အရက်နှင့်ဆေးလိပ်ကြောင့်ဖြစ်စေတတ်သော ဆိုးကျိုးများ
အရက်နဲ့ဆေးလိပ်ကြောင့် ကျန်းမာရေးအတွက် ကုန်ကျစရိတ်က နှစ်ဆကနေ ငါးဆကျော်အထိရှိနိုင်ပါတယ်။ အရက်သောက်ခြင်း ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို အမျိုးမျိုးထိခိုက်ပြီး ရောဂါအမျိုးမျိုးကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်တွင်းခုခံမှုစွမ်းအားလည်း ကျဆင်း လာစေပါတယ်။ အရက်အလွန်အကျွံသောက်ကြတဲ့ အရက်စွဲသူတွေမှာ အရက်ကြောင့်ဖြစ်တဲ့ရောဂါ အမျိုးမျိုး ခံစားကြ ရပါတယ်။
အာဟာရဓာတ်ချို့တဲ့ခြင်း (အသားဓာတ်၊ ဗီတာမင် ဓာတ်များချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းရောဂါ) ဖြစ်တတ်တယ်။ အသည်းကြွပ်ဆတ်ရောဂါ (Cirrhosis of Liver)၊ အသည်းကင်ဆာ(HCC)၊ အစာအိမ်ရောင်ခြင်း(Gastritis)၊ အစာအိမ်ရောဂါ (Gastriculcer)၊ ပါးစပ်နှင့်လည်ချောင်းကင်ဆာ၊ အာရုံကြောရောင်ထုံကျဉ်နာ (Neuritis)၊ နှလုံးကြွက်သားရောဂါ၊ အရက်ကြောင့် ဖြစ်တဲ့ ကယောင်ကတမ်းဖြစ်ခြင်းရောဂါ၊ အာရုံပြောင်းစိတ္တဇရောဂါ (Alcoholic Dementia)တို့ဖြစ်တတ်ပါတယ်။
အရက်စွဲသူတွေမှာ အာဟာရချို့တဲ့မှု၊ သွေးအား နည်းရောဂါစွဲကပ်လေ့ရှိတယ်။ အရက်စွဲသူတွေက အရက်ကို အဓိကထား သောက်ကြပြီး အစားအစာကို လုံလုံလောက်လောက် စားသုံးလေ့မရှိကြဘူး။ စားလိုက်တဲ့အခါမှာလည်း ကောင်းစွာကြေညက်ခြင်း မရှိဘူး။ တချို့လည်း အရက်ကိုသောက်ပြီးရင်းသောက်ကာ အစားကို ကောင်းစွာမစားဖြစ်ဘူး။ အရက်စွဲသူတွေမှာ အဓိကက အသားဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်ချို့တဲ့တတ်ပါတယ်။ အရက်စွဲသူအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက အသည်းဆိုင်ရာရောဂါနဲ့ ၁၂ ရာခိုင်နှုန်းခန့်က အသည်းကျွမ်းရောဂါကို ခံစားကြရပါတယ်။ အရက်ဖြတ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာစားပေးရင် အသည်းမှာ စုဝေးတဲ့ အဆီဓာတ်တွေပျက်ပြယ်ပြီး အသည်းရောင်ရောဂါသက်သာလာနိုင်ပါတယ်။
အသည်းရောင်နေတဲ့အဆင့်မှာ အရက်မဖြတ်ဘဲ ဆက်လက်သောက်သုံးနေရင် အသည်းဆဲလ်တွေချို့ယွင်းပျက်စီးပြီး အသည်းမှာ အမာရွတ်ဖြစ်လာနိုင်ပါတယ်။ အသည်းကျွမ်းရောဂါအဆင့်၊ အသည်းကင်ဆာဖြစ်နိုင်ပါတယ်။ အသည်းကျွမ်းရောဂါရရှိပြီးနောက် အသည်းက မူလအတိုင်း ပြန်လည်ကောင်းမွန်လာဖို့မဖြစ်နိုင်တော့ဘူး။ ရေဖျဉ်းစွဲခြင်း၊ သွေးအန်ခြင်းတို့ဖြစ်လာပြီး ရောဂါတဖြည်း ဖြည်းရင့်လာကာ အသက်ဆုံးရှုံးရပါတယ်။
အရက်သောက်ထားတဲ့အချိန် အစာအိမ်မှာ အစာရှိသင့်သလောက်မရှိတတ်လို့ အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်ရောဂါစွဲကပ်ဖို့ အခွင့်အလမ်းများနိုင်တယ်။ အရက်စွဲသူအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းက အာရုံကြောထုံကျဉ်ခြင်း ဖြစ်တတ်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ စိတ်ရောဂါအမျိုးမျိုးက အရက်စွဲသူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမှာ ဖြစ်ပွားနိုင်ပါတယ်။ အရက်ကယောင်ကတမ်းရောဂါဖြစ်ရင် ဂနာမငြိမ်လှုပ်ရှားနေတတ်ပါတယ်။ စိတ်ရောဂါမှာ မှတ်ဉာဏ်လွဲမှားချို့ယွင်းခြင်းက အဓိကဖြစ်ပွားတယ်။
အာရုံပြောင်းစိတ္တဇရောဂါဖြစ်ရင် အမှန်တကယ်မရှိတဲ့အရာကို မြင်တာ၊ အမှန်တကယ်မရှိတဲ့အနံ့နံတာ၊ တကယ်မရှိတဲ့ အသံမဲ့ကြား တာတို့ ဖြစ်တတ်ပါတယ်။ အရက်ဦးနှောက်ပျက်ရောဂါက အသိဉာဏ်နဲ့စဉ်းစားဆင်ခြင်ဉာဏ်ကို ယိုယွင်းစေပါတယ်။ အရက်စွဲသူ အများစုက စိတ်ဖောက်ပြန်ပြီး တစ်စုံတစ်ယောက်အပေါ် အမြဲသံသယဝင်နေတတ်ပါတယ်။
တချို့ဆေးတွေက အရက်နဲ့ဓာတ်မတည့်ပါဘူး။ အယားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အက်စပရင်ပါတဲ့ ဆေးတွေ၊ မက်ထရိုနီတဇော၊ ဝမ်းကိုက်ပျောက်ဆေး၊ ဆီးချိုဆေး၊ စိတ်ကြွဆေး၊ သွေးတိုးကျဆေးတို့က အရက်နဲ့ ဓာတ်မတည့်တဲ့ ဆေးတွေဖြစ်ပါတယ်။
အရက်စွဲနေသူတိုင်း အမြန်ဆုံးနဲ့အရေးကြီးဆုံး ဆောင်ရွက်ရမယ့်အချက်က အရက်ဖြတ်ဖို့ဖြစ်ပါတယ်။ စနစ်တကျ မှန်ကန် ထိရောက်စွာ အရက်ဖြတ် နိုင်ဖို့ အဓိကအချက်သုံးချက် လိုအပ်ပါတယ်။ အဲဒီအချက်တွေက အရက်ဖြတ်မယ့်သူရဲ့ ခိုင်မာတဲ့ဇွဲနဲ့ စိတ်ဓာတ်၊ မှန်ကန်တဲ့အရက်ဖြတ်နည်း၊ ပတ်ဝန်းကျင် အကူအညီလိုအပ်ပါတယ်။ အရက်စတင်ဖြတ်တဲ့အခါ အိပ်မပျော်တာ၊ အစား အသောက်ပျက်တာ၊ ခြေတုန်လက်တုန်၊ ချွေးထွက်တာ၊ အိပ်မက်ဆိုးတွေမက်တာ၊ ကယောင်ကတမ်းဖြစ်တာ စတဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ ကုသဖို့၊ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသဖို့လိုအပ်ရင် ဆေးရုံတက်ပြီး အရက်ဖြတ်ဖို့ လိုအပ်ပါတယ်။
အရက်ဖြတ်နေတဲ့လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ရဲ့အကူအညီလည်း လိုအပ်ပါတယ်။ မိတ်ဆွေကောင်းတွေအနေနဲ့ အရက်ဖြတ်ထားသူကို အရက် ပြန်သောက်ဖို့ မဆွဲဆောင်သင့်ပါဘူး။ ပတ်ဝန်းကျင် အသစ်ဖန်တီးသင့်ပြီး အရက်နဲ့ကင်းဝေးတဲ့ တခြား လုပ်ငန်းတွေကို အာရုံပြောင်းဖို့ ကူညီအားပေးသင့်ပါတယ်။ ဘာသာရေးကို ပိုမိုသက်ဝင်ယုံကြည်စေခြင်းကလည်း အရက်ကို လုံးဝပြတ်သွားစေနိုင်ပါတယ်။ အရက်သောက်သူတွေလိုပဲ ဆေးလိပ်၊ ကွမ်းတို့ကလည်း ဆေးရွက်ကြီးအခြေခံ နီကိုတင်းပါဝင်လို့ လူကို စွဲလမ်းစေပါတယ်။ စီးကရက်တစ်ခါရှူရှိုက်ပြီး ပြန်ထုတ်လိုက်ရင် ဆေးငွေ့ပမာဏရဲ့ ၉၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်သူရဲ့ အဆုတ်ထဲမှာ စွဲကျန်ရစ်တယ်။ ဆေးလိပ်ကို ရှူရှိုက်ခြင်းမှရတဲ့ ဆေးလိပ်ငွေ့မှာ နီကို တင်း၊ ဘန်ဇိုပိုင်ရင်း၊ ကာဗွန်မိုနောက်ဆိုက်၊ ဖီနော၊ ဖောမစ်အက်စစ်၊ နိုက်ထရစ်အက်စစ်၊ အောက်ဇလစ် အက်စစ်၊ အက်ဆီတုန်း စတဲ့ကင်ဆာဖြစ်စေတဲ့ ဓာတု ပစ္စည်း ၄၀ နဲ့ တခြားဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်ပါတယ်။
အဲဒီဓာတ်ငွေ့တွေမှာ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့နဲ့ နီကိုတင်းက အဆိုးဆုံးဓာတ်ငွေ့ဖြစ်တယ်။ ဆေးလိပ်ဖြတ်ချင်ရင် အီးစီးကရက်နဲ့ မဖြတ်သင့်ပါဘူး။ အီးစီးကရက် (န-ခငါမနအအန)မှာ နီကိုတင်းနဲ့ လူတွေကြိုက်နှစ်သက်တဲ့ရနံ့ထည့်သွင်းထားလို့ လူကိုစွဲလမ်းစေပါတယ်။ ဒါ့ပြင် ဆေးလိပ်သောက်တာနဲ့မခြား ဘေးထွက်ဆိုးကျိုးလည်း ခံစားရပါတယ်။ ဆေးလိပ်မြန်မြန်သောက် လေ နီကိုတင်းများများရလေလေ၊ ဆေးလိပ်ကုန်ခါနီးလေ ပိုများရလေလေဖြစ်ပါတယ်။ ဆေးလိပ်က မိမိအတွက်ရော ပတ်ဝန်းကျင် အတွက်ပါ အန္တရာယ်ရှိစေပါတယ်။ နီကိုတင်းဓာတ်ကိုစွဲလမ်းမှုကြောင့် ဆေးလိပ်ဖြတ်ချင်ပေမယ့် ဖြတ်ရခက်ခဲပါတယ်။ ဆေးလိပ် အတွက် စဖြတ်မယ့်ရက်သတ်မှတ်ပြီး ဆေးလိပ်နဲ့မီးခြစ် လက်တစ်ကမ်းမှာရှိမနေသင့်ပါဘူး။ ဆေးလိပ်သောက်ချင်စိတ်ရှိရင် သကြားလုံး၊ အချဉ်ငုံနိုင်ပါတယ်။
တစ်ယောက်တည်း ကျိတ်မဖြတ်သင့်ပါဘူး။ မိသားစု၊ သူငယ်ချင်းတွေရဲ့ အားပေးထောက်ခံမှုနဲ့ အကြံဉာဏ်တွေ ယူသင့်ပါတယ်။ ဆေးလိပ်မသောက်ဖြစ်အောင် အလုပ်များများ လုပ်သင့်ပါတယ်။ အလုပ်များလေ ဆေးလိပ်သောက်ဖို့နည်းလေ၊ ဆေးလိပ် ပြတ်နိုင်ခြေများလေ ဖြစ်ပါတယ်။ နေ့စဉ် နာရီဝက်ကနေ တစ်နာရီကြာ အားကစား တစ်ခုခု (ဥပမာ-လမ်းလျှောက်၊ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး) ပြုလုပ်သင့်ပါတယ်။ ဆေးလိပ်သောက်မိဖို့ တွန်းအားဖြစ်စေတဲ့အရာ မှန်သမျှ ရှောင်သင့်ပါတယ်။ ဆေးလိပ် မသောက်ရနေရာတွေ ရွေးချယ်သွားလာသင့်တယ်။ ဆေးလိပ်မသောက်သူ သို့မဟုတ် ဆေးလိပ်အောင်မြင်စွာ ဖြတ်လိုက်နိုင်သူ တွေကို မကြာခဏတွေ့ဆုံသင့်တယ်။ ဆေးလိပ်ဖြတ်တာ ထင်သလောက်မလွယ်ပေမယ့် မိမိတစ်ရက်ဆေးလိပ် မသောက်ဘဲ နေနိုင်ရင်၊ ရက်ဆက်မသောက်ရင် မိမိကိုယ်ကိုအောင်မြင်ကြောင်း ဆုချသင့်ပါတယ်။ ဆေးလိပ်ဖိုးငွေတွေစုပြီး မွေးနေ့ပွဲ၊ မိသားစု စားပွဲတွေပြုလုပ်သင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်