နှလုံးရောဂါကလေးလူနာ ၁၃ ဦးကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တွင် အောင်မြင်စွာကုသမှုများ ဆောင်ရွက်ပေးခဲ့
နေပြည်တော် ဖေဖော်ဝါရီ ၁
ကျန်းမာရေးဝန်ကြီးဌာန ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသဆောင်၌ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital-1 မှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin သည် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသ ဆောင်မှပါမောက္ခ(ကလေးနှလုံး) ဒေါက်တာခင်မောင်ဦး ဦးဆောင်သည့် ကလေးနှလုံးကုဆရာဝန်များနှင့်အတူ ပူးပေါင်း ဆောင်ရွက် ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ မွေးရာပါ နှလုံးရောဂါကလေးလူနာများကို ကုသမှုများ ပေးအပ်ခဲ့ရာတွင် ခွဲစိတ်ကုသရန်မလိုဘဲ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက်ကို အသုံးပြု၍ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများ ဖြင့် နှလုံးရောဂါကလေး လူနာ စုစုပေါင်း ၁၃ ဦးကို အောင်မြင်စွာ ကုသမှုများဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကလေးလူနာခြောက်ဦး ပြန်လည်ခေါ်ယူကြည့်ရှုရာတွင် လူနာများ၏အခြေအနေ တိုးတက်ကောင်းမွန်ကြောင်းသိရပြီး ကျန်ကလေး လူနာခုနစ်ဦးအားလည်း ၂၀၂၃ခုနှစ် မတ်လအတွင်းတွင် ပြန်လည် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ကလေးအထူးကုဆေးရုံကြီးမှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin သည် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကု ဆရာဝန်များနှင့်အတူ မကြာခဏ ပူးပေါင်း ဆောင်ရွက်၍ နှလုံးရောဂါကလေးလူနာများအား အောင်မြင်စွာကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွေးရာပါနှလုံးရောဂါ ကလေးလူနာများကို နှလုံးပိုက်သွင်း၍ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကု ဆရာဝန်များကိုယ်တိုင် ဆောင်ရွက်၍ လည်းကောင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သော ကလေးနှလုံးအထူးကု ဆရာဝန်များအား ဖိတ်ခေါ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ် သြဂုတ်လမှ ယနေ့အထိ စုစုပေါင်း ကလေးလူနာ ၁၄၀၃ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြင်ပလူနာကြည့်ရှုကုသမှုအနေဖြင့် ကလေးလူနာ ၃၃၆၂၄ ဦးကိုလည်းကောင်း၊ နှလုံးပုံရိပ်ဖော်စက်ဖြင့်စမ်းသပ်ကုသပေးမှုဆောင်ရွက်ပေးသော ကလေးလူနာ ၁၉၃၄ ဦးကိုလည်းကောင်း၊ နှလုံးပိုက်သွင်း၍ကုသမှု ဆောင်ရွက်ပေးသော ကလေးနှလုံးလူနာ ၈၈ ဦးကိုလည်းကောင်း ကုသပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)