လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတိုများ)(၁၇၄)

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတိုများ)(၁၇၄)

ဆရာရှင့် သမီးအဖေက အချိန်တိုင်းလိုလိုချောင်းဆိုးနေလို့ပါ။ ဆေးတွေသောက်လည်း ထူးထူးခြားခြား မသက်သာပါဘူး။ မနက်လင်းပိုင်း အေးတဲ့အချိန်ပိုဆိုးပါတယ်ဆရာ။ အဖေက သွေးတိုးလည်းရှိပါတယ်။ သက်သာစေမယ့်နည်းလမ်းလေး ပြောပြ စေချင်ပါတယ်။

ကွမ်းရွက်သုံးရွက်၊ ချင်းတက် ခုနစ်လွှာပါးပါးလှီးပြီး ရေနွေးမတ်ခွက်တစ်လုံးမှာ စိမ်ထားပြီးနောက် တစ်နေကုန်သောက်ပေးပါ။ အဆီပါတာရှောင်စားပါ။ ပြည်ပန်းညိုရွက်ဟင်းချို ချက်သောက်ပါ။ တိုင်းရင်းဆေးအမှတ် ၂ လေမျိုးရှစ်ဆယ် လျက်ဆားကို သံပရာရည်နဲ့ ဖျော်လျက်ပါ။ လည်ပင်းအအေးပတ်ရင် ချောင်းပိုဆိုးပါတယ်။ လည်ပင်းမှာ မာဖလာပတ်ထားပေးပါ။

ဆရာကြီးခင်ဗျာ ကျွန်တော်က အသက် ၄၂ နှစ်ပါ။ ချောင်းဆိုးနေတာ နှစ်ပတ်ကျော်နေပါပြီ။ ငယ်စဉ်က  တီဘီရောဂါဖြစ်ဖူးပါတယ်။  ဆေးသောက်လို့ ပျောက်သွားပါတယ်။ ဒါပေမဲ့ ရာသီဥတုအေးတဲ့အခါတိုင်းမှာ ချောင်းခြောက်တွေ ဆိုးလေ့ရှိပါတယ်။ ချောင်းဆိုး တာက ညအိပ်ရာဝင်ချိန်နဲ့ နံနက် ၅နာရီဝန်းကျင်အချိန်တွေမှာ အရမ်းဆိုးပါတယ်။ ဆရာကြီးရဲ့ ဆေးနည်းလေးမျှဝေပေးဖို့ တောင်းဆိုပါတယ်။

ချောင်းခြောက်ဆိုးတာက အဆုတ်မှာ အပူငုပ်လို့ဖြစ်ပါတယ်။ နာတာရှည်အဆုတ်ရောဂါ ခေါ် မြစ်ခြောက်နာကြောင့်လည်း ဖြစ်တတ် ပါတယ်။

- နံနက်စောစော အုန်းစိမ်းရည်သောက်ပြီး ရေချိုးပါ။

- အုန်းစိမ်းရည်မှာ ချင်းပါးပါးလှီး အနည်းငယ်ထည့်ပြီး မီးနဲ့ဆူရုံအပူပေးပြီး ခပ်နွေးနွေးသောက်ပါ။

- လောက်သေရွက်ပြုတ်ရည်ကို တစ်နေ့ မတ်ခွက်တစ်လုံးစာပြုတ်သောက်ပါ။

- မီးကွင်းဂမုန်းရွက် သတ္တုရည်မှာ ဆားလှော်အနည်းငယ် ထည့်သောက်ပါ။

- ပြည်ပန်းညိုရွက်ကိုထောင်း   အရည်ညှစ်ပြီး အကြမ်းပန်းကန်တစ်လုံးစာမှာ ပျားရည်တစ်ဇွန်းစပ်သောက်ပါ။

- ကြက်သွန်နီဥကြီးကိုမီးအုံးပြီး ပူတုန်းစားပါ။ တစ်နေ့နှစ်လုံးစားပါ။

- ရှောက်ရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်း(ဟင်းစားဇွန်း) နဲ့စပ်ပြီး သိန္ဓောဆားအနည်းငယ်ထည့်လျက်ပေးပါ။

- သင်္ဘောအဖိုပင်အရွက်ကို မီးမြှိုက်ပြီး အတို့အမြှုပ်လုပ်စားပေးပါ။

ဆရာကြီးရှင့် ကျွန်မသားလေးက အသက်ငါးနှစ်ပါ။ တစ်လောက ဖျားပြီး သုံးရက်လောက်ကြာတော့အဖျားပျောက်သွားပါတယ်။ ဒါပေမဲ့ ချောင်းဆိုးကျန်ခဲ့ပါတယ်။ အစားစားရင်လည်း သီးပြီး ချောင်းဆိုးပါတယ်။ ညအိပ်ရာဝင်လည်း ချောင်းအဆက်မပြတ်ဆိုးပြီး ကောင်းကောင်းမအိပ်ရပါဘူး။ ချောင်းဆိုးပျောက်ဆေးအရည်တွေလည်း တိုက်ပါတယ်။ ကောင်းကောင်းမသက်သာပါဘူး။ တိုင်းရင်း ဆေးနည်းလေးများ ပြောပြပေးစေလိုပါတယ်ရှင့်။

ကလေးအဖျားပြတ်ပြီးနောက် ချောင်းဆိုးကျန်နေတဲ့သူတွေအတွက် ဆေးနည်းက အိမ်သုံးဆားကို နီရဲအောင်လှော်ပြီး သံပရာရည်နဲ့ ဖျော်လျက်ပေးပါ။ ပရဆေးဆိုင်မှ သိန္ဓောဆား၊ ဇဝက်သာ၊ ပတဲကောကြီး တစ်ကျပ်သားစီဝယ် နွယ်ချို သုံးကျပ်သားနဲ့ ရောကြိတ် အမှုန့်ပြုလုပ်ပြီး  လျက်ပေးပါ။ ချင်းပါးပါးခုနစ်လွှာ၊ ကွမ်းရွက်သုံးရွက်၊ ထန်းလျက်ငါးခဲကို ရေနွေးမတ်ခွက်တစ်လုံးစာနဲ့  ရောကျိုပြီး  ဆားလှော်အနည်းငယ် ထည့်သောက်ရင် အဖျားနဲ့တွဲဖြစ်တဲ့ ချောင်းဆိုးရောဂါပျောက်ပါတယ်။  ဒန့်သလွန်ရွက်၊  တောင်အော်ရွက်၊ လဲလူရွက်တို့ကို  ဟင်းချိုချက်တိုက်ရင် အဖျားရော ချောင်းဆိုးပါပျောက်ပါတယ်။

ဆရာကြီးခင်ဗျာ ကျွန်တော့်အသက် ၆၀ ကျော်ဖြစ်ပါတယ်။ အသက် ၄၀ ကျော်ကစပြီး ရင်ကျပ်ရောဂါဖြစ်ပါတယ်။ အင်္ဂလိပ်ဆေး တွေနဲ့ ကုသပါတယ်။ ကုသတဲ့အချိန်မှာ ပျောက်ကင်းသွားပေမယ့် ရာသီဥတုအကူးအပြောင်းမှာ ချောင်းဆိုးပြီး ရင်ကျပ်ရောဂါ ပြန်ဖြစ်လေ့ရှိပါတယ်။ဆေးသောက်လိုက်ရင် သက်သာပါတယ်။ ရင်ကျပ်ရောဂါကောင်းစွာပျောက်ကင်းနိုင်မယ့်  ဆေးနည်းများရှိရင်  သိလိုပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ရင်ကျပ်ရောဂါအတွက်   ရေရှည်စွဲသောက်ရင် ပျောက်ကင်းနိုင်တဲ့ဆေးပင်ကတော့ ဇော်ဂျီတောင်ဝှေးပင်ဖြစ်ပါတယ်။ ပြုတ်ရည်ကို ဓာတ်ဘူးမှာထည့်ပြီးရေနွေးကြမ်းသောက်သလို တစ်နေ့ ဓာတ်ဘူးတစ်လုံးသောက်ပေးပါ။ ရာသီဥတုအကူးအပြောင်းမှာ ချောင်းဆိုး ရင်ကျပ်ရင်  ဇော်ဂျီတောင်ဝှေးပင်အရွက်ရော အရိုးပါ  ဒိုပါလာသကြား ခေါ် မှန်ရောင်သကြားခဲအနည်းငယ်နဲ့ရောပြုတ်ပြီး တစ်နေ့ မတ်ခွက်တစ်လုံးစာသောက်ပေးပါ။ ရင်ကျပ်ချောင်းဆိုးဖြစ်ရင် ကွမ်းရွက်ကို မီးကင်ပြီး ရင်ဘတ်နဲ့ကျောမှာကပ်ပေးပါ။ သွေးတိုး ရောဂါမရှိရင် ကွမ်းရွက်နဲ့ဆားကိုထုပ် မီးဖုတ်ပြာချပြီး အဲဒီပြာကို သံပရာရည်နဲ့ဖျော်လျက်ပါ။

ဒကာကြီး ဦးဇင်းမှာ ချောင်းဆိုးတာလကြာပြီး အခုသွေးပါလာပါတယ်။ မြို့ပေါ်တက်ပြီး ဆရာဝန်ပြဖို့ကလည်း လမ်းပန်း အဆက်အသွယ်မကောင်းလို့ ကြာဦးမယ်ထင်ပါတယ်။ ကြားထဲမှာ အဆင်ပြေအောင် ဆေးနည်းလေးများ လှူဒါန်းစေလိုပါတယ်။

ချောင်းဆိုးသွေးပါဖြစ်ရင် စံပယ်ရွက်(စံပယ်ကြီးပင်မှ အရွက်ရလျှင် ပိုကောင်းသည်)ကို သကြားအနည်းငယ်ထည့် သုံးခွက် တစ်ခွက်တင်ကျိုပြီး တစ်နေ့ သုံးကြိမ် ရေနွေးကြမ်းပန်းကန် တစ်လုံးစာသောက်ပေးပါ။ ဆီးဖြူသီးခြောက်ကို ဝက်သားသို့မဟုတ် အသားတစ်မျိုးမျိုးနဲ့နှပ်ပြီး ချက်စားရင် ချောင်းဆိုးသွေးပါ သက်သာစေပါတယ်။ အသားမစားရင် ဆီးဖြူသီးခြောက်ကိုအမှုန့်ထောင်း ပျားရည်နဲ့ရောပြီး ဟင်းစားဇွန်းတစ်ဇွန်းစာ နံနက်၊ ည ရေနွေးနဲ့သောက်ပေးပါ။ ပန်းလဲပွင့်ရနိုင်ရင် အခြောက်လှန်းပြီး လက်ဖက် ခြောက်ကဲ့သို့ ရေနွေးစိမ်သောက်ပါက ချောင်းဆိုးသွေးပါ၊ သွေးအန်သွေးရောဂါများ သက်သာစေပါတယ်။

ဆရာကြီးရှင့် ကျွန်မအဖေ အသက် ၈၀ မှာ ခြေတုန်လက်တုန်ရောဂါဖြစ်နေပါတယ်။ ထမင်းစားရင်တောင် ဇွန်းမကိုင်နိုင်ပါဘူး။ ခွံ့ကျွေးရပါတယ်။ လမ်းသွားရင် ဘေးကထိန်းပေးမှ သွားလို့ရပါတယ်။ အိပ်နေတဲ့အချိန်မှာတော့ ဘာမှမဖြစ်ပါဘူး။ သွေးပေါင်ချိန် လည်း ကောင်းပါတယ်။ ဆီးချိုလည်းမရှိပါဘူး။ ခြေတုန်လက်တုန်ရောဂါက လူကြီးရောဂါ မပျောက်နိုင်ဘူးလို့ပြောကြတာ ဟုတ်ပါ သလားရှင့်။ မပျောက်ရင်တောင် ပိုဆိုးမလာအောင် တိုင်းရင်းဆေးနဲ့ဆေးနည်းဓာတ်စာလေးများရှိရင် ပြောပြပေးစေလိုပါတယ် ရှင့်။

ခြေတုန်လက်တုန်ရောဂါက အသက်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ်။ အဲဒီရောဂါကို ကာကွယ်နိုင်တဲ့ဆေးကတော့ မီးဖိုချောင်သုံး နနွင်းမှုန့်ဖြစ်ပါတယ်။ ရှေးမြန်မာလူမျိုးတွေက ဟင်းချက်ရာမှာ ဆီသတ်ချက်လေ့ရှိပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်တို့ကို ရောပြီးမှ  ဆီသတ်ဟင်းချက်လေ့ရှိလို့  နနွင်းမှုန့်ကို နေ့စဉ် စားသုံးပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေမှာ အခုခေတ် အခေါ် (ပါကင်ဆန်ရောဂါ) ခြေတုန်လက်တုန်ရောဂါ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ခြေတုန်လက်တုန်ရောဂါသက်သာစေဖို့ နနွင်းမှုန့်ကို ဟင်းစားဇွန်းတစ်ဇွန်း၊ ပျားရည်ဟင်းစားဇွန်းတစ်ဇွန်း နံနက်၊ ည နှစ်ကြိမ်ခွဲပြီး သောက်ပေးပါ။ ဂေါ်ဖီထုပ်ကြီးကို ပြုတ်ခြေ သကြားနှစ်ဇွန်း၊ ပျားရည်တစ်ဇွန်းရောပြီး တစ်ပတ်ကို တစ်ကြိမ်စားပေးပါ။ ခြေဖဝါးမှာ နနွင်းလိမ်း မြေကြီးပေါ်မှာ ဖိနပ်မပါဘဲတွဲပြီး  လမ်းလျှောက်ပေးရင်  လူကြီးတွေ  ခြေတုန်လက်တုန်ရောဂါကို သက်သာစေနိုင်ပါတယ်။

ဆရာကြီးရှင့် ကျွန်မအသက် ၄၂ နှစ်ပါ။ ခါးနာ နေလို့ပါ။ အခန်းဘေးကရေမြောင်းထဲမှာ အမှိုက်တွေရှိနေရင် မနေတတ်လို့ ရေပုံးထဲ ရေထည့်ဆွဲပြီး နေ့တိုင်းလောင်းပါတယ်။ အဲဒီလိုလုပ်ရင်း ခါးနာဖြစ်လာတာပါ။ ဘယ်လိုဆေးမျိုးလိမ်းရမလဲ သိချင်ပါတယ်ရှင့်။

ရိုးရိုးခါးနာ အကြောမညပ်ဘဲခါးနာရင် လိမ်းဆေး လိမ်းရင်သက်သာနိုင်ပါတယ်။ ဆေးနှစ်မျိုးလိမ်းပါ။ နေ့မှာ မုန်ညင်းဆီထဲ ချင်းတက် သင့်ရုံထောင်းခြေထည့် မီးနဲ့ဆူအောင်ချက် အဲဒီဆီခပ်နွေးနွေးကို ခါးမှာစိမ့်ဝင်အောင် တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ ညအိမ်ရာဝင်မှာ ကရမက်ကို သွေးလိမ်းပြီးမှအိပ်ပါ။ အလေးအပင်မတာ၊ ရေပုံးဆွဲတာ တစ်ပတ်လောက်ရှောင်ထားပါ။ အထိုင်အထသတိရှိပါ။   မွေ့ရာနဲ့ ပျော့တဲ့နေရာမှာ မအိပ်ပါနဲ့။ လှေကား အဆင်းအတက်ရှောင်ပါ။

ဆရာကြီးရှင့် ကျွန်မအသက် ၃၆ နှစ်ပါ။ ကျွန်မရဲ့ ဆံပင်တွေကပါးပြီး လူမြင်မကောင်းအောင်ဖြစ်နေလို့ ဆံပင်ထူလာအောင် ဘယ်လိုလုပ်ရမလဲ လမ်းညွှန်ပေးပါရှင့်။

ရှားစောင်းလက်ပပ်ကိုဖြတ်ပြီး အစေးကုန်အောင် ရေစိမ်ထားပါ။ အပြင်ခွံတွေကိုဖယ် အနှစ်ကိုယူပြီး ဦးခေါင်းထဲ စိမ့်ဝင်အောင် ပွတ်လိမ်း နာရီဝက်ခန့်ထားပြီးမှ ခေါင်းလျှော်ပါ။ ထောလပတ်ရွက်ကို အခြောက်လှန်း အုန်းဆီနဲ့စိမ်ထားပြီး ညအိပ်ရာဝင်ခါနီး ဦးခေါင်းမှာ လိမ်းအိပ်ပါ။ ရေရှည်ပြုလုပ်ရင် ဆံပင်သန်လာပါလိမ့်မယ်။

ဆရာကြီးခင်ဗျာ ကျွန်တော့်မှာ ဆောင်းတွင်းရောက်တိုင်း ခြေဖနောင့်တွေကွဲပါတယ်။ ခြေဖနောင့်ကွဲသက်သာအောင် ဆေးနည်း ပြောပြပေးစေလိုပါတယ်။

ခြေဖနောင့်ကွဲနာဖြစ်ရင် ခြေဖနောင့်နှစ်ဖက်ကို တမာရွက်ပြုတ်ရည်စိမ်ပေးပါ။ ထောပတ်နဲ့ပျားရည်ရောစပ်ပြီး အက်ကွဲရာထဲ ဝင်အောင် လိမ်းပေးပါ။ သင်္ဘောရိုးအညှာကထွက်တဲ့ အစေးကိုယူပြီး အုန်းဆီနဲ့ရောစပ်လိမ်းပါ။ ထင်းရှူးဆီနဲ့ ပျားဖယောင်းကို ရောကျိုပြီး ဖနောင့်မှာ လိမ်းပေးပါ။ မုန်ညင်းဆီ၊ နှမ်းဆီတွေကို ခြေသလုံးနဲ့ ခြေဖနောင့်တွေမှာ ညအိပ်ရာဝင် ခါနီး လိမ်းအိပ်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ဒူးအထက်ကနေအောက် ရေလောင်းခြေဆေးပြီးမှ အိပ်ပါ။

ဆရာကြီးရှင့် လှေကားအဆင်းအတက်များတဲ့အခါ ဒူးနာပါတယ်။ ဒူးနာတဲ့အခါ ခုံညင်းနေရာမှာ ဖောင်းပြီးရောင်တတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲရှင့်။

ဒူးနာဒူးရောင်ဖြစ်ရင် ကိုယ်ရံကြီးဂမုန်းရွက်ကိုမီးကင် နှမ်းဆီသုတ်ပြီး ဒူးမှာ အဝတ် ဒါမှမဟုတ် ပတ်တီးနဲ့စည်းထားပေးပါ။ သုံးနာရီကြာစည်းပြီးနောက် ဖြည်ပေးပါ။ ဗာဒံရွက်၊ ကွမ်းရွက်မီးကင် ဒူးနာတဲ့နေရာမှာကပ်ပြီး ဒူးစွပ်စွပ်ထားရပါတယ်။

ကြည်လွင်မြင့်(မုဒြာ)