ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု ဆတိုးမြင့်တက်လာနိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

ပဲရစ်၊ ကျန်းမာရေး

လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုသည် ဆတိုးမြင့်တက်လာနိုင်ပြီး ဒုတိယအကျော့ ရောဂါကူးစက်မှုများကို ကိုင်တွယ်နေရသည့် ကျန်းမာရေးစနစ်၏ လုပ်နိုင်စွမ်းကိုခြိမ်းခြောက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

တစ်ချိန်တည်းမှာပင် ပြင်သစ်နှင့်ဘယ်ဂျီယံအပါအဝင် နိုင်ငံအများအပြားက ရောဂါကူးစက်မှုထိန်းချုပ် ကန့်သတ်ချက်များကို အောက်တိုဘာ ၂၄ ရက်တွင် တင်းကျပ်လာကြောင်းသိရသည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ပထမအကျော့ ရောဂါကူးစက်မှုကာလအတွင်း တင်းကျပ်သော အသွားအလာ ကန့်သတ်မှုများကြောင့် ကျဆင်းနေသော စီးပွားရေးကို နာလန်ထူရန်လိုအပ်ချက်နှင့် လက်ရှိဖြစ်ပွားနေသော ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကန့်သတ်ချက်များအကြား ဟန်ချက်ညီစေရန် ကြိုးပမ်းနေရသည်။ ဥရောပဒေသရှိနိုင်ငံများ၌ ရောဂါကူးစက်မှုမြင့်တက်လာသည့်အတွက် ညမထွက်ရ အမိန့်နှင့် လူစုလူဝေးမဖြစ်စေရေး အပါအဝင် ကန့်သတ်ချက်အသစ်များကို ချမှတ်ထားသည်။ သို့သော် တစ်နိုင်ငံလုံးကို အသွားအလာတားမြစ်ကန့်သတ်မှု ထပ်မံချမှတ်ထားခြင်း မရှိပေ။ ဂျာမနီနိုင်ငံ၌ ရောဂါကူးစက်မှုကြောင့် သေဆုံးသူအယောက် ၁၀၀၀၀ ရှိလာပြီးနောက် ပြည်သူများအနေဖြင့် လူစုလူဝေး မလုပ်ရန် ဝန်ကြီးချုပ်အိန်ဂျလာမာကယ်က သတိပေးထားသည်။ ပိုလန်သမ္မတ အန်ဒရတ်ဒူဒါကလည်း ၎င်းအနေဖြင့် ရောဂါကူးစက်ခံထားရကြောင်း အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။

စပိန်နိုင်ငံ၌ ရောဂါကူးစက်ခံရသူ စုစုပေါင်း အယောက်တစ်သန်းရှိလာကြောင်း ယခုသီတင်းပတ်အတွင်း ကြေညာထားပြီး နိုင်ငံတော်အဆင့်အရေးပေါ် အခြေအနေ၊ ညမထွက်ရအမိန့်နှင့် အခြားကန့်သတ်ချက် များကို ချမှတ်ထားကြောင်းသိရသည်။

Ref: The Straits Times