COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၅
    
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို တောင်ကြီးမြို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask  ၁၀၀၀ ခုကို ကျိုင်းတောင်းမြို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၅၀၀၀ ခုကို မြိတ်မြို့၌လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၆၅၀၀ ခုကို ပုသိမ်မြို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၁၅၀၀ ခုကို တောင်ငူမြို့၌လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့်နေရာများတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့ အရောက်အခမဲ့ပေးဝေလှူဒါန်းကြသည်။
    
ထို့ပြင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ကြီးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး တင်လင်းဦးနှင့်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကျောက်ကြီးမြို့၊ သိမ်တန်းရပ်ကွက်၊ တောင်ငူတန်းရပ်ကွက်၊ မေတ္တာရပ်ကွက်နှင့် လောင်ဘတ်ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၂၆ စုအား တစ်စုလျှင် Mask ၁၀ ခုစီနှင့် ဆန် ၁ အိတ်စီတို့ကို ဒေသခံပြည်သူများ၏လက်ဝယ် အရောက် သွားရောက်၍ အခမဲ့ပေးဝေလှူဒါန်းခဲ့သည်။
    
COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။