နေပြည်တော်၊ အောက်တိုဘာ - ၂၅
နိုင်ငံ့အရေးကိစ္စများကို ဆောင်ရွက်ရာတွင် တပ်မတော်နှင့် ပြည်သူတစ်သားတည်း ရှိကြရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့်နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နှင့် ဝန်းသိုမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သက်ဆိုင်ရာတပ်နယ်ခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူ ပြု ပစ္စည်းများပေးအပ်စဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ဟုမ္မလင်းမြို့နှင့် ဝန်းသိုမြို့တို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့နှင့် ဝန်းသိုမြို့ရှိ တပ်နယ်ခန်းမများသို့ရောက်ရှိကြရာ နယ်မြေခံတပ်မတော်သားများ မြို့မိ မြို့ဖများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ ဟုမ္မလင်းနှင့် ဝန်းသို မြို့တို့ရှိ ဒေသခံများနှင့် ထပ်မံတွေ့ဆုံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ဟုမ္မလင်းဒေသ၌ တာဝန်ထမ်းဆောင်ခဲ့စဉ် တပ်မတော်အစိုးရလက်ထက်ဖြစ်သဖြင့် မြို့မိမြို့ဖ၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ ဖောင်းပြင်၊ ခန္တီးဒေသများအထိ ဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ပေးခဲ့ရာတွင် ပါဝင်ခဲ့ရပြီး ယခုပြန်လည်ရောက်ရှိချိန်တွင် ယခင်နှင့် နှိုင်းယှဉ်ပါက ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် များစွာဝမ်းမြောက်မိပါကြောင်း၊ ဟုမ္မလင်းလေဆိပ်သည် မိမိတာဝန်ထမ်းဆောင်စဉ်က စတင်စီမံဆောင်ရွက်ခဲ့ပြီး ယခုအချိန်၌သွားလာဆက်သွယ်မှုများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ဟုမ္မလင်းဒေသသည် ရေခံမြေခံကောင်းများရှိပြီး ရိုးသားသည့် စိတ်နေသဘောထားရှိသူများဖြစ်ကြောင်း၊ တိုင်းပြည်အနေဖြင့် လက်ရှိ လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင်-
“အခု ကျွန်တော်တို့ နိုင်ငံရေးက ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ အချိန်မှာ ဒီမိုကရေစီရဲ့သဘောသဘာ၀ကတော့ အမြင်ချင်းတော့ အကုန်လုံးတူမှာတော့ မဟုတ်ဘူး။ သို့သော် တိုင်းပြည်အတွက် လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကတော့ အမြင်ချင်းတူ လိမ့်မယ်။ အဲ့ဒီတော့ ဒီနိုင်ငံရေးအပေါ်မှာ ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ဖြစ် အောင် ကြိုးစားအားထုတ်ပြီးတော့ ဆောင်ရွက်ပေးစေလိုပါတယ်။”
ထို့နောက် ပညာရေးနှင့် ပတ်သက်၍ ဟုမ္မလင်းဒေသသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ချက် ရာခိုင်နှုန်းနည်းပါးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးနှင့် ပတ် သက်၍ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ဆန်းစစ်ကြစေလိုကြောင်း၊ ဟုမ္မလင်းဒေသ အနေဖြင့် ချင်းတွင်းမြစ်ကို အသုံးပြု၍ အထက်အောက် သွားလာနိုင်ပြီး ဘာသာစကား အခက်အခဲမရှိနိုင်သောကြောင့် အောင်ချက်ရာခိုင်နှုန်းနည်းပါးမှုကို ပြန်လည်ဆန်းစစ် ၍ ပညာတတ်များ များပြားအောင်ဆောင်ရွက်ကြစေလိုကြောင်း။
တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေးအခေါ်မြင့်မားသည့် ပညာတတ် များလိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတန်းစဉ် ကူးပြောင်းမှုတွင် အောင်မြင်မှုများပြီး တက္ကသိုလ်ဝင်တန်းတွင် ကျဆုံးသူများပြားနေသည် ကိုတွေ့ရှိရကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းတို့ ကို အသက်အရွယ်၊ ပတ်ဝန်းကျင်၊ အတွေးအခေါ်၊ သင်ကြားရသည့် ဘာသာရပ်များ တူညီစွာဖြင့် ဖြတ်သန်းလာခဲ့ရခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ပညာမှုတွင် စာသင်ချိန်ထက် လေ့လာချိန်များပြားသည်ကို တွေ့ရှိရကာ အတတ်ပညာနှင့် အတွေးအခေါ်များ မြင့်မား လာစေရန် မြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ပညာသင်ကြားမှုကို အားပေးကြစေလိုကြောင်း၊ ပညာတတ်မှသာလျင် ဒေသဖွံ့ဖြိုးရေးကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် မွေးမြူရေး၊ စိုက်ပျိုးရေးကောလိပ်၊ ဒီကရီနှင့် ဒီပလိုမာ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ တက္ကသိုလ်၊ ကောလိပ်များသည် တက္ကသိုလ်ဝင်တန်းအောင်မြင်မှသာလျင် တက်ရောက်နိုင် မည်ဖြစ်သောကြောင့် အနာဂတ်အရေးအတွက် ပညာရေးကို အားပေးကြစေလိုပြီး ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်သူအဖွဲ့အစည်း စသည့် ပညာရေး စတုဂံဖြင့် တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့နိုင်ငံတွင် (COVID-19) ရောဂါဖြစ်ပွားမှုအနေဖြင့် ယနေ့နံနက်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၄၃၀၀၀ကျော် ၊ သေဆုံးသူ ၁၀၀၀ ကျော် ရှိပြီဖြစ်သည်ကို တွေ့ရှိရပြီး ဟုမ္မလင်းဒေသတွင် ရောဂါပိုးတွေ့ရှိသူ ၂ ဦးသာရှိသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာ့နိုင်ငံ ဒေသ ၂၂၉ ခုတွင် ရောဂါပိုးကူးစက်ခံထားရကြောင်း၊ မိမိတို့မြို့နယ်တွင် ဖြစ်ပေါ်မှု နည်းပါးသဖြင့် ပေါ့ဆနေ၍မရဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ နေထိုင်သွားလာကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် စည်းကမ်းနှင့် အညီ ထိန်းသိမ်းသွားလာနေထိုင်လျက် ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က တစ်ရက်လျင် ရာဂဏန်းခန့်သာ ကူးစက်ခံရသော်လည်း လက်ရှိတွင် တစ်ရက်လျင် ထောင်ဂဏန်းခန့် ကူးစက်မှု မြင့်မားလာသည်ကိုတွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွားပါက မိမိသာမက မိမိပတ်ဝန်းကျင် ၊ မိသားစုတို့တွင် သောကများကြရမည်ဖြစ်သောကြောင့် ရောဂါကူးစက်ခံရမှုမရှိစေရေး ကိုယ်ခံအားကောင်းစေရန်၊ ကျန်းမာစေရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစားများကို လည်း ဆောင်ရွက်ကြရန်လိုကြောင်း။
ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူမှုစီးပွားကျဆင်းလျက် ရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအားကျဆင်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်ပစ္စည်းများသာလျင် ထုတ်လုပ်မှု ကျဆင်းမှုမရှိသည်ကိုတွေ့ ရှိရသည့်အတွက် စားသောက်ကုန်နှင့် သုံးကုန်ထုတ်လုပ်သည့်လုပ်ငန်းများကို စည်းကမ်း စနစ်တကျနှင့် ဆောင်ရွက်၍ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင်-
“တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာ လျှပ်စစ်ဓာတ်မရှိရင် ဘာမှ လုပ်လို့မရဘူး။ ဘယ်လောက်စက်မှုနိုင်ငံသွားမယ်၊ နည်းပညာခေတ် ဘယ်လောက်ပဲသွားမယ်ဖြစ်စေ လျှပ်စစ်မရှိရင် ဘာမှ လုပ်လို့မရဘူး။ အဲ့ဒါသေချာတယ်။ နှစ်အချက် လမ်းပန်းဆက်သွယ် မှု မကောင်းရင် ဘာမှ လုပ်လို့မရဘူး။ ခင်ဗျားတို့ ဟုမ္မလင်းပဲကြည့် ။ ခင်ဗျားတို့ ဟိုး အရင်တုန်းက ချင်းတွင်းမြစ်ကြီးအတိုင်းတက်လာ ကျွန်တော်တို့ ပြောင်းလာတုန်းက ၄ ညအိပ် ၅ ရက်ကြာတယ်။ အခုမှသာ ရှော်တယ်တွေ ဘာတွေနဲ့ တော်တော်လေး အခြေ အနေကောင်းလာတာ။ လေယာဉ်ကွင်းလည်းရှိတော့ တော်တော် အဆင်ပြေသွားတယ်။ လမ်းပန်းဆက်သွယ်မှုမကောင်းရင် ဘာမှ လုပ်လို့မရဘူး။ နောက် Tele Communication ဆက်သွယ်ရေးစနစ် မကောင်းရင် ဘာမှ လုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော် ဒီမှာ မရရအောင် ဖုန်းရအောင် ကျွန်တော် လုပ်ပေးတယ်။ ဘဏ်ရအောင်ဖွင့်ပေးတယ်။ နောက်တစ်ခါ ပညာတတ် မရှိရင် ဘာမှ လုပ်လို့မရဘူး။ အဲ့တိုင်းပြည် ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်ဘူး။ နောက် အဲ့တိုင်းပြည် ကျန်းမာရေးမကောင်းရင်လည်း ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒီမှာ ကျန်းမာရေးချို့တဲ့တယ် ဆိုလို့ရှိရင်လည်း ပညာရေး၊ ကျန်းမာရေး မကောင်းလို့ရှိရင်လည်း အဲ့ဒီတိုင်းပြည်က ဘယ်လိုမှ တိုးတက်စရာ အကြောင်းမရှိဘူး။ တရှောင်ရှောင်နဲ့ ဖြစ်နေမှာ။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီ ငါးချက် လျှပ်စစ်ရယ်၊ သွားလာရေးရယ်၊ ဆက်သွယ်ရေးရယ်၊ ပညာ ရေးရယ်၊ ကျန်းမာရေးရယ် ဒီငါးချက်က ဒေသတစ်ခုအတွက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဖြစ်မနေလိုအပ်တယ်။ ဒါကြောင့် ကျွန်တော် စောစောက ပညာရေးကို ကျွန်တော် စပြောခဲ့တယ်။ ပညာရေးကောင်းဖို့ လိုတယ်။ ဒုတိယကျွန်တော် ကျန်းမာရေးကို ပြောပြတယ်။ ပဏာမ ပြောတဲ့ချိန်မှာလည်း လမ်းတွေ ဘယ်လို တိုးတက်မှုရှိဖို့ ကျွန်တော် ပြောခဲ့တယ်။ ဒါတွေက ဘာတွေလည်းဆိုရင် ဒေသတစ်ခု နိုင်ငံတစ်ခု တိုးတက်ဖို့ အခြေခံအကြောင်းအရာတွေပဲဖြစ်တယ်။”
ထို့နောက် တပ်မတော်အနေဖြင့် သဘာ၀ဘေးနှင့် ပတ်သက်လာပါက အမိန့် စောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထားရှိ ပြီး လုပ်ဆောင်နိုင်သည်မှန်သမျှကို တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်အောင် လုပ်ဆောင် နိုင်ပါက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ ဒေသအကျိုးဖြစ်ထွန်းရေးနှင့် ပတ်သက်ပါက နိုင်ငံ့ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအချင်းချင်း စည်းလုံးစွာဖြင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ မြို့မိမြို့ဖများ ဒေသခံများနှင့်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် တိုင်းပြည်အတွက် အားထားရသည့် တပ်မတော်ဖြစ်စေရေး ခံယူဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားရာတွင် -
“တပ်မတော်ဟာ တိုင်းပြည်အတွက်ပဲဖြစ်ရမယ်။ ပြည်သူကအားကိုးရတဲ့ တပ်မတော်။ တိုင်းပြည်က အားထားရတဲ့ တပ်မတော်။ ကျွန်တော်ဒီလိုခံယူပြီး လုပ်ခဲ့ တာ။ ကျွန်တော့်စိတ်ဓာတ်လည်း ခင်ဗျားတို့သိတာပဲ။ ကျွန်တော်က ကောင်းအောင်လုပ် ဖို့ စိတ်ပဲရှိတယ်။ သူများလိုက်ပြီးတော့ အနိုင်ကျင့်တာလည်း မကြိုက်ဘူး။ စည်းမျဉ်း စည်းကမ်းအတိုင်းသွားတာ။ စည်းမျဉ်းစည်းကမ်းမကိုက်ညီရင် တော်ရုံတန်ရုံ ကျွန်တော် လုပ်ကိုမလုပ်ဘူး။ အမိန့်တစ်ခုထုတ်ရင်တောင်မှ ထုတ်တဲ့အမိန့်ဟာ တစ်အချက် မူဝါဒနဲ့ ကိုက်ညီလား။ ဥပမာအားဖြင့် ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်မှာ တပ်မတော်ရဲ့ လုပ်ငန်းတာဝန်တွေရှိတယ်။ ဒါတွေနဲ့ ကိုက်ညီရဲ့လား။ ကိုယ်တိုင် လုပ်နိုင်သလား။ ကိုယ် တိုင် လုပ်ဖူးသလား။ ဒီလိုဆိုကျွန်တော်က အမိန့်ထုတ်တယ်၊ မဟုတ်ရင် ကျွန်တော်က အမိန့်မထုတ်ဘူး။ ကျွန်တော် အဲ့ဒီလောက်အထိစဉ်းစားတယ်။ ကျွန်တော် အမိန့်တစ်ခု မထုတ်ခင်မှာ ကျွန်တော့်ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်ပင်တယ်။ တချို့ဆို ကျွန်တော် ခေါ်ပြောတယ်။ ဒီစည်းကမ်းတစ်ခုထုတ်မယ်။ ဘယ်လိုသဘောရလဲ ပြော။ သူတို့လည်း သူတို့အတွေ့အကြုံ သူတို့ရှိမှာပဲ။ ကျွန်တော့်အတွေ့အကြုံနဲ့ သူတို့အတွေ့အကြုံနဲ့ အားလုံးတူမှာတော့ မဟုတ်ဘူး။ သူတို့ အတွေ့အကြုံတွေအရလည်း သူတို့ ပြောကြ တယ်။ လက်ခံရမယ့်ကိစ္စဆိုရင်လည်း လက်ခံရတာပေါ့။ တစ်ချို့ကြတော့လည်း နားလည်အောင် ရှင်းပြကြတယ်။ ကျွန်တော်တို့မှာ So What ဆိုတာရှိတယ်။ ဒီတော့ ဘာဖြစ်မလဲ။ အဲ့ဒီတော့ အဖြေတစ်ခု ပြန်ထွက်တယ်။ အဲ့ဒီအဖြေပါ တစ်ခါ So What ဆိုပြီး ထပ်မေးသေးတယ်။ ဒါဆို ဘာဖြစ်မယ်။ သုံး လေး ခွန်းလောက် မေးလိုက်လို့မှ Solution အရအဖြေရပြီဆို ဒီတိုင်းလုပ်မယ်ဆို ပြီး အဖြေကထွက်တယ်။ ကျွန်တော်တို့က အဲ့ဒီလို စဉ်းစားတယ်။ အဲ့ဒီတော့ ခင်ဗျားတို့လည်း ကောင်းရာကောင်းကျိုးနဲ့ ပတ်သက်လာရင် တော်တော်လေး သေချာလေး စဉ်းစဉ်းစားစား လုပ်စေချင်တယ်။”
ထို့နောက် မကြာမီတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် လည်း ဒေသ အတွက်၊ နိုင်ငံ့အတွက်အကျိုးပြုမည့်သူများကိုရွေးချယ်၍ ဆန္ဒမဲပေး ကြစေလိုကြောင်း၊ ပါတီမူဝါဒကို ကြည့်သကဲ့သို့ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များကို လည်းကြည့်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲ ပုံစံနှင့် စနစ်အရ လွှတ်တော်ကိုယ်စားလှယ် များသည် အနည်းဆုံး တာဝန် ၃ ခုထမ်း ဆောင်ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ သည် ပြည်သူများကိုယ်စား နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့် သမ္မတကို ရွေးကောက် တင်မြှောက်ပေးရကြောင်း၊ နောက်တစ်ချက်အနေဖြင့် လွှတ်တော်အတွင်း၌ ဥပဒေပြုရေးတာဝန်ကို ဆောင်ရွက်ရကြောင်း၊ ထို့ ပြင် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရကြောင်း၊ ထို့ကြောင့် ဥပဒေအကြောင်းနားလည်သူ၊ သမာသမတ်ကျပြီး ကိုယ်ကျင့် တရားကောင်းသူ၊ အတွေ့အကြုံပြည့်၀ပြီး ပညာတတ်သူ၊ ဒေသအတွက်၊ နိုင်ငံ့အတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်ကောင်းများကိုရွေးခြယ်ကြရန် လိုကြောင်း၊ လူတိုင်းမဲပေးကြရန်လိုအပ်ပြီး မဲမပေးပါက အခြားသူများဆန္ဒပြုသည့် ကိုယ်စားလှယ်များကိုသာလက်ခံကြရမည်ဖြစ်သည့်အတွက် မိမိသဘောဆန္ဒနှင့် ကိုက်ညီသူများကို မဲပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေး မူဝါဒအရ ဖွဲ့စည်းထားသည့်ပါတီနှင့် ဒေသနှင့်လူမျိုးရေး အရဖွဲ့စည်းထားသည့်ပါတီများ ရှိပြီး ပါတီမျိုးစုံ၊ ကိုယ်စားလှယ်မျိုးစုံ ရှိနေသည့်အတွက် ဒေသအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်မည့်သူများကို ရေရှည်မျှော်တွေး၍ စဉ်းစားကာ ဆန္ဒမဲပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ကောလင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း နှင့် ဒေသခံပြည်သူများက ဒေသတွင်းကြုံတွေ့နေရသည့် မြစ်ရေကြီးမှု၊ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်မှု၊ ပညာရေး၊ အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တပ်မတော်နှင့် ပြည်သူတစ်သားတည်းဆောင်ရွက်လျက်ရှိပြီး အချင်းချင်းကူညီရိုင်းပင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေး ပြောကြား ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများ၊ ပြည်သူ့ဆေးရုံကြီးအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၄၀၀၀၀ ခု၊ Face Shield ၂၈၀ ခု၊ Personal Protective Equipment(PPE) ဝတ်စုံ ၁၀၀ စုံ၊ Hand Gel ၃၀၀ ဘူး၊ N 95 Mask ၅၀၀ ခု၊ Examination Glove ၂၀၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင်ထွန်းနှင့် မြို့မိမြို့ဖ ဦးစန်းရွှေတို့က လည်းကောင်း၊ ဝန်းသို မြို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၁၅၀၀၀ ခု၊ Face Shield ၁၃၀ ခု၊ Personal Protective Equipment(PPE) ဝတ်စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove ၁၅၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ကောလင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း တို့က လည်းကောင်း အသီးသီးလက်ခံရယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။