ပေါက်လဲပွင့်တဲ့တပို့တွဲခါ ဆေးဖက်ဝင်လို့စားကြပါ

ပေါက်လဲပွင့်တဲ့တပို့တွဲခါ ဆေးဖက်ဝင်လို့စားကြပါ

မြန်မာနှစ်တစ်နှစ်၏ ဆယ့်နှစ်လရာသီပန်းများတွင် ပေါက်ပန်း (Butea monosperma)ကို တပို့တွဲလ၏ ပန်းအဖြစ် မှတ်တမ်း တင်ထားသည်။ ထို့ပြင် လဲပွင့်၊ လက်ပံပွင့်၊ နှင်းဆီပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းထိမ်ငိုပန်း တို့သည်  ရောင်စုံဂန္ဓမာပန်းတို့နှင့်အတူ  ပွင့်လန်းကြသည်။ ရာသီမသိ ပန်းနှင့်ညှိဟူသော ဆိုရိုးစကားနှင့် အညီ နှာရည်ယိုရွှဲ တပို့တွဲလတွင် ပေါက်ပင်တစ်ပင်လုံး ပန်းများ ဝေနေအောင်ပွင့်ကြသည်။ ပေါက်ပန်းများသည် ကြက်တူရွေးနှုတ်သီးသဏ္ဌာန် ကွေးနေကာ လိမ္မော်နီရောင်ဖြစ်သည်။ ရနံ့မမွှေးသော် လည်း အပွင့် အလွန်လှသည်။

လိမ္မော်ရောင် နီကြန့်ကြန့်ပန်းများ ပင်လုံးကျွတ် ဝေဆာနေသဖြင့် အဝေးမှကြည့်လျှင် မီးတောက်များ သဖွယ် အမြင်ဆန်းကြယ် နေသည်။ ထို့ကြောင့် ရောမ လူမျိုးများက ပေါက်ပင်ကို Flame of the Forest (သစ်တောမီးတောက်ပင်) ဟု  အင်္ဂလိပ်အမည်မှည့် ခေါ်ကြဟန်တူသည်။ တချို့ဒေသ၌ Sesbania Formosa (Sesbania grandiflora) ဟုလည်း ခေါ်ကြသည်။ သဘာဝအလျောက် ပေါက်ရောက်သော်လည်း တချို့က ဟင်းလျာအဖြစ်စားသုံးရန်  ပေါက်ပင်ကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြသည်။ အရွက်ကိုပြုတ်၍ အတို့အမြှုပ်အဖြစ် စားသုံးနိုင်သကဲ့သို့ အရွက်ကြော် အဖြစ်တစ်မျိုး၊ ဟင်းချိုချက်၍တစ်ဖုံ စားသုံးနိုင်သည်။

ပေါက်ပင်၏ ပုံသဏ္ဌာန်

ပေါက်ပင်သည် ပိတောက်မျိုးရင်းဝင်ဖြစ်ပြီး ရုက္ခ ဗေဒအမည်မှာ Butea Frondosa Roxb ဖြစ်သည်။ တောင်တန်း ဒေသများမှအပ မြန်မာနိုင်ငံမြေပြန့်ဒေသ ရှိ ချောင်း၊ မြောင်း၊ အင်း၊ အိုင်နံဘေးတို့၌  သဘာ၀ အလျောက် ပေါက်ရောက်လေ့ရှိသည်။ ပင်စည်ဖြောင့် မတ်သော ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၅၀ မှ ၈၀ အထိ မြင့်မားသည်။ ပင်စည်တွင် အဆစ်များရှိပြီး အကိုင်းအခက်  ကောက်ကွေး၍ ထွက်သည်။ အညွန့် နှင့်အရွက်တို့တွင်  ကတ္တီပါကဲ့သို့  နူးညံ့သောအမွေး များရှိသည်။  အခေါက်မှ  အနီရောင်အစေး များထွက်သည်။

အရွက်မှာ သုံးရွက်မြွှာပေါင်းဖြစ်သည်။ ရွက်မြွှာများမှာ ထိပ်ဝိုင်း၍အရင်းကျယ်သည်။ အရွက်၏အပေါ်ယံ မျက်နှာပြင်သည် သားရေ ကဲ့သို့  ပြောင်ချောသော်လည်း   အောက်မျက်နှာပြင်တွင်  အမွေးနုလေးများ ရှိသည်။  ရွက်ကြောထင်ရှား၍   ရွက်နားညီသည်။ တန်ခူး၊  ကဆုန်လများတွင် အသီးသီးလေ့ရှိသည်။ အသီးတောင့်သည် ၆ လက်မမှ ၈ လက်မအထိရှည်ပြီး အနံမှာ ၂ လက်မခန့်ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်းတွင် အစေ့တစ်စေ့သာပါရှိပြီး ယင်းအစေ့တွင် ရှည်လျားသော အတောင်ပါရှိနေခြင်းက ပေါက်ပင်၏ ထူးခြားမှုတစ်မျိုးဖြစ်သည်။ ပန်းခိုင်တစ်ခိုင်လျှင် အပွင့် နှစ်ပွင့်မှ လေးပွင့်အထိပွင့်သည်။

ဆေးဖက်ဝင် ပေါက်ပန်း

အစေး၊ အပွင့်၊ အစေ့၊ အသီး၊ အရွက်၊ အခေါက်၊ ဥ စသည့်အစိတ်အပိုင်းအားလုံး ဆေးဖက်ဝင်သည်။ မြန်မာ့ဆေးကျမ်းများအလိုအရ  ပေါက်ရွက်သည် ဖန်၊ ခါး၊ စပ် အရသာရှိ၏၊ ပူ၏။ ဝမ်းမီးကိုတောက်စေ ၏။ သုက်ကိုပွားစေ၏။ ကျိုးသောအရိုးကို ဆက်စေ၏။ ဆီးရွှင်စေ၏။ ပေါက်သီးသည် စပ်၏။ ဒူလာ၊ သရောနာ၊ ဝမ်းမီးတောက်သောအနာ၊ အလုံးအခဲတည် သောအနာ၊ မြင်းသရိုက်နာများ အားနိုင်၏။ အပွင့်သည် ဖန်၊ ခါး၊ စပ်၏။ အေး၏။ လေကိုပွားစေ၏။ သည်းခြေ၊ သလိပ်ကိုနိုင်၏။ အသည်းရောဂါများ၊ ဆီးပူ၊ ဆီးအောင့် နှင့် နူနာရောဂါတို့ကို ပျောက်ကင်းစေ၏။ ကြက်မျက်သင့်သောအနာ၊ နှာစေးနာတို့ကို နိုင်၏။ ဒေါသ သုံးပါးစလုံးနိုင်၏။ အဆီအနှစ်ကို ဖြစ်စေ၏။ ဝမ်းကိုက် ရောဂါကိုပျောက်ကင်းစေ၏ဟု ဖော်ပြထားသည်။ အိန္ဒိယဆေးကျမ်းများတွင်မူ ပေါက်စေ့သည် ဝမ်းသက် စေ၏။ ကပ်ပါးကောင်များကို သေစေ၏။ ပေါက်ရွက်နှင့် ပေါက်ပန်းသည် ခွန်အားဖြစ်စေ၏။ အရေပြားကိုသွေးတိတ်စေ၏။   ကာမအားတိုးစေ၏။ ဆီးရွှင်စေ၏ဟု ဖော်ပြထားသည်။

အပွင့်နှင့်ကျန်းမာရေး

အဖြူနှင့်အနီနှစ်မျိုးရှိပြီး အနီရောင်ပေါက်ပွင့်က အဖြူထက်ပို၍ ဆေးစွမ်းထက်သည်။ ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံးစိမ်၍ နံနက် ပိုင်းတွင် သကြားအနည်းငယ်ထည့်သောက်ပါက စအိုဝ နာခြင်း၊ ဆီးနှင့်ရော၍သွေးပါခြင်း၊ နှာခေါင်းသွေးယို ခြင်းတို့ကို ပျောက်ကင်းစေသည်။

ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးအိမ်ရောင်ခြင်း တို့အတွက် ပေါက်ပွင့်ကို ရေနွေးနှင့်ကျိုချက်သောက်ကာ ယင်းပြုတ်ဖတ်ကို ချက်နှင့်ဆီးခုံပေါ်  အုံပေးပါက ဆီးရွှင်စေသည်။

ပေါက်ပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက် ကဲ့သို့ခတ်၍သောက်ပါက အသည်းရောဂါအမျိုးမျိုး နှင့် ပျက်စီးနေသော အသည်းကလာပ်စည်းများကို ပြန်လည်ကောင်းမွန်စေသည်။ မောပန်းခြင်းကိုပြေစေ၍ သွေးသားကိုသန့်ရှင်းစေသည်။   အသက်အရွယ် ကြီးသူများတွင်ဖြစ်တတ်သော လေအားနည်းဝေဒနာကို သက်သာစေသည်။

အပွင့်ကိုအရည်ညှစ်ပြီး  မျက်စိတွင်ခတ်ပေးပါက မျက်စိမှုန်၊ မျက်စိဝေခြင်းကို ပျောက်ကင်းစေသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အပွင့်သို့မဟုတ် အရွက်ကို အရည်ညှစ်ပြီးရှူပေးပါ။ (ခေါင်းမကိုက် သောဘက်ရှိနှာခေါင်းမှ ရှူသွင်းရမည်) အရိုးကျီးပေါင်းရောဂါ၊ လည်ပင်းအရိုးအဆစ်နာ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါက အပွင့်ကိုပြုတ်စားပေး နိုင်သည်။ မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါ အတွက် အပွင့်ကိုသုပ်စားပါ။

အစေးနှင့်ကျန်းမာရေး

အရေပြားပေါ်ရှိ အနာ၊ အဖုအပိမ့်များအတွက် လတ်ဆတ်သည့် အနီရောင်ပေါက်စေးကို လိမ်းပေးလျှင် ပျောက်ကင်းစေနိုင်သည်။ ပေါက်စေးကို ဝမ်းသွားပျောက်ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းကိုက်ခြင်း၊ ဝမ်းသွားခြင်း ဖြစ်ပါက ပေါက်စေး လက်ဖက်ရည် ဇွန်းသုံးပုံတစ်ပုံ ခန့်အား တစ်ရက်လျှင်သုံးကြိမ် ရေနွေးဖြင့်သောက် နိုင်သည်။

အစေ့နှင့်ကျန်းမာရေး

ပေါက်စေ့သည် ဝမ်းကိုက်နာ၊ အလွန်ပူသောအနာ နှင့် သွားနာရောဂါများကိုနိုင်သည်။ ယားနာ၊ ပွေးနာများအတွက် ပေါက်စေ့ကို သံပရာ ရည်နှင့်ကြိတ်၍ လိမ်းပါ။ အစေ့ကိုရေတွင်စိမ်၍  အခွံခွာပြီးလျှင်  အတွင်း ဆန်ကိုအခြောက်လှန်းကာ  ကြိတ်၍  နံနက်၊  ည တစ်ရက်နှစ်ကြိမ်ဆက်စားပြီး လေးရက်မြောက်သော အခါ ဝမ်းနုတ်ဆေးစားပါက ဝမ်းတွင်းရှိသန်ကောင် များ ကျဆင်းလာမည်။ ပေါက်စေ့မှထွက်သောအဆီသည် ပိုးမွှားနှင့် သန် ကောင်တို့ကိုနိုင်သည်။  ပေါက်စေ့၊  ငရုတ်ကောင်း၊ ရှိန်းခိုတို့ကို ဆတူထောင်း၍ အလုံးများလုံးပြီး ကျွေး လျှင် သန်များကိုသေစေသည်။

အရွက်နှင့်ကျန်းမာရေး

အရွက်ကို အားတိုးဆေးတွင်အသုံးပြုသည်။ အရွက်ကိုလိမ်းအုံပေးပါက အနာ၊ အဖုအပိမ့်များ ပျောက်ကင်းစေသည်။ အရွက်ကို အရည်ညှစ်ပြီး ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့်ဆတူရော၍ ရှူပေးပါက စိတ်ဖောက် ပြန်ပျံ့လွင့်သောရောဂါကို   ပျောက်ကင်း စေသည်။ (စိတ်ကျရောဂါအတွက်ကိုလည်း ဤနည်းအတိုင်းရှူပေးပါ) အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါဖြစ်ပါက ပေါက်ရွက်ကို ငရုတ်ကောင်းနှင့် ရောကြိတ်ပြီး ရှူနိုင် သည်။ ပေါက်ရွက်ကို ကျီးနီသီးဆန်နှင့်ရောစားပါက ပန်းသေရောဂါပျောက်သည်။

တုပ်ကွေးဖျား၊ ရိုးရိုးဖျားတို့အတွက် အရွက်ကို ကြက်သွန်နီများများဖြင့် ကြော်စားနိုင်သည်။ အပူလောင်နာဖြစ်ပါက ပေါက်ရွက် သတ္တုရည်ကို ထည့်ပေး၊ အုံပေးနိုင်သည်။ ထိခိုက်ဒဏ်ရာရပါက ပေါက်ရွက်သတ္တုရည်ကို လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးခန့်သောက် ပေးပါက အနာမန်းဝင်ခြင်းမှ ကင်းဝေးစေသည်။

ဆီးနီ၊ ဆီးနည်း၊ ဆီးကျန်ခြင်းအတွက် ပေါက်ရွက် ကို ဟင်းချက်စားနိုင်သည်။ ဆီးကျောက်တည်သူများ ပေါက်ရွက်ကိုပြုတ်၍ တို့စရာအဖြစ် မကြာခဏ စားသုံးနိုင်သည်။ ဝက်ရူးပြန်ရောဂါအတွက် ပေါက်ရွက်နှင့် ငရုတ် ကောင်းကို နွားကျင်ငယ်ရည်ဖြင့်ကြိတ်၍ ရှူပေးနိုင်သည်။

အခေါက်နှင့်ကျန်းမာရေး

အခေါက်နှင့်အစေ့ကို မြွေဆိပ်ကုသရာတွင်လည်းကောင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင်လည်း ကောင်း အသုံးပြုနိုင်သည်။ အခေါက်ကို ချင်းနှင့်ပြုတ်သောက်သော် အဆိပ်တက်ခြင်းမှ ပြေစေသည်။ တီဘီအဆုတ်နာ၊ ငှက်ဖျားရောဂါများအတွက် အပွင့်နှင့် အခေါက်ပြုတ်ရည်သောက်ပါ။

ဥနှင့်ကျန်းမာရေး

ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍စားပါက အားအင် ပြည့်ဖြိုးကာ အသက်ရှည်စေသည်။

အမြစ်နှင့်ကျန်းမာရေး

အမြစ်သတ္တုရည်သည် မျက်စိရောဂါ၊ မျက်စိစွန်ခြင်းတို့ကိုပျောက်ကင်းစေပြီး မျက်စိအမြင်ကို ကြည်လင်စေသည်။ အမြစ်နှင့် အရွက်မှရရှိသော သတ္တုရည်ကို အဆီပြန်အောင်ချက်၍ ထိုအဆီကို ကွမ်းရွက်တွင်ထည့်စားလျှင် ကာမသတ္တိဖြစ်စေ၍ အားတိုးဆေး တွင် အသုံးပြုကြသည်။ အဆစ်ရောင်ရောဂါအတွက် အမြစ်ကို ရေနှင့်သွေးပြီး မီးနှင့်နွေးအောင်ပြုကာ ရောင်နာနေသောအဆစ် ပေါ်လိမ်းပေးပါ။

သတိပြုရန်

ပေါက်ပင်တစ်ပင်လုံး ဆေးဖက်ဝင်သည်ဆိုသော် လည်း တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အလွန်အကြူး စားသုံးမိပါက  ကျောက်ကပ် ပျက်စီးတတ်ပြီး သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့်  နို့တိုက်မိခင်များ  စားသုံးရန် မသင့်ပေ။                           

ပေါက်ပေါက်