ငယ်ဘဝ

ယမန်နေ့မှအဆက်

အပြန်ခရီးတွင် မို့မို့ပါသောကားပေါ်မှာ လိုက်ခဲ့ရန် သူငယ်ချင်းများက လှမ်းခေါ်သည်။ မောင်ငြိမ်းချမ်း ခေါင်းခါပြလိုက်သည်။

သီတာဒေဝီမင်းသမီးလေးပါသောကားကိုလည်း မောင်ငြိမ်းချမ်းမလိုက်ဖြစ်ပါ။ သို့သော် ဘာကြောင့် မှန်းမသိ။ ထိုကားထွက်သွားသည်ကို ငေးကြည့်နေမိသည်။ လူကစိတ်နှင့်ကိုယ်နှင့်မကပ်ချင်။ ကိုယ်အမြတ် တနိုးတန်ဖိုး ထား၍ချစ်မိသူက ကိုယ့်ကိုလုံးဝ စိတ်မဝင်စားပါဆိုသော စာအတွက် ရင်မှာနာကျင်ခံစားနေရသည်။ ဘာဆက်လုပ်ရမှန်းလည်း မသိ။ ငေးငေးငိုင်ငိုင် ကျန်ရစ်ခဲ့သော မောင်ငြိမ်းချမ်းနောက်ဆုံးကျန်သော ကားနှင့် လိုက်ပါလာခဲ့သည်။

ချစ်ကြည်နူးစရာအပျော်ရက်များ

ရွှေစာရံခရီးမှ ပြန်လာပြီးသုံးရက်မှာ နေ့ခင်းအခန်း ပြန်လာသောအခါ စာလေးတစ်စောင်ရောက်နေသည်။ သိပါသည်။ မို့မို့လက်ရေး သို့သော်စိတ်အားမတက်မိပါ။ စာကိုဖောက်ဖတ် လိုက်သည်။ ရေးထားသည်က တစ်ကြောင်းတည်း။

ကိုငြိမ်းချမ်း

ရှင်လိုချင်တဲ့အဖြေပေးလိုက်ပြီ

                                    မို့မို့

မယုံနိုင်စရာ။ မောင်ငြိမ်းချမ်း အံ့သြဝမ်းသာဖြစ်ရသည်။

“အောင်ပြီကွ။ ငါ့ဘဝမှာ အရချင်ဆုံးဆန္ဒပြည့်ပြီ”

တစ်ကိုယ်လုံးမှာ အပျော်တွေပြန့်ပြီး အားအင်တွေပြည့်သွားသလို ရွှင်လန်းတက်ကြွနေသည်။ မြန်လိုက် သည့်အပြောင်းအလဲ လောကမှာ ပျော်စရာအကောင်းဆုံးလူ။ ကံအကောင်းဆုံးလူဟု ကိုယ့်ဘာသာခံစားရ သည်။

ဝမ်းသာအားရ စာရှည်ရှည်တစ်စောင်ရေးပြီး စာတိုက်ပုံးရှိရာသို့ ပြေးခဲ့ရသည်။ ချစ်သူရှိပြီ။ ငါ့မှာချစ်သူရှိပြီ။ ရဖို့ခက်တဲ့ အလွန်ရှက်တဲ့ မိန်းကလေးရဲ့ မေတ္တာကိုရပြီ။ တစ်သက်လုံးအမြတ်တနိုးချစ်ရမယ့်ချစ်သူ၊ တစ်သက်တာအတွက် ဘဝအဖော် ပျော်လိုက်တာ။

မောင်ငြိမ်းချမ်း၏ ခြေကမြေမှာမထိ။ လေမှာလမ်းလျှောက်နေရသည်။ မောင်ငြိမ်းချမ်းစာထည့်ပြီး  တစ်ပတ် အတွင်းမှာ စာပြန်လာသည်။ ချစ်သူထံမှစာ။ အတိအကျချစ်သူဖြစ်သွားပြီ။ ချစ်စရာကောင်းသော အနုအနွဲ့၊ အလှအပသိင်္ဂါရ ရသများကို ဖတ်ရတော့မည်။ ကြည်နူးစိတ်နှင့် စာကလေးကို ဖောက်ဖတ်လိုက်၏။ ရေးထားသည်က တိုတိုလေး။

သူနဲ့ချစ်သူဖြစ်တဲ့အကြောင်း ဘယ်သူ့ကိုမှမပြောပါနဲ့။ ပါလာဆောင်(ဧည့်ဆောင်)ကိုလည်းမလာပါနဲ့။ လမ်း တွေ့ရင် စာသင်ခန်းမှာတွေ့ရင်လည်း နှုတ်မဆက်ပါနဲ့။ အရင်ကလိုပဲနေပါတဲ့။ ချစ်သူ၏ပထမဆုံး အမိန့်ပေးစကား။ ဟုတ်တာပေါ့ သူက ရှက်တတ်တာကိုး။ တော်သေးသည်က ဘယ်သူ့မှ မပြောရသေး။ ချစ်သူဆန္ဒအတိုင်း မောင်ငြိမ်းချမ်း လိုက်နာပါသည်။ စာကလေးများနှင့်သာ အချစ်သည်း နေရသည်။

စာသင်ခန်းမှာ မြင်ရသည့်အခါ အရင်ကနှင့်မတူ အဲ့ဒါငါ့ချစ်သူဟုရင်ထဲမှာ ကျေနပ်မိသည်။ သို့သော် သူစိမ်းတွေလိုနေရသည်က လွမ်းစရာ။ မောင်ငြိမ်းချမ်းမို့မို့ကို ချစ်နေတာ သူငယ်ချင်းအားလုံး သိသည်။

အခန်းဖော် ကိုထွန်းတင်က မောင်ငြိမ်းချမ်းစာတွေရေး စာတွေသွားထည့်တာကိုကြည့်ပြီး

“ကိုယ့်လူလုပ်မနေနဲ့ ဟိုကဒီလောက်ရှက်တတ်နေတာ။ ချစ်တတ်တဲ့စိတ်လည်း ဖြစ်မှာမဟုတ်ဘူး။ ကြိုးစား နေလည်း သေတောင်ရမှာမဟုတ်ဘူး” မောင်ငြိမ်းချမ်းရင်ထဲမှ ပြုံးလိုက်သည်။

“ရပြီ...ရပြီ သေတောင်မဟုတ်ဘူး ခုတောင်ရနေပြီ”

မောင်ငြိမ်းချမ်း ကြွားလိုက်ချင်သည်။ သို့သော် ကြွား၍မဖြစ်  ရင်ထဲမှာမျိုသိပ်ထားရသည်က တစ်မျိုးတော့ ကြည်နူးစရာ။ ပျော်စရာ။ မို့မို့ထံမှလာသော စာတစ်စောင်တွင် ပဟေဠိပုစ္ဆာ တစ်ခုပါလာသည်။ “လုံးဝ မဖြစ်နိုင်ကြောင်း ငြင်းဆန်နေရာမှ ဘာကြောင့်ခုလို အဖြေမြန်မြန်ပေးရသည်ကို စဉ်းစားကြည့်ပါ။ စဉ်းစား လို့ရရင်ပြောပါ” ဟူ၍ဖြစ်သည်။

မှန်သည်။ ဤမေးခွန်းမေးဖို့ကောင်းသည်။ စဉ်းစားဖို့လည်း ကောင်းသည်ဟု မောင်ငြိမ်းချမ်းသဘောကျသည်။ စဉ်းစားသည်။ ရွှေစာရံပျော်ပွဲစားမှ အပြန်တွင် အဖြေရခြင်းဖြစ်သည်။ သီတာဒေဝီလိုမိန်းကလေးကို သူပါဆယ်ထုပ်ပေးခဲ့လို့လား။ ဖြစ်နိုင်သည်။ သူ့ရင်ထဲမှာ ဖြစ်လာသော မနာလိုစိတ်၊ မကျေနပ်စိတ်များက အချစ်ကိုပေါက်ကွဲ ပေါ်ထွက်လာစေတာဖြစ်မည်။

ထိုအကြောင်းကို မောင်ငြိမ်းချမ်းစာရေး၍ အဖြေပေးလိုက်သည်။ နောက်တစ်ပတ်မှာ မို့မို့ထံမှ စာပြန်လာ သည်။ မောင်ငြိမ်းချမ်း ပဟေဠိအဖြေမှန်၊ မမှန်သိချင်စိတ်နှင့် စာကိုအမြန် ဖောက်ဖတ်လိုက်သည်။ အဖြေမှန် ပါလာပါသည်။ “သီတာဒေဝီလို မိန်းကလေးနှင့် ပတ်သက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေးကို ပါဆယ်ထုပ်ပေးလို့တော့မဟုတ်ပါဘူး။ ပါဆယ်ထုပ်ပေးတဲ့အချိန်မှာ အဲဒီမိန်းကလေးကို လှမ်းကြည့်မိတော့ ချောလိုက်လှလိုက်တာ သူဘယ်လိုများ ရှာတွေ့ထားပါလိမ့်လို့ အံ့သြစိတ်တော့ဖြစ်မိပါတယ်။ ဒါပေမဲ့ မနာလို စိတ် ချစ်စိတ်ဘာမှမဖြစ်ပါဘူး။ အဲဒီ မိန်းကလေးကို ပြောင်းချစ်သွားရင်လည်း ကောင်းတာပဲလို့ ဝမ်းသာ စိတ်တောင်ဖြစ်မိတယ်။

ရွှေစာရံကအပြန် ကားတွေထွက်ခါနီးတော့ မောင်ငြိမ်းချမ်း ရပ်ကျန်နေခဲ့တာကိုတွေ့တယ်။ သူငယ်ချင်းတွေက မို့မို့ပါတဲ့ကားပေါ်ကနေ လိုက်ခဲ့ဖို့ခေါ်တာကို မလိုက်ဘဲချန်ခဲ့တာကို သတိထားမိတယ်။ အဲဒီအချိန်မှာ သီတာ ဒေဝီပါတဲ့ ပထမနှစ်ကျောင်းသား၊ ကျောင်းသူတွေ ကားထွက်သွားတာကို ငေးငေးငိုင်ငိုင် လှမ်းကြည့်ပြီး ကျန်ရစ်တာကိုမြင်ရမှ စိတ်ထဲမှာသနားသလို၊ လွမ်းသလိုခံစားရတယ်။ မျက်ရည်ကျချင်လာလို့ စိတ်ကို တင်းထားရတယ်။ အဲဒီမှာ ကိုယ့်ဘာသာ သိလိုက်ပါတယ်။ ပိတ်နေတဲ့ တံခါးပွင့်သွားသလိုလည်း ခံစားရပါ တယ်။ ဒါကြောင့်မို့ ဟန်ဆောင်မနေတော့ဘဲ ချက်ချင်းစာပြန်လိုက်တာပါ။ သီတာလို မိန်းကလေးကို ချောတယ်လို့ သဘောကျရုံကလွဲပြီး ဘာမှမနာလိုစိတ် မဖြစ်ပါဘူး။ ဒါပေမဲ့ သူ့ကိုအကြောင်းပြုပြီး ရင်ထဲမှာ ငုပ်နေတဲ့အချစ် ထွက်ပေါ်လာရလို့ အဲဒီမိန်းကလေးကို ကျေးဇူးတင်ပါတယ်” ဟုရေးထားသည်။

အိုကောင်းလိုက်တာ မယ်သီတာလို မိန်းကလေးကို မောင်ငြိမ်းချမ်းကိုယ်တိုင်လည်း ကျေးဇူးတင်မဆုံးဖြစ်ရ သည်။ သူ့ကြောင့်သာမဟုတ်လျှင် ငုပ်နေသောအချစ်စိတ် နောက်ဆုံးနှစ်ပြီးသည်ထိ မဖြစ်ပေါ်ခဲ့လျှင် ဒုက္ခဟု ရင်မောစွာ တွေးရသည်။

ထိုမှနောက်မှာတော့ စာကလေးများက ပို၍နုညက်စွာ အချစ်ကိုခံစားကြရသည်။ လူချင်းမဟုတ်သော်လည်း စာချင်းမှတစ်ဆင့် နှလုံးသားချင်း ရင်းနှီးမှုခရီးပေါက်ခဲ့ပြီ။ ဤနည်းဖြင့် တတိယနှစ်ကုန်သွားခဲ့သည်။ မို့မို့က သူ့ဇာတိ မုံရွာကိုပြန်သည်။ မောင်ငြိမ်းချမ်းက စဉ့်ကိုင်မြို့နယ်ထဲမှ သူ့ဇာတိရွာလေးကိုပြန်ခဲ့သည်။

ဝေးသော်လည်း စာရေးမပျက်ပါ။ အဝေးမှလာသော စာလေးများကို ဖတ်၍ ချစ်သူနှင့်နီးနေရသည်သို့ ခံစား ရသည်။ ကျောင်းပြန်ဖွင့်၍ ကျောင်းပြန်တက်သောအခါ နှစ်ယောက်စလုံး စတုတ္ထနှစ် နောက်ဆုံးနှစ်သို့ ရောက်ကြပြီ။

ချစ်သူအဖြစ် အတိအလင်းဖြစ်ခွင့်ပြုရန်နှင့် နှစ်ယောက်အတူ အပြင်ထွက်လည်ခွင့်ပြုရန် မို့မို့ကို မောင်ငြိမ်းချမ်းခွင့်တောင်းသည်။ နောက်ဆုံးတော့ မို့မို့ခွင့်ပြုသည်။ သို့သော် ကန့်သတ်ချက်ရှိသည်။ ယခုလာ မည့် တနင်္ဂနွေ နံနက် ၅ နာရီ သစ္စာဆောင် အနောက်ပေါက်မှာ လာစောင့်ရန်။

ဘယ်သူမှမသိစေဘဲ တက္ကသိုလ်မှထွက်ခွာ၍ ပြင်ပတစ်နေရာမှာ တွေ့ဆုံရန်ဖြစ်သည်။ မောင်ငြိမ်းချမ်း သဘောတူသည်။ ရွှေကြက်ယက်ကို သွားကြရန် မောင်ငြိမ်းချမ်းက ညှိနှိုင်းသည်။ ကိုယ်သွားဖူး၍မဟုတ်။ သွားဖူးသူပြောသည်ကို ကြားဖူး၍ဖြစ်သည်။

တနင်္ဂနွေနံနက် ၄ နာရီကတည်းက မောင်ငြိမ်းချမ်း အိပ်ရာမှထပြီး ပြင်ဆင်သည်။ ၅ နာရီမထိုးမီ သစ္စာ ဆောင်အနောက်ဘက်ပေါက် တည်ပင်လေးအောက်မှာရောက်နေသည်။ စောင့်နေရသည်ကပင် ကြည်နူးစရာ။ ကမ္ဘာဦးသူတို့ နေနှင့်လကိုမျှော်ရသည်ထက်ပင် ကြီးကျယ်မည်ထင်ပါသည်။ လမ်းလျှောက်ပင်တန်းလေး နှစ်ဖက်၏အလယ်မှ ကွန်ကရစ်လမ်းလေးအတိုင်း ကနွဲ့ကလျလျှောက်လှမ်းလာမည့်ချစ်သူကို မျှော်လင့်ကြီး စွာစောင့်နေရသည်။

လာပြီ။ ၅ နာရီမထိုးမီ ၅ မိနစ်မှာ ထွက်လာသည်။ အို...လှလိုက်တာ လုပ်လီလုပ်လဲ့...သီကရီ လျှောက်လှမ်း လာသည့်ချစ်သူလေး၊ ကမ္ဘာပေါ်မှာ အလှဆုံးမြင်ကွင်း၊ ကြုံခဲ့ရသမျှ မနက်များစွာမှာ အသာယာဆုံး နံနက်ခင်း။

ခေါင်းလေးငုံ့လျက် လျှောက်လာနေသည်။ မောင်ငြိမ်းချမ်းရှိနေမည့်နေရာသို့ လုံးဝမကြည့်။ စိမ်းနုရောင်ဝတ်စုံ လေးက နံနက်ခင်းနှင့်လိုက်ဖက်လှ၏။ ခေါင်းမှဆံထုံးတွင် ဖြူလွသောစံပယ်ပန်းကုံးလေး ပန်ထားသည်။

ခြေတစ်လှမ်း ရှေ့သို့တိုးလာတိုင်း မောင်ငြိမ်းချမ်း၏ ရင်ခုန်သံတစ်ချက်တိုး၍ မြန်နေသည်။ စိတ်ကူး ယဉ်မဟုတ်။ အိပ်မက်မဟုတ်။ တကယ့်အဖြစ်ဆိုသည်ကို ဝမ်းသာကြည်နူးစွာ အတည်ပြုနေမိသည်။

တံခါးပေါက်နားအထိ သွားကြိုရပ်နေလိုက်သည်။ မို့မို့ထွက်လာပုံမှာ ခမ်းနားကြီးကျယ်စွာလှပနေသည်။ တံခါးပေါက်လေးမှ အပြင်သို့ထွက်လာပြီ မောင်ငြိမ်းချမ်းကို မကြည့်ပါ။ နှုတ်လည်းမဆက်ပါ။ မောင်ငြိမ်းချမ်း အလိုက်သိစွာ ဘာမျှမပြောဘဲ ဘေးချင်းယှဉ်၍အတူ လျှောက်လာခဲ့သည်။ ချစ်သူနှင့်အတူတွဲ၍ ပထမဆုံး အကြိမ် လမ်းလျှောက်ဖူးခြင်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ အိပ်ရာမထကြသေး။ မထွက်ကြသေး။ မို့မို့ မရှက်ရသည့်အတွက် ဝမ်းသာရ သေးသည်။ မိန်းအဆောင်ကြီးရှေ့မှ လမ်းသို့ရောက်သောအခါ မြင်းလှည်းတစ်စီးမောင်းလာသည်။ မောင်ငြိမ်းချမ်းက မြင်းလှည်းငှားပြီး မို့မို့နှင့်အတူ မြင်းလှည်းပေါ်တက်ကြသည်။ ခုံနှစ်ခုံမှာ  မျက်နှာချင်းဆိုင် ထိုင်ကြသည်။

မြင်းလှည်းသမားကြီးနှင့် ဈေးစကားပြောပြီး ဘုရားကြီးအနောက်မုခ်သို့ လိုက်ပို့ခိုင်းသည်။ မြင်းလှည်း သမားက ထိန်းထားသောမြင်းဇက်ကြိုးနှစ်ချောင်းကို ဖျောင်းခနဲမြည်အောင် မြင်းကျောပေါ်သို့ ပုတ်လိုက် သည်။ မြင်းကလေးပြေးထွက်သွားသည်။ မြင်းခွာနှင့် ကတ္တရာလမ်းထိပြီး ထွက်လာသည့်အသံမှာ မောင်ငြိမ်း ချမ်းအတွက် ကမ္ဘာပေါ်မှာ အသာယာဆုံးဂီတ။ မြင်းလှည်းသမားကြီး ကျာပွတ်ဝှေ့ယမ်းသော လက်မှာ ကမ္ဘာပေါ်တွင် အလှဆုံးအက။

မောင်ငြိမ်းချမ်းရင်ထဲမှာပျော်နေသည်။ လေတိုက်တာလည်းလှသည်။ သစ်ရွက်ကြွေတာလည်းလှသည်။ မြင်မြင်သမျှ အကုန်လှနေသည်။ မျက်နှာချင်းဆိုင်ထိုင်သော်လည်း တစ်ယောက်ကို တစ်ယောက်မကြည့်မိကြ။ လက်ကလေးချင်းပင်မထိမိကြ။ ကြည့်စရာလည်းမလို။ ထိစရာလည်းမလို။ နှလုံးသားချင်း မြင်နေရသည်။ နှလုံးသားချင်း နားလည်နေကြပြီ။

နံနက်ခင်း၏ အလင်းနုလေးမှာ ရွှေရောင်တဝင်းဝင်းနှင့် မဟာမြတ်မုနိဘုရားကြီး လှမ်းမြင်ဖူးမြော်ရသည်။ မို့မို့လက်အုပ်ကလေးချီလိုက်သည်။ ကြည့်၍ကောင်းလှသည်။ အနောက်မုခ် စစ်ကိုင်းသွားသောလမ်းမှာ မြင်းလှည်းပေါ်မှ ဆင်းကြသည်။ မကြာမီ စစ်ကိုင်းကားတစ်စီးရောက်လာသည်။ မောင်ငြိမ်းချမ်းလက်ပြ တားသည်။

ကားရပ်သည်။ ကံကောင်းလေစွ၊ နံနက်စောစောဖြစ်နေ၍  ကားရှေ့ခန်းမှာလူမပါ။  နှစ်ယောက်အတူ ကားရှေ့ ခန်းမှာစီးခွင့်ရသည်။ ဘေးချင်းထိကြပြီ။ လက်မောင်းချင်းထိကြပြီ။ နွေးထွေးနုညက်သော အတွေ့အထိများ။ လူချင်းပို၍ရင်းနှီးသွားကြပြီ။

မို့မို့က ယူလာသည့် သကြားလုံးလေးတစ်လုံး မောင်ငြိမ်းချမ်းကိုပေးသည်။ ပေးပုံက အခွံလေးပါခွာပေးခြင်း ဖြစ်သည်။ ရင်ထဲမှာ ကြည်နူးလိုက်ရသည့်ဖြစ်ခြင်း။ မွှေးလိုက်ချိုလိုက်၊ ကောင်းလိုက်သည့်သကြားလုံး။ စကားလေးတွေ ပြောလို့ရကြပြီ။ ကားမောင်းသူမမြင်အောင် လက်ကလေးချင်း ဆုပ်ထားမိကြပြီ။

“မရှက်တော့ဘူးလား”

မောင်ငြိမ်းချမ်းကမေးတော့ မို့မို့ကမောင်ငြိမ်းချမ်း၏ ပခုံးကိုထုသည်။

“အို...တစ်သက်လုံးအထုခံချင်စမ်းပါဘိ”

မော်တော်ကားခရီး၏ ခဏတာလေးအတွင်းမှာပင် ရင်းနှီးခင်မင်မှုက အတော်ခရီးပေါက်ခဲ့လေပြီ။

ဆက်လက်ဖော်ပြပါမည်။