ကမ္ဘာပေါ်က နယ်မြေအကျဉ်းဆုံးနိုင်ငံများ (၂)

ဆန်မာရီနို

ဆန်မာရီနိုနိုင်ငံဆိုတာ အီတလီနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး လူဦးရေ ၃၅၀၀၀ နီးပါးသာရှိပါတယ်။

ရုံးသုံးဘာသာစကားကတော့ အီတလီဘာသာစကားကိုပဲအသုံးပြုပြီး ရိုမန်ကက်သလစ်ဘာသာကို ကိုးကွယ် ကြပါတယ်။ နိုင်ငံဆိုပေမယ့် မြို့ပြကြီးတစ်ခုလိုဖြစ်နေတဲ့ ဆန်မာရီနိုနိုင်ငံအတွက် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုး မွေးမြူရေးက အလွန်အရေးပါပါတယ်။ နိုင်ငံငယ်လေးဖြစ်သော်ငြားလည်း သူ့ပြည်သူတွေအတွက်တော့ အရေးပါတဲ့ လူမှုရေးအစီအစဉ်တွေ ဖော်ဆောင်ပေးထားပါတယ်။

အဲဒီအစီအစဉ်တွေထဲမှာ အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက် ၁၆ နှစ်အထိ အခမဲ့ ပညာရေးအပြင် အိမ်တစ်လုံးစီပိုင်ဆိုင်နိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးမှုတွေ ပါဝင်ပါတယ်။

ဒီနိုင်ငံငယ်လေးဟာ ၁၅ ရာစုနှစ်လောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ယနေ့ထိတိုင်ကျန်ရှိနေသေးတဲ့ အီတလီရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ပြနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ရောမမြို့ကနေ ဖိနှိပ်ခံရတဲ့ ခရစ်ယာန် ဘာသာဝင်များထွက်ပြေး ပုန်းခိုရာနေရာအဖြစ်ကနေ စတင်အခြေတည်လာတဲ့ ဆန်မာရီနိုနိုင်ငံရဲ့ အကျယ် အဝန်းကတော့ စတုရန်းမိုင် ၂၄ မိုင်ရှိပါတယ်။

မာရှဲကျွန်းစု

ကမ္ဘာ့နယ်မြေ အကျဉ်းဆုံးနိုင်ငံစာရင်းဝင် တခြားကျွန်းစုနိုင်ငံတွေလိုမျိုးပဲ မာရှဲကျွန်းစုနိုင်ငံဟာလည်း အီကွေတာအနီးမှာ တည်ရှိပြီး သန္တာကျွန်းစုတွေဖြစ်ပါတယ်။

ဧရိယာအားဖြင့် စတုရန်းမိုင် ၇၀ ရှိပြီး ကျွန်းပေါင်း ၁၀၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ မာရှဲကျွန်းစုနိုင်ငံမှာ လူဦး ရေ ၅၀၀၀၀ ကျော်နေထိုင်ပါတယ်။

ကျွန်းစုနိုင်ငံဖြစ်တာနဲ့အညီ သဘာဝသယံဇာတ ရှားပါးတာကြောင့် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏက ပိုများပါတယ်။ သူတို့ရဲ့စီးပွားရေးကတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ လက်မှုပစ္စည်းထုတ်လုပ်မှု၊ တူနာငါး ပြင်ဆင်ထုပ်ပိုးမှုနဲ့ ခရီးသွားလုပ်ငန်းတို့ဖြစ်ပါတယ်။

မာရှဲကျွန်းစုကို အဓိကထောက်ပံ့ပေးနေတာက အမေရိကန်နိုင်ငံပါ။ ဒါ့အပြင် အမေရိကန်နိုင်ငံဟာ အဲဒီနိုင်ငံရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးကိုလည်း တာဝန်ယူထားပါတယ်။ အကြောင်းရင်းကတော့ အမေရိကန်က အဲဒီနိုင်ငံကို အခြေစိုက်စခန်းအဖြစ်သာမက ဒုံးကျည်စမ်းသပ်ကွင်းအဖြစ်ပါ အသုံးချနေတာကြောင့်ဖြစ် ပါတယ်။

မာရှဲကျွန်းစုနိုင်ငံဟာလည်း တခြားကျွန်းစုနိုင်ငံတွေလိုပဲ ပင်လယ်ရေအောက်ကို တဖြည်းဖြည်းရောက်ရှိ နစ်မြုပ်လာတဲ့ နိုင်ငံဖြစ်နေပါပြီ။

စိန့်ကစ်အန်နီဗစ်

စိန့်ကစ်အန်နီဗစ်ဆိုတာကတော့ ကျွန်းနှစ်ကျွန်းသာ ပါဝင်တဲ့ နိုင်ငံငယ်တစ်ခုဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ကာရေဘီယံပင်လယ်တို့ကြားမှာ တည်ရှိပါတယ်။

အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၀၄ မိုင်ရှိပြီး ကျွန်းနှစ်ကျွန်းစလုံးဟာ သန္တာကျောက်တန်းတွေရဲ့ ပတ်ပတ်လည် ဝန်းရံခြင်းကို ခံထားရပါတယ်။ နေထိုင်သူအများစုကတော့ အာဖရိကနွယ်ဖွားတွေဖြစ်ပြီးနိုင်ငံ အတွင်းလူဦးရေ စုစုပေါင်းက ၅၂၀၀၀ ကျော်သာ ရှိပါတယ်။

ကြံစိုက်ပျိုးထုတ်လုပ်တာက သူတို့အတွက် ပင်မစီးပွားရေးအဖြစ် တစ်ချိန်ကရပ်တည်ခဲ့ပေမယ့် အခုတော့ ခရီးသွားလုပ်ငန်းက နိုင်ငံ့စီးပွားရေးကိုစတင်မောင်းနှင်နေပါပြီ။

အရင်တစ်ချိန်တုန်းက ဗြိတိန်နဲ့ပြင်သစ်နိုင်ငံတို့ရဲ့ ကိုလိုနီပြုမှုခံခဲ့ရတဲ့ အဲဒီနိုင်ငံဟာ အခုတော့ ဓနသဟာယ နိုင်ငံများအဖွဲ့မှာ လွတ်လပ်တဲ့အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေပြီဖြစ်ပါတယ်။

မော်ဒိုက်

လှပတဲ့ကမ်းခြေတွေကို ပိုင်ဆိုင်ထားပြီး ခရီးသွားလုပ်ငန်းမှာနာမည်ကြီးလှတဲ့ မော်ဒိုက်နိုင်ငံကလည်း ကမ္ဘာ့ နယ်မြေအကျဉ်းဆုံး နိုင်ငံများ စာရင်းထဲမှာ ပါဝင်ပါတယ်။

မော်ဒိုက်နိုင်ငံထင်ရှားရတဲ့ အကြောင်းရင်းတွေက မယုံကြည်နိုင်လောက်အောင်လှပတဲ့ ကမ်းခြေများ၊ မြို့ပြ အလှအပများ၊ အပန်းဖြေစခန်းများ စတဲ့ဇိမ်ခံနေရာတွေကြောင့်ဖြစ်ပါတယ်။

ဘယ်မှာရှိလဲဆိုရင် အိန္ဒိယ သမုဒ္ဒရာထဲမှာရှိပြီး သီရိလင်္ကာနိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိပါတယ်။ မော်ဒိုက်နိုင်ငံရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ကမ္ဘာပေါ်မှာ မြေအနိမ့်ဆုံးဒေသ တစ်ခုဖြစ်တာပါပဲ။

ဘာကြောင့်လဲဆိုရင် အဲဒီနိုင်ငံဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄ ပေမှာရှိလို့ဖြစ်ပါတယ်။ မော်ဒိုက်နိုင်ငံ မှာ သန္တာကျွန်း ၂၆ ကျွန်းရှိပြီး ကျွန်းပေါင်း ၁၁၀၀ ကျော်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီကျွန်းတွေအနက် သုံးပုံ တစ်ပုံမှာသာ လူနေထိုင်တာပါ။ စတုရန်းမိုင် ၁၁၄ မိုင်ကျယ်ဝန်းတဲ့ မော်ဒိုက်နိုင်ငံမှာ လူဦးရေ စုစုပေါင်း ၅၀၀၀၀ ကျော်သာနေထိုင်တာဖြစ်ပါတယ်။

 မော်တာ

မော်တာနိုင်ငံဟာ ရှုပ်ထွေးတဲ့သမိုင်းကြောင်းရှိတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ မြေထဲပင်လယ်ထဲမှာရှိတဲ့ မော်တာနိုင်ငံ ဟာ ကမ္ဘာစစ်ကြီးတွေ အတွင်းမှာ အလွန်အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တာပါ။

မော်တာနိုင်ငံကို အုပ်ချုပ်ခဲ့သူတွေက ရောမ၊ ဂရိမှသည် အာရပ်၊ ဆစ္စလီ၊ ပြင်သစ်၊ ဗြိတိန်နဲ့ တခြားနိုင်ငံ တွေဖြစ်ပါ တယ်။

၂၀၀၄ ခုနှစ်မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်လာတဲ့ မော်တာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံး နိုင်ငံ စာရင်းထဲမှာလည်း ပါဝင်နေပါတယ်။

အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၂၂ မိုင်သာရှိတဲ့ မော်တာနိုင်ငံရဲ့လူဦးရေက ငါးသိန်းနီးပါးရှိတာကို တွေ့ရပါတယ်။

သင်္ဘောကျင်းလုပ်ငန်း၊ ဘဏ္ဍာရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး၊ ငါးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်း တွေက မော်တာနိုင်ငံရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေဖြစ်ပါတယ်။

နွေဉီး