုင်ကြစေလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန်အတွက် တပ်မတော်သားများအနေဖြင့် ကျန်းမာနေရမည်ဖြစ်ပြီး ကျန်းမာကြံခိုင်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အတွင်း၌ ရောဂါနှင့် ပတ်သက်၍ ကူးစက်မှုနည်းပါး စေရန် တင်းကြပ်စွာကိုင်တွယ်ခြင်းပင်ဖြစ်ကြောင်း၊ (COVID-19) ရောဂါဖြစ်ပွားမှုကြောင့်  စားရေးနှင့်ပတ်သက်ပြီး အခက်အခဲများဖြစ်ပေါ် လျက်ရှိသော်လည်း တပ်မတော်အတွင်း ၌ ၂၀၁၂ ခုနှစ်ကတည်းကစ၍ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ခဲ့သဖြင့် ယခုကာလတွင် စားနပ်ရိက္ခာ များအတွက် အခက်အခဲမရှိနေထိုင်နိုင်သည့်အပြင် ဒေသခံပြည်သူလူထုကိုလည်း သက်သာသည့် ဈေးနှုန်းဖြင့် ကူညီရောင်းချပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ အနေဖြင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်၍ ခေါင်းဆောင်ကောင်း ပီသရန်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် -

ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့သူဟာ စစ်သားကောင်းဖြစ်တယ်။ ယောင်္ကျား ကောင်းဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ထိ်န်းသိမ်းဖို့ပြောလိုတယ်။  ဗိုလ်လေးတွေ ဆရာကြီးတွေ နောက် ဗိုလ်ကြီးတွေ အရာရှိတွေပါတယ်။ ဗိုလ်မှူးတွေ ပါကြတယ်။ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ကိုယ်စီခေါင်းဆောင်မှုပီသဖို့လိုတယ်။ ကိုယ့်အောက်က လူကို မှန်မှန်ကန်ကန် ခေါင်းဆောင်မှုပြဖို့လိုတယ်။ တို့အနေနဲ့ မြဲသုံးမြဲကနေစပြီးတော့ တပ်မတော်သားအနေနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေ ဖို့လိုတယ်။

ထို့နောက် (COVID-19) ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မိမိတစ်ဦးတစ်ယောက် မှ ပတ်ဝန်းကျင်ကို များစွာ ကူးစက်ပြန့်ပွားစေနိုင်သည်ကို သတိထားကြစေလိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက် များနှင့် အညီလိုက်နာကြရန်လိုကြောင်း၊ ထို့ပြင် တပ်မတော်က ထုတ်ပြန်ထားသည့် စည်းကမ်းများ ကိုလည်း တိတိကျကျလိုက်နာကြရမည်ဖြစ်ကြောင်း။

မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်စွာဆန္ဒမဲပေးနိုင်ကြောင်းနှင့် တိုင်းပြည်နှင့် ဒေသအတွက် ကောင်းကျိုးဖော်ဆောင်ပေးနိုင်မည့် သူကို တပ်မတော်သား တစ်ဦးအနေဖြင့် လူ့သဘောသဘာ၀နှင့် ချိန်ထိုးစဉ်းစားပြီး အရွေးမမှားအောင် ရွေးခြယ်ကြစေလိုကြောင်းနှင့် တပ်မတော်သားများ၏ ပညာရေး၊ သားသမီးများ၏ ပညာရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြော ကြားရာတွင် -

"နောက်တစ်ချက်က ကျန်းမာရေး ဂရုစိုက်ကြပါ။ နောက်တစ်ခုကလည်း သားသမီး နဲ့ ပတ်သက်ပြီး ပညာရေးလည်း အားပေးကြပါလိုပြောလိုတယ်။ အားတဲ့အချိန်လေးတွေ မှာ စာဖတ်ခိုင်းပါ။ ကိုယ်ကိုယ်တိုင်လည်း ဖတ်။ သားသမီးတွေကိုလည်း ကျောင်းမသွား ဘူးဆိုပြီး အိမ်မှာ ဒီတိုင်းမနေစေနဲ့။ နောက်ဆုံးသင်ခဲ့တဲ့ ကျောင်းသင်ခန်းစာတွေ ပြန်ဖတ်ခိုင်း။ စာအုပ်တွေရှိတယ်။ သူ့အတွက် စာကြေတာပေါ့။ ကျောင်းပြန်ဖွင့်တဲ့အချိန်ကျ သူတို့အတွက် အများကြီး အထောက်အကူရလိမ့်မယ်လို့ ပြောလိုတယ်။ ဒီခေတ်မှာ စာ မတတ်ရင် မဖြစ်ဘူး။ စာတတ်ဖို့လိုတယ်။ တပ်မတော်သားတွေ။ ကိုယ့်ရဲ့မိသားစု သားသမီးတွေ အားလုံး စာတတ်ပေတတ်တွေဖြစ်ဖို့လိုတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူတွေ ဖြစ်ဖို့လိုတယ်။"

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆက်လက် မှာကြားပြီး Surgical Mask ၁၇၈၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ရွှေဘိုတပ်နယ်မှ ဗိုလ်မှူးကြီး စိုးဦးဟန်ကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ  တပ်နယ်မှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

 တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝန်းသိုမြို့ရှိ မကျီးကုန်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဂန္ဓဝါစက ပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ အား ဖူးမြော်ကြည်ညိုကာ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၃၀ အိတ်၊ ဆီ ၄၅  ပိဿာ ၊ ဆား ၁၅ ပိဿာ၊  ပဲ ၁၀၁ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများနှင့် ဝတ္ထုငွေ များ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများ ကိုမေးမြန်း လျောက်ထားခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝန်းသိုမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်လွင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ဆေးရုံအစည်းအဝေးခန်းမတွင် (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် ဝန်းသိုမြို့သည် မိမိတာဝန်ထမ်း ဆောင်ခဲ့သည့် မြို့ဖြစ်ပြီး ယခုကဲ့သို့ ပြန်လည်ရောက်ရှိခွင့်ရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်း၊ ထို့ပြင် ဝန်းသိုမြို့အနေဖြင့် (COVID-19) ရောဂါမဖြစ်ပွားသည့် မြို့ဖြစ်၍ လည်း ဝမ်းသာမိပါကြောင်း၊ သို့သော်လည်း ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး ပေါ့ ဆ၍ရမည်မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်လည်း ဖြစ်ပွားမှုနှုန်းနှင့် သေဆုံး မှုနှုန်းမြင့်တက်လျက်ရှိသဖြင့် တစ်ဦးချင်းအသိစိတ်ဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသခံများ၏ တစ်ဦးချင်းလိုက်ပါ ဆောင်ရွက်မှုသည် အဓိကအရေးကြီးပါကြောင်း၊ ဝန်းသိုမြို့အတွင်း (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အထောက် အကူဖြစ်စေရန်အတွက် ရောဂါကာကွယ်ထိန်း ချုပ်ကုသရေး ပစ္စည်းများကို ပေးအပ်ရန်ယူဆောင်လာခဲ့ပါကြောင်း၊ တန်ဖိုးအားဖြင့် များပြားသည် မဟုတ်သော်လည်း ရောဂါကာကွယ်ခြင်းအပိုင်း၌ အတိုင်းအတာတစ်ခု အထိ အထောက်အကူဖြစ်နိုင်စေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝန်းသိုမြို့ပြည်သူ့ဆေးရုံအတွက်  (COVID-19) ရောဂါကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၅၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Personal Protective Equipment(PPE)  ဝတ်စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove ၅၀၀ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအုပ်ကြီး နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။