တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် တပ်မတော်သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က UECက တပ်မတော်ကို ပြန်ပြီးအကြံဉာဏ် တောင်းလာသည့် အချိန်တွင် လုံခြုံရေးအရ ကျင်းပ၍မဖြစ်နိုင်ဘူး ဆိုသည့် အချက်မျိုးကို အကြံပြုခြင်းလား၊ အချို့နေရာများတွင် တိုက်ပွဲဖြစ်နေသော်လည်း ကျင်းပမည်ဟု ပါနေကြောင်း၊ ၎င်းအချက်သည် ဘယ်လိုအကြံပြုချက်ကို ပေးခဲ့ပါသလဲ မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို အကြံပြုခဲ့မှုရှိကြောင်း၊ UEC က ကြေညာသည့် အထဲတွင် မိုင်းကိုင်လည်းပါဝင်ကြောင်း၊ အုပ်ချုပ်ရေးအပိုင်းက ပေး မပေးတော့မသိကြောင်း၊ နောက်တစ်ချက်က  သုံးသပ်ပြီး ဆုံးဖြတ်ရမည့်အပိုင်းကတော့ ဆုံးဖြတ်ရမည့်သူများ၏ အပိုင်းဖြစ်ကြောင်း၊ ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုပါက   ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ထပ်မံပြီး လုံခြုံရေးဆောင်ရွက်ပါက ရနိုင်ပါသည် ဆိုသည့် အချက်ကို တင်ပြထားမှုရှိကြောင်း၊ မည်သည့်နေရာဆိုသည်ကို  မပြောနိုင်ကြောင်း၊ တစ်ခုလုံးမဟုတ်၍ ရပ်ကွက်၊ ကျေးရွာအဆင့်ဖြစ်သည်ဟု  ပြောချင်ကြောင်း၊ လုံခြုံရေးအရ  လုံခြုံသည်ဟု ပြောခြင်း မဟုတ်ကြောင်း၊   လုံခြုံရေး ဆောင်ရွက်ပြီးမှ မဲပေး၍ရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက်  ဒေါ်သက်စုအောင်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်က UNHCR ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများပေါင်းပြီး  ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်   ဘင်္ဂလားဒေ့ရှ် နယ်စပ်က  မွတ်စလင် ဒုက္ခသည်များအတွက် ရန်ပုံငွေဆွေးနွေးပွဲတစ်ခု လုပ်ခဲ့ကြောင်း၊ အဆိုပါပွဲနှင့် ပတ်သက်ပြီး မေးချင်သည်မှာ ထိုပွဲပေါ်တွင် တပ်မတော်အနေဖြင့် မည်သို့သဘောထား ရှိပါသလဲ၊ အလှူရှင်နိုင်ငံများ ညီလာခံ ကျင်းပနေသည့် ကာလတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက တပ်မတော်နယ်မြေရှင်းလင်းရေးတွင်   မွတ်စလင် အမျိုးသမီးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်မှုများ ရှိခဲ့ကြောင်း၊ ထိုသို့ အဓမ္မပြုကျင့်မှုသည် စစ်လက်နက်တစ်ခုလို အသုံးပြုခဲ့သည်ဆိုပြီး  လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့(PHR)  က အစီရင်ခံစာ အသစ်တစ်စောင် ထွက်လာကြောင်း၊ ထိုအထဲတွင် စွပ်စွဲထားချက်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်စုံတစ်ရာ ဘာများ တုံ့ပြန်ချင်ပါသလဲ၊ နောက်တစ်ချက်က ထိုကဲ့သို့ ကျူးလွန်နေခဲ့သူရှိခဲ့ရင်လည်း တပ်မတော်အနေဖြင့် ဘယ်လိုအရေးယူနေပါသလဲ မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရန်ပုံငွေနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း၊ လှူဒါန်းခြင်းများကို အထွေအထူးတော့ ပြောစရာမရှိကြောင်း၊ ထိုကိစ္စများသည် လုပ်ဆောင်နေကျပင်ဖြစ်ကြောင်း၊  ၂၀၁၇  ခုနှစ်သြဂုတ်လတုန်းက  ပြဿနာများဖြစ်ပြီး နောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနတွင် ရခိုင်ကိစ္စနှင့်ပတ်သက်ပြီး   ဝန်ကြီးဌာန တော်တော်များများပါသည့်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲကို မိမိတက်ရောက်ပြီး ရှင်းလင်းပြောခဲ့မှုများရှိကြောင်း၊  ၂၀၁၇ ခုနှစ် သြဂုတ်လတွင်ဖြစ်ပွားခဲ့သည့်   အရင်းခံကို ကြည့်ရန်လိုကြောင်း၊  ၂၀၁၇  ခုနှစ်သြဂုတ်လ၌ ဖြစ်ပွားခဲ့မှုသည်  ARSA  အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် တပ်စခန်းများကိုတိုက်ခိုက်၍ ဖြစ်ပွားခဲ့မှုဖြစ်ကြောင်း၊  စတင်ပြီး တိုက်ခိုက်ခံရသူများသည်  တိုင်းရင်းသားကျေးရွာများရှိ မြို၊ ခမီများ အသတ်ခံရမှုများကို  အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်  ပြောခဲ့ပြီး ဖြစ်ကြောင်း၊  အစုအပြုံအလိုက်  ပြောင်းရွှေ့ရမှုများ ရှိကြောင်း၊  အဆိုပါ ရွာများတွင် မနေရဲ၍  အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တပ်များက မော်တော်ယာဉ်များဖြင့် လုံခြုံရေးပေးပြီး မြို့ပေါ်သို့   ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ ဘင်္ဂါလီများနှင့် ပတ်သက်ပြီး ပြောခဲ့မှုများရှိကြောင်း၊ သို့သော်  ဝမ်းနည်းဖို့ကောင်းသည်မှာ တိုင်းရင်းသားများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ မပြောခဲ့ကြောင်း၊ ထင်ရှားသည်မှာ  ဟိန္ဒူ ရဲဘော်ကျကျေးရွာတွင် ရွာလုံးကျွတ်နီးပါး အသတ်ခံရကြောင်း၊ မြှုပ်နှံထားသည်များကိုလည်း အကုန်လုံးတွေ့ပြီးဖြစ်ကြောင်း၊ ထို့ပြင်  အဆိုပါ ဟိန္ဒူအမျိုးသမီးများကို ဘင်္ဂလားဒေ့ရှ်ကိုခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပေါင်းသင်းခံရကြောင်း၊ ပြန်လွတ်လာသည့် လူများကိုလည်း ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုကိစ္စများကို မည်သူမှ ဂရုစိုက်ခြင်းမရှိ ကြောင်း၊ ယခုအထိလည်း   မည်သူမှ အရေးယူပြီး ပြောဆိုခြင်းလည်းမရှိကြောင်း၊ နောက်ဆုံးအနေဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လက လုပ်ဆောင်ခဲ့သည်ကို အမြဲတမ်းစွပ်စွဲ ခဲ့ကြောင်း၊ အမြဲတမ်းစွပ်စွဲသည်မှာ နံပါတ် (၁)အချက်မှာ သတင်းအစုံကို မသိနိုင်သည့် ကမ္ဘာ့ပြည်သူလူထု၏ သနားကရုဏာသက်မှု၊ လူသားချင်းစာနာမှုကို လိုချင်၍ အမြဲတမ်း ပြောနေသည်ဟု ယူဆကြောင်း၊ နံပါတ်(၂)အချက်မှာ ထိုကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ထိုသို့ လုပ်ဆောင်ခဲ့မှုအား မရှိပါဘူး ဆိုသည်ကို အထောက်အထားများဖြင့် ဘယ်လိုငြင်းငြင်း  နောက်ထပ်လည်း စွပ်စွဲနေဦးမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် ပြောကြသည်မှာ  ထိုကိစ္စနှင့် ပတ်သက်ပြီး ကလေးရသည့်သူများ ရှိနေပြီး မုဒိမ်းကျင့်၍ ကလေးရသည့်သူများ ရှိနေကြောင်း၊ ကလေးများကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် မွေးရသည်ဟုလည်း ဆိုကြောင်း၊ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ  ပြန်ဝင်လာသည့် အမျိုးသမီးများ၊ အမျိုးသားများကိုလည်း တွေ့ဆုံ မေးမြန်းခန်းများလည်း ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့ ဘယ်လိုနေထိုင်ရသည်၊ ဘယ်လိုလုပ်ခဲ့ရသည်တို့ကို အထောက်အထားများနှင့်လည်း  ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ  အဆိုပါ ကလေးများ ရှိသည်ဆိုလျှင် ထိုကလေးများကို DNA စစ်ဆေးစေခြင်းဖြင့်  ကလေးများရှိသည် ဆိုသောအသံသည် တိတ်သွား မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့   ပွင့်လင်းမြင်သာနေသည့်ခေတ်တွင်   ရှိခဲ့ပါက ကလေးများနှင့်ပတ်သက်ပြီး DNA စစ်လိုက်ခြင်းဖြင့် အဖြေပေါ်လိမ့်မည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်  တပ်မတော်သားတိုင်းသည် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကိုလိုက်နာရသလို  မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကိုလည်း လိုက်နာရသူများဖြစ်ကြောင်း၊ ထိုကိစ္စများ  ပေါ်ပေါက်လာပါကလည်း တာဝန်ယူမှု၊   တာဝန်ခံမှုအပြည့်ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မဟုတ်မတရားစွပ်စွဲချက်များနှင့်  ပတ်သက်ပြီး လိုက်လံဖြေရှင်းနေစရာ အကြောင်းမရှိကြောင်း၊ သက်သေခိုင်လုံပါက  မိမိတို့အနေဖြင့်   ဘာမှကွယ်ဝှက်ထားစရာ၊ ပယ်ဖျက်ထားစရာ အကြောင်းမရှိသည်ကို ပြောချင်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Myanmar  Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး မြဝတီသတင်းစာမှာ ထည့်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကြံပြုချက်များကို UEC က  ကန့်ကွက်တာရှိကြောင်း၊ သိပ်မကြာခင်မှာလည်း တပ်မတော်၏ ကြိုတင်မဲနှင့် ပတ်သက်ပြီး စာအိတ်များ ဖွင့်နေသည့် ဖြစ်စဉ်တွေရှိပြီး ပယ်မဲဖြစ်သွားသည်များရှိ၍   ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော်၏မှတ်ချက်ကို သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် မူဝါဒ ၆ ချက်ကို ပြောခဲ့ကြောင်း ယင်းနှင့်ပတ်သက်ပြီး UEC  မှ မီဒီယာကောင်စီကို ကန့်ကွက်ခဲ့ပြီး မိမိတို့ အနေဖြင့်လည်း မီဒီယာကောင်စီကို သွားရောက်တွေ့ဆုံခဲ့ကာ ထပ်မထည့်တော့ဘဲ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း ၆ ချက်နှင့်ပတ်သက်ပြီး ပြန်လည် သုံးသပ်ကြည့်လျှင် မည်သည့်အရာကို ဆိုလိုမှန်းမသိကြောင်းနှင့် မည်သည့်အရာကို ငြိစွန်းသည်ကို သေသေချာချာ မသိရကြောင်း၊   မိမိတို့အနေနှင့် ထိုအရာနှင့်ပတ်သက်ပြီး  Institutional နှစ်ခုကြားထဲမှာ  ပွတ်တိုက်မှုတွေ မရှိစေလိုသည့်အတွက် မိမိတို့ဘက်မှ  ရပ်တန့်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊  ယင်းအချက်များထဲမှာ  ဒို့တာဝန် အရေးသုံးပါးကို စောင့်ရှောက်နိုင်မည့်   သူတွေ၊ ဒေသအကျိုး၊   တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်မည့်သူတွေ  ဆိုသည့်အချက်များ အပါအဝင်ဖြစ်ပြီး ၎င်းတို့ထောက်ပြသည်မှာ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်နိုင်ရန် ဆိုသည့်အချက်မှာ   မိမိတို့မှာ  ဘယ်အမျိုး၊ ဘယ်ဘာသာ၊ ဘယ်သာသနာလို့   ပြောထားခြင်းများ မရှိကြောင်း၊ သက်ဆိုင်ရာအမျိုး၊ သက်ဆိုင်ရာဘာသာ၊ သက်ဆိုင်ရာသာသနာကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ဝိသေသတပ်ထားခြင်း မရှိကြောင်း၊  အမျိုးဘာသာ၊ သာသနာဟုပြောလျှင်  တကယ်ရန်သူသဖွယ်ဖြစ်နေသည့် ကိစ္စမျိုးလည်းရှိပြီး  ထိုအရာနှင့် ပတ်သက်ပြီး  အငြင်းပွားစရာမရှိကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က  တပ်မဲရုံများ   အပြင်ထုတ်မည်ပြောကြောင်း၊ တပ်မတော်အနေဖြင့် တည်ဆဲစည်းမျဉ်းစည်းကမ်း တွေနှင့်အတူ လိုက်နာ  ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုချိန်တွင်လည်း တပ်မဲရုံတွေ အပြင်မှာပဲရှိပြီး မိမိတို့အနေဖြင့်   စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း ၆ ချက်နှင့် ပတ်သက်ပြီး မည်သည့်အရာနှင့်မှ  ငြိစွန်းခြင်းများ မရှိကြောင်း၊  မိမိတို့အနေဖြင့်  အကြောင်းပြချက်တွေ  အများကြီးထဲမှ တစ်ခုပြလိုပြီး အခြေခံဥပဒေအခန်း ၁၂  မှာပါသည့် နိုင်ငံသားတစ်ဦးစီ၏  ရပိုင်ခွင့်နှင့်တာဝန်တွေကို ပြန်ကြည့်စေလိုကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနှင့် မပြောလိုကြောင်း၊  နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့်တာဝန်များမှာ ဘာမှမထိခိုက်ဘူးဆိုလျှင်     လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ရှိသည်ဟူ၍ ပြောပြီးသားဖြစ်ကြောင်း၊ အခြေခံတာဝန်၊ အခြေခံရပိုင်ခွင့်၊ အခြေခံ Right  ဖြစ်ပြီး အခြေခံ  Right  နှင့် ပတ်သက်ပြီး ကန့်သတ်ခြင်းမရှိစေရလို့ ပါပြီးဖြစ်ကြောင်း၊ ထိုအရာနှင့် ပတ်သက်ပြီး အကျယ်ချဲ့ပြီး  မပြောကြားလိုကြောင်း၊ တပ်မတော်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြီး ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ဖြေကြားသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်မံဖြေကြားရာတွင် မိမိတို့အနေဖြင့် တပ်မှပေးရသည့် ဆန္ဒမဲများဖွင့်ပြီး ရောက်ရှိလာခြင်းအပေါ်  စောဒကတက်စရာ မရှိကြောင်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၀ မှ ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ ကြိုတင်ဆန္ဒမဲများနှင့် ပတ်သက်ပြီး စာအိတ်အသီးသီးကို လုံခြုံစွာ ပိတ်ပြီးပေးရမည်ဟု ပါရှိကြောင်း၊ မိမိတို့ ချွတ်ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း၊  ပယ်မဲလုပ်ခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်နာလျက်ရှိကြောင်း၊ တရားဥပဒေ စည်းမျဉ်းစည်းကမ်းအရ စောဒက တက်စရာမရှိကြောင်း၊    နိုင်ငံခြားက ရောက်လာသည့် ကြိုတင်ဆန္ဒမဲစာအိတ်များတွင်  ပယ်မဲဆိုပြီးမကြားရကြောင်း၊  စာအိတ်များတွင်  မည်ကဲ့သို့ချွတ်ယွင်းချက်များရှိသည်ကို သိကြပြီး တပ်မတော်က ကြိုတင်ဆန္ဒမဲ ပေးလိုက်သည့်အခါတွင် စာအိတ်အပွင့်ဖြင့်   ရောက်လာသည်ကို  တွေ့ရကြောင်း၊    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး    စောဒကတက်စရာ မရှိကြောင်း၊  သို့သော် အခုလို ချွတ်ယွင်းချက် ရှိသည့်အခါ စံသတ်မှတ်မှု နှုန်းထား  Double Standard မဖြစ်ဖို့ ဖြေကြားသည်။

ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စအချို့နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားကြောင်း၊ အရပ်သားကလေးငယ်နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ထားကြောင်း၊ ပုဏ္ဏားကျွန်း စစ်ရေယာဉ်ကိစ္စနှင့် ပတ်သက်ပြီး    စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊  အဆိုပါ  စုံစမ်းစစ်ဆေးရေး အခြေအနေနှင့်   တပ်မတော် ဆေးတက္ကသိုလ်တွင် တက်ရောက်နေသည့်  ဒုတိယနှစ်ဗိုလ်လောင်းက တပ်မတော်ကို ဝေဖန်သည့် ကိစ္စကြောင့်  အဆက်အသွယ် မရသည့် ကိစ္စများအပေါ် တပ်မတော်ဘက်က လုပ်ဆောင်မှုကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  စစ်ရေယာဉ်ပေါ်တွင် ဖြစ်ပွားခဲ့သည့်အမှုအား ပြင်းပြင်းထန်ထန်   အရေးယူပြီး ဖြစ်ပါကြောင်း၊  ဘူးသီးတောင်ဒေသရှိ မွတ်စလင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူနှစ်ဦး၊   ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူတစ်ဦးရှိပြီး   သေဆုံးသူ အလောင်းများအား ကျေးရွာကို အပ်နှံခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူကို တပ်မတော်ဆေးရုံတွင်  ကုသပေးလျက်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ကိုယ်တိုင် မည်ကဲ့သို့ ရှိသည်ကို ပြောကြားထားကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး   ချွတ်ယွင်းချက်၊  အားနည်းချက်ရှိလျှင် သိနိုင်အောင်  မိမိတို့အနေဖြင့်  စုံစမ်းစစ်ဆေးမှုများကို အဆိုပါ အချိန်ကတည်းက စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊   တပ်မတော်ဆေးတက္ကသိုလ်တက်နေသည့်   ဒုတိယနှစ် ဗိုလ်လောင်းကိစ္စနှင့် ပတ်သက်ပြီး ၎င်းဗိုလ်လောင်းသည် တပ်မတော်ဆေးတက္ကသိုလ်တွင် ရှိကြောင်း၊ ဗိုလ်လောင်းစည်းမျဉ်းစည်းကမ်း များအရ အရေးယူ ဆောင်ရွက်ထားခြင်း ရှိကြောင်း၊  ဗိုလ်လောင်းများအားလုံး ဖုန်းကိုင်ဆောင်ခွင့် မရှိကြောင်း၊ သင်တန်း Training  ကာလအတွင်း  မည်သည့်ဗိုလ်လောင်းမှ  ဖုန်းကိုင်ဆောင်ခွင့်မရှိကြောင်း၊   လေ့ကျင့်ရေးနှင့် ပတ်သက်ပြီး အနှောင့်အယှက် ဖြစ်နိုင်ခြင်းကြောင့် ဖုန်းမကိုင်ရခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်မှ ဖုန်းမကိုင်ခိုင်းခြင်း မဟုတ်ဘဲ ယခင်ကတည်းက ကိုင်ဆောင်ခွင့်မရှိကြောင်း၊ ဖုန်းဆက်ချင်လျှင်  ဗိုလ်လောင်းတပ်ရင်းတိုင်းတွင် Public Phone က ဆက်နိုင်ကြောင်း၊  အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သားများ၊ တပ်မတော်မိသားစုဝင်များအတွက် တပ်မတော်သား စည်းမျဉ်းစည်းကမ်းများ၊ အိမ်ထောင်သည်လိုင်း စည်းမျဉ်းစည်းကမ်းများ ရှိပါကြောင်း၊  မည်သည့် နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး  စည်းရုံးလှုံ့ဆော်ခွင့် မရှိပါကြောင်း၊     စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက် ထားကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ၎င်းဗိုလ်လောင်းအား တပ်မတော်က မထုတ်ပယ်ဘဲ တပ်မတော်ဆေးတက္ကသိုလ် စည်းမျဉ်းစည်းကမ်းအတိုင်း  အရေးယူထားခြင်း ဟုတ်၊ မဟုတ်  သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်ဆေးတက္ကသိုလ်   စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူထားကြောင်း၊ တပ်မတော်မှ ထုတ်ပယ်ခြင်း၊  မထုတ်ပယ်ခြင်းကိစ္စသည် ၎င်းဗိုလ်လောင်း၏   စည်းမျဉ်းစည်းကမ်းအရ ဥပဒေငြိစွန်းမှုအပေါ် မူတည်လိမ့်မည် ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ပုဏ္ဏားကျွန်းကိစ္စတွင် မည်သည့်ရာထူး၊ အဆင့်များကို  အရေးယူထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပုဏ္ဏားကျွန်းရေယာဉ်ပေါ်တွင် ပါခဲ့သည့် အရာရှိ ၁ ဦး၊ ကိုယ်တိုင်ပါဝင် ထိုးကြိတ်ခဲ့သည့် စစ်သည် ၂ ဦး၊ ဘေးမှကြည့်နေသည့် စစ်သည် ၁ ဦး စုစုပေါင်း အရာရှိ၊ စစ်သည် ၄ ဦးအား အရေးယူခဲ့ပြီးဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ဘတ်ဂျက်တောင်းခံပြီး စစ်လက်နက်ပစ္စည်း ဝယ်ယူသည့်ကိစ္စတွင်  တပ်မတော်အနေဖြင့် မည်သည့် အခက်အခဲရှိကြောင်းနှင့် လတ်တလော ရေငုပ်သင်္ဘောဝယ်ထားသည့် ကိစ္စတွင် ဘတ်ဂျက်သုံးစွဲမှု ရှင်းလင်းစွာ မသိရခြင်းကြောင့်  သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  သတ်မှတ်ထားသည့်  စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်အတွင်း တင်ပြသည့် ဘတ်ဂျက်ကိစ္စတွင် မည်သည့်နိုင်ငံမှ ကာကွယ်ရေးနှင့် ပတ်သက်ပြီး  အသေးစိတ်မဖော်ပြပါကြောင်း၊ ဥပမာ နျူကလီးယား ဓာတ်ပေါင်းဖိုဆောက်မည်ကို အသေးစိတ် မဖော်ပြကြောင်း၊ ၎င်းနိုင်ငံများ ဖော်ပြခြင်းသည် ခေါင်းစဉ်အလုံးလိုက်ဖော်ပြခြင်းသာ ရှိကြောင်း၊  တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်လက်နက်ပစ္စည်းများ  ဝယ်ရန်၊ တပ်မတော်(လေ)အတွက် လိုအပ်သည့်  စစ်လက်နက်ပစ္စည်းများ ဝယ်ရန်ဟု   ဖော်ပြခြင်းဖြစ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင် သိခွင့်မရှိပါကြောင်း၊ သိခွင့်ရှိသည့်သူများသာ  သိခွင့်ရှိပါလိမ့်မည် ဖြစ်ကြောင်း၊ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှုအဆင့်အရ  သိသင့်သိထိုက်သူများက အကုန်သိပါကြောင်း၊ ဘတ်ဂျက်တောင်းခံမှုနှင့် ပတ်သက်ပြီး   အခက်အခဲ မရှိပါကြောင်း၊   အသေးစိတ်ပြောကြားရန်အတွက်  အစီအစဉ်မရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍  မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က လက်ရှိရွေးကောက်ပွဲနှင့် ပတ်သက်လို့ တိုင်းရင်းသား ပါတီများက သူတို့ရွေးကောက်ပွဲ မှာမနိုင်အောင်လို့ သူတို့နိုင်မည့်ဒေသများကို ဖယ်ပေးတယ်ဆိုပြီး ပြောကြောင်း၊ UEC က အကြံပြုချက်အတိုင်း လုပ်ဆောင်ရကြောင်း၊ အစိုးရက မနေ့က သတင်းစာရှင်းလင်းပွဲမှာရှင်းတော့  သူတို့ဒီကိစ္စမှာ  လက်ရှိပါတီကို   နိုင်အောင်လုပ်တာ မဟုတ်ကြောင်း၊ ပြည်ထဲရေးနှင့် ကာကွယ်ရေးဌာနတို့မှ လုံခြုံရေး သဘောတရားအရ UEC က ဒီအပေါ်မှာ ဦးစားပေးဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ပြောချင်တာက သုံးဖက်လုံးက ဘော်လီဘော ပတ်လည်ပုတ်နေတာ ဖြစ်ကြောင်း၊ ဒါပေမဲ့  မိမိတို့ပြည်သူ မဲပေးခွင့်ဆုံးရှုံးသည့်အပိုင်း ဖြစ်ကြောင်း၊   တချို့တိုင်းရင်းသားပါတီတွေဆိုရင်  သူတို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်  အနေအထားရှိကြောင်း၊ သူတို့၏ အခြေအနေဖြစ်တည်မှု၊ ဆုံးရှုံးမှုတွေ  တကယ့်မြေပြင်မှာရှိကြောင်း၊ အဲဒါနှင့်ပတ်သက်လို့ ပြည်သူတွေ    ရှင်းရှင်းလင်းလင်း ဖြစ်အောင် တပ်မတော်ဘက်မှ မည်သို့သတင်းစကား ပါးချင်ပါသလဲဆိုတာ  သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ခုနကသတင်းထောက်ကြီးပြောသွားသည့် ဘော်လီဘောပတ်လည်ပုတ်နေသည့်  စကားလုံးကိုကြိုက်ကြောင်း၊ ရွေးကောက်ပွဲပြီးရင် မီဒီယာများကဆုံးဖြတ်၍ ဘော်လီဘော အထူးချွန်ဆုံးအသင်းဆိုပြီး ဆုထပ်ပေးရင် ကောင်းမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့်ပြောနိုင်တာသည် ကုန်ပြီလို့ပြောမည် ဖြစ်ကြောင်း၊ မိမိတို့ ပြောနိုင်တာသည်  အတိုင်းအတာကိုပြောခဲ့ပြီ ဖြစ်ကြောင်း၊ မိမိတို့ အကြံပြုထားသည့် အချိုးတွေကို   ပြောခဲ့ပြီးဖြစ်ကြောင်း၊ နယ်မြေ ၃၃၀ မှာ မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ရသည့်အဆင့်အလိုက် ၂၇၁ ၊ ၂၀ ၊ ၃၉ ပြောခဲ့ပြီးဖြစ်ကြောင်း၊  အဆင့် ၃၉ နယ်မြေထဲမှာ ပလက်ဝနယ်မြေ ပါဝင်ကြောင်း၊  ပလက်ဝနှင့်ပတ်သက်လို့ ညှိနှိုင်းကြောင်း၊   ညှိနှိုင်းသည့်အတွက်ကြောင့်   မဖြစ်မနေလုပ်ပေးကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒ ၆ ချက်နှင့်ပတ်သက်လို့ UEC က ကန့်ကွက်တာကို  ဖြုတ်ပေးကြောင်း၊ အဲဒီတော့ မိမိတို့ပြောခဲ့သလိုပဲ လုံခြုံရေးနှင့် ပတ်သက်လို့ အကြံပြုရမည် ဖြစ်ကြောင်း၊ ဆုံးဖြတ်ရမှာက  ဆုံးဖြတ်ရမည့်လူတွေအပိုင်း ဖြစ်ကြောင်း၊ တပ်မတော်သည် ဝင်ရောက်ယှဉ်ပြိုင်သည့်  ပါတီမဟုတ်ကြောင်း၊ ဘယ်ပါတီကိုသာတယ်၊ နာတယ်ဆိုတာ မရှိကြောင်း၊ တိုင်းရင်းသား ပါတီများ ပြောနေသလို  တိုင်းရင်းသားတွေနှင့် ပတ်သက်လို့ NCA  မိန့်ခွန်းမှာ ဘာတွေ အလေးထားလုပ်ခဲ့တယ်ဆိုတာ ပြောခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့သဘောထားသည် ဒီထက်ပိုပြီး တိုင်းရင်းသား အခွင့်အရေးကို ပိုပေးဖို့ရှိကြောင်း၊  ၎င်းနှင့်ပတ်သက်လို့ ထပ်ပြီး ပြောနိုင်တာသည်  တပ်မတော်အနေဖြင့် သတင်းထောက်ကြီးပြောသလို သဘောထား မရှိဘူးလို့ ပြောချင်ပါကြောင်း၊ လုံခြုံရေး၊ ကာကွယ်ရေးတို့နှင့် ပတ်သက်လို့ အကြံပြုချက်သည်   ခုနကပြောသည့် မိုင်းကိုင်ကို   ဥပမာထုတ်ထားကြောင်း၊ ဘာကြောင့်ပေးခဲ့ ရသလဲဆိုတာ မိမိတို့မှာ အထောက်အထား အခိုင်အလုံ ရှိကြောင်း၊ အထောက်အထား ခိုင်လုံမှ ပေးရခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍  မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က အဲဒီမေးခွန်းနှင့်  တစ်ဆက်တည်းပဲ၊ သူတို့ကရော ဘာလို့ပလက်ဝမှာ ကျင်းပချင်ပါတယ် ဆိုတာကို ပြောလို့ရရင် သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပလက်ဝမှာ  သူတို့ကျင်းပချင်တာပြောကြောင်း၊ ဒါနှင့်ပတ်သက်လို့ ပြန်လည် သုံးသပ်ပေးပါလို့ ပြောတာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ဇယားတွေအရ ပြောရရင် ပြည်သူ့လွှတ်တော်မှာ ၁၅ နေရာ၊ အမျိုးသားလွှတ်တော်မှာ  ၇ နေရာ၊ ၇ နေရာလုံး ရခိုင်ပြည်နယ်တွေမှာ ပါဝင်ကြောင်း၊  အဲဒီလိုအခြေအနေ ရှိနေသည့်ကြားထဲတွင် ပလက်ဝကို တပ်ဘက်ကပေးသည့် အကြံပြုချက်ပေါ်မူတည်ပြီး ရွေးကောက်ပွဲကော်မရှင်က ပိုပြီးဆုံးဖြတ်ခဲ့ကြောင်း၊ မကျင်းပဖို့ဆုံးဖြတ်သည့် နေရာကို နည်းသည်ဟု ပြောကြောင်း၊ ကော်မရှင်တို့၊ ထွေ/အုပ်ဘက်ပေးသည့် အချက်တွေအရ နည်းကြောင်း၊  သူတို့ပြောချင်တာက လုံခြုံရေးဆိုင်ရာ သဘောထားတွေကို ပိုပြီး အလေးထားဆုံးဖြတ်တာ ဖြစ်ကြောင်း၊ တပ်ကမကျင်းပဖို့ ပြောထားသည့် ပလက်ဝဒေသကို သူတို့ဘက်က ကျင်းပချင်ပါတယ်လို့ တောင်းဆိုလာသည့်အပေါ်  ဗိုလ်ချုပ်တို့   ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ ဆိုတာမေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘာမှတ်ချက်မှမပေးလိုကြောင်း၊ သူတို့ လုပ်ချင်လို့လုပ်တာ ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍  မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က တချို့ပြည်နယ်တွေမှာ  ကြိုတင်မဲနှင့် ပတ်သက်လို့ ပြဿနာရှိကြောင်း၊  ရှိတာက တစ်ကမ္ဘာလုံးမှာလည်း  ကြိုတင်မဲသည် သူ့ပြဿနာနှင့် သူရှိကြောင်း၊ တပ်မတော်သား များနှင့်ပတ်သက်လို့  ကြိုတင်မဲကို ပြောချင်ကြောင်း၊ ဟိုတစ်နေ့က ဖြစ်သည့် တပ်ကမဲများကို ပယ်ဖျက်လိုက်တာကတစ်ပိုင်း၊ နယ်တွေမှာလည်း ရှိကြောင်း၊ ကြိုတင်မဲတွေနှင့် ပတ်သက်လို့ တပ်မတော်မှာ ကြိုတင်မဲပေးဖို့ ဗိုလ်ချုပ်အနေဖြင့် စာရင်းဇယား လုပ်ထားသည်များကို မိမိတို့ သိခွင့်ရှိမလား၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပ်မတော်က ကြိုတင်မဲ ဘယ်လောက်ပေးတယ်ဆိုတာ သိချင်ပါကြောင်း၊ တချို့ပြည်နယ်တွေမှာ တပ်ရင်း၊ တပ်ဖွဲ့တွေလည်း လုံခြုံရေးအရရှိတော့ ရှိသည့်နေရာတွေမှာ ကိုယ်စားလှယ်လောင်းတွေ ကန့်ကွက်တာတော့ တချို့တွေ ကြိုတင်မဲပေးဖို့ စာရင်းပေးကြောင်း၊ အဲဒီလူတွေ ဘယ်မှာရှိလဲ မေးသည့်အခါ ကော်မရှင်ဘက်ကလည်း   အဲဒီလူတွေတကယ်ရှိ/မရှိ  မသိဟုပြောကြောင်း၊ တပ်ဘက်ကလည်း   လုံခြုံရေးဆိုင်ရာရှုထောင့်ကနေ မပြောနိုင်ဘူး ဆိုသည့် အချို့အချက်ရှိသည်ဟု ပြောကြောင်း၊    အဲ့ဒီအခြေအနေတွင် ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အများ ပြည်သူများ သိရှိအောင် ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့မျိုးအကြံပြုချင်သလဲ၊  ဘယ်လိုအခြေအနေရှိသလဲဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီး ပြောသည့်အထဲတွင် ကော်မရှင်က မိမိတို့အနေဖြင့် ကြိုတင်မဲနှင့် ပတ်သက်လို့  မိမိတို့ ဘယ်နေရာ ရောက်နေသည်ကို မပြောနိုင်ဘူးလို့ အဲဒီလိုမျိုးပြောခဲ့တာ မှန်ပါသလားဟု ပြန်လည် မေးမြန်းသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ကော်မရှင်ဘက်က ပြောတာမဟုတ်ကြောင်း၊  ကိုယ်စားလှယ်လောင်းများက မြို့နယ်ဆိုင်ရာကော်မရှင်များက မသိကြောင်း ပြောကြားသည်ဟု ပြန်လည်ဖြေကြားသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  မိမိပြောလိုသည်မှာ တပ်မတော်အနေဖြင့် ကြိုတင်မဲများနှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းကမ်းများအရ ဆောင်ရွက်ကြောင်း၊  မိမိတို့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်လွန်ပြီး ဆောင်ရွက်တာမရှိကြောင်း၊ ဘယ်နေရာတွေမှာ တပ်မတော်သားတွေ ကြိုတင်မဲပေးမည်ဆိုတာ ရွေးကောက်ပွဲကော်မရှင် သိရှိကြောင်း၊ စာရင်းဇယားများနှင့်  အတိအကျပေးထားကြောင်း၊ ဒါနှင့်ပတ်သက်လို့ ထပ်ပြီး မေတ္တာရပ်ခံချင်တာက လုံခြုံရေးဆိုင်ရာ ရှေ့တန်းမှာ ထွက်နေသည့်သူများ ရှိကြောင်း၊ ရှေ့တန်းထွက်နေသည့် လူအင်အား ဘယ်လောက်ရှိနေသည်ကို ပေါက်ကြားသွားနိုင်ကြောင်း၊ သို့သော် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းအရ ပေးခဲ့တာ ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းအရ ပေးခဲ့လို့လည်း ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း၊ ဘာကိုမှ ကလိမ်ကကျစ်လုပ်လို့   ရမည်မဟုတ်ကြောင်း၊ ဘယ်နေရာကနေ ဘယ်နေရာ မဲတွေလာတာ မရှိပါကြောင်း၊  ပြောရမည်ဆိုလျှင်  ရွေးကောက်ပွဲ မကျင်းပသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမှာ တပ်ဌာနချုပ်တစ်ခု ရှိကြောင်း၊ အဲဒီမှာ ရှိသည့် စစ်သည်၊ မိသားစုများ မဲပေးပိုင်ခွင့် ဆုံးရှုံးကြောင်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မှာ  တပ်ဌာနချုပ်တစ်ခု ရှိကြောင်း၊ မဲပေးပိုင်ခွင့်ဆုံးရှုံးကြောင်း၊ မိမိတို့သည်လည်း ဆုံးရှုံးကြောင်း၊   ရွေးကောက်ပွဲမှာ  ကြိုတင်မဲတွေနှင့် ပတ်သက်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် မညီတာတစ်ခုမှ မရှိကြောင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအညီ လုပ်ဆောင်ကြောင်း၊  ပုံစံ ၃(က)အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပုံစံ(၁၅)အရ ဆောင်ရွက်ရလျှင်  ဆောင်ရွက်ကြောင်း၊ ဒါတွေကို   အသေးစိတ် ဖတ်ကြည့်ရင် သိမည်ဖြစ်ကြောင်း၊ ကြိုတင်ဆန္ဒမဲအရေအတွက် အတိအကျကို မပြောလိုကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ရခိုင်မှာ တပ်မတော်မှ အဆင့်သုံး သတ်မှတ်ထားသည့် မြို့နယ်မည်မျှ ရှိလဲသိချင်ကြောင်း၊ အချို့မြို့နယ်များသည် ကူးစက်လူနာတွေများလို့   မဲပေးခွင့် ဆုံးရှုံးရသည်ဟု သိရကြောင်း၊ ထိုသို့ မဲပေးခွင့် ဆုံးရှုံးရသူများတွင် တပ်မတော်မှ တပ်ရင်း၊ တပ်ဖွဲ့များ ပါ/မပါ သိချင်ကြောင်း၊ ဒါနဲ့ပတ်သက်ပြီး မည်သို့ဆက်လက်လုပ်ဆောင်သွားမှာလဲ၊ Com-plaint တွေရော  တက်ထားတာရှိလား သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  မရှိပါကြောင်း၊ ၎င်းတို့  သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့တွင် တပ်ဌာနချုပ်တစ်ခုနှင့် တပ်ရင်း၊ တပ်ဖွဲ့များရှိကြောင်း၊ အားလုံးမဲမပေးရရင် ကျွန်တော်တို့လည်း ပါမည် ဖြစ်ကြောင်း၊ ကျောက်တော်မှာလည်း တပ်ဌာနချုပ်တစ်ခုရှိကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး တပ်မတော်သားများ အနေနှင့် ထူးခြားပြီး မဲပေးခွင့်ရှိအောင်   လုပ်ဆောင်သွားမည် မဟုတ်ကြောင်း၊ ရှိစရာလည်း အကြောင်းမရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ရခိုင်မှာ အဆင့်သုံးသတ်မှတ်ထားသည့် မြို့နယ်များ မည်မျှရှိလဲသိချင်ကြောင်း   မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက   ရခိုင်တစ်ခုတည်း  ထုတ်ပြောဖို့တော့ မဖြစ်နိုင်ကြောင်း၊ ၃၃၀၊ ၂၇၁၊ ၂၀၊ ၃၉ စသည်ဖြင့် ပြောပြီးပြီဖြစ်ကြောင်း၊ မိမိတို့ သတင်းစာရှင်းလင်းပွဲတွင်   ပြောပြီးပြီဖြစ်ကြောင်း၊ ကျွန်တော်တို့ ရခိုင်မှာ သတ်မှတ်ထားသည်များသည် လုံခြုံရေးနှင့်သူတို့ သတ်မှတ်ထားသည်များ ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက်   ဦးထက်နိုင်ဇော်က မေးမြန်းရာတွင် ချင်းပြည်နယ်၊ ပလက်ဝတွင် တပ်မတော်က မကျင်းပချင်ကြောင်း၊ အစိုးရကကျင်းပချင်၍ လုံခြုံရေး ပေးပါဆိုပြီး တပ်မတော်က လုံခြုံရေး ပေးရသည်ဟု နားလည်လို့ရပါသလားဟု မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ဟုတ်ပါကြောင်း၊  ဆိုလိုတာက  ဒီလိုဖြစ်ပါကြောင်း   ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က နိုင်ငံတကာမှာ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်ရေးသဘောတူစာချုပ်ကို     မြန်မာက ချိုးဖောက်သည်ဟု စွပ်စွဲထားသည့် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍   ထိခိုက်မှု အချက်အလက်များပါသည့် စာမျက်နှာ ၅၀၀ ပါ အချက်အလက်များကို  ICJ ကိုတင်ထားသည်ဟု သိရကြောင်း၊ တပ်မတော်အနေနှင့် ဆောင်ရွက်ထားမှုများကို မျက်မြင်သက်သေများနှင့် တင်ပြမည်ဟုသိရကြောင်း၊ ဒီလိုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး တပ်မတော်အနေနှင့် ဘာများပြောချင်လဲ သိချင်ကြောင်း၊ မြန်မာအစိုးရအနေနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် တွင် တင်ရမည်ဟု သိရှိကြောင်း၊   ၎င်းကို တပ်မတော်အနေနှင့်    ခုခံချေပမည့် အကြောင်းရင်းများကို   သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  မိမိတို့ ICC နှင့် ပတ်သက်ပြီး ဝေဖန်စရာအကြောင်း မရှိကြောင်း၊ အသိအမှတ်ပြု ထားသည်လည်း မရှိကြောင်း၊ ICJ နှင့် ပတ်သက်ပြီးတော့ တင်ပြစရာများရှိသည်မှာ မှန်ကြောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့ ကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ဗဟိုဦးစီးကော်မတီလိုမျိုး နိုင်ငံတော်အဆင့်ဖွဲ့စည်းထားတာရှိကြောင်း၊ လုပ်ငန်းကော်မတီလိုမျိုး ဖွဲ့စည်းထားတာရှိကြောင်း၊ စစ်ဥပဒေချုပ်ရုံးက အရာရှိကြီးများနှင့် ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီစွပ်စွဲချက်နှင့် ပတ်သက်ပြီး တင်ပြသည့်အရာများရှိ ကြောင်း၊ ဘယ်လိုအထောက်အထားတွေ ရယူလဲဆိုတာကို ကျွန်တော်တို့ပြောပြီးပြီ ဖြစ်ကြောင်း၊ အထောက်အထားရရှိမှုများသည်၊ နည်းသည်မှာ အဓိကမကျကြောင်း၊ မှန်သည်၊ မမှန်သည်မှာသာ အဓိကကျကြောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ် ဆောင်ရွက်ချက်များကို  ပြောပိုင်ခွင့်မရှိကြောင်း၊ သို့သော် ကျွန်တော်တို့အနေနှင့်   အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှသတင်းထောက် ဦးထက်နိုင်ဇော်က ဦးဂါရွာနှင့် ပတ်သက်ပြီး တပ်မတော်သား တစ်ဦးက ဝန်ခံတယ်လို့သိရကြောင်း၊ တပ်မတော်စစ်တရားရုံးဖြင့် စစ်ဆေးနေတယ်လို့ သိရကြောင်း၊ ဘယ်အခြေအနေထိ ရောက်နေပြီလဲ သိချင်ကြောင်း၊   ပွင့်လင်းမြင်သာမှုရှိအောင် မည်သို့လုပ်မလဲသိချင်ကြောင်း၊  အပြစ်ဝန်ခံထားတဲ့ သူတွေကို တပ်မတော်က ဘယ်လောက်ထိအပြစ်ဒဏ်ပေးလို့ရလဲ သိချင်ကြောင်း၊    ပြစ်ဒဏ်ချမှတ်ပြီးရင် ထိုလူတွေကို  တပ်မတော်မှ ထုတ်ပစ်မှာလားကို သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၎င်းနှင့်ပတ်သက်ပြီး စစ်တွေတွင် စုံစမ်းနေတာရှိကြောင်း၊ တပ်မတော်အက်ဥပဒေ အနေနဲ့သာမက နယ်ဘက်ဆိုင်ရာဥပဒေအနေနဲ့ရော အရေးယူမှာ ဖြစ်ကြောင်း၊ နယ်ဘက်ဆိုင်ရာဥပဒေမှာ နာကျင်စေမှုနှင့် မုဒိမ်းမှု ပြစ်မှုမြောက်မှုအတွက် အရေးယူမှုရှိမည်၊ ဒါ့အပြင် တပ်မတော်အက်ဥပဒေအရလည်း ထပ်တိုး  အရေးယူမှုရှိမည်ဖြစ်ကြောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူမှုများရှိမည်ဟု ထုတ်ပြန်ပြီး ဖြစ်ကြောင်း၊   ဆောင်ရွက်ပြီးလို့ ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက်    ဦးထက်နိုင်ဇော်က ဆက်လက်မေးမြန်းရာတွင် NCA ကိစ္စမှာ မည်သူ့တွင်တာဝန်ရှိသလဲဆိုတာ မေးခွန်းထုတ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပင်လုံမိန့်ခွန်းများ၊  NCA (၅)နှစ်မြောက် မိန့်ခွန်းများ၊ ထိပ်သီးအစည်းအဝေး မိန့်ခွန်းများအပေါ်မှာလည်း ပြောစရာ၊ ဆွေးနွေးစရာများရှိကြောင်း၊ အစိုးရအကူးအပြောင်းရှိတော့မည်၊ ငြိမ်းချမ်းရေးကလည်း   ရှေ့မတိုးနောက်မဆုတ် အခြေအနေမှာဒီ NCA လမ်းကြောင်းမှာ ဆက်ပြီးတော့ပါဝင်လို့  ဖြစ်/မဖြစ်သိချင်ကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့်    ဒီလိုမျိုးအခြေအနေ ဖြစ်လာတာ   မည်သူ့ကိုမျှအပြစ်မတင်ဘူးလို့ ပြောသည်ဟု သိရကြောင်း၊ ခုနကပြောသလို တပ်မတော်ကမှန်ကြောင်း၊ တိုင်းရင်းသားများကမှားကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့်   စီမံခန့်ခွဲမှုညံ့တာလား တပ်မတော်အနေဖြင့် ဘယ်လိုသုံးသပ်ချင်ပါသလဲဟု မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကျွန်တော်တို့အနေနဲ့ ပြောချင်တာက   လက်တွေ့ ဖြစ်ရပ်တွေကို သုံးသပ်တာ ကောင်းကြောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့  အချက်အလက်ပေါ်မှာ အခြေခံပြီးသုံးသပ်သည်မှာ ပိုပြီးတော့ မှန်ကန်နိုင်ကြောင်း၊   NCA နှင့် ပတ်သက်ပြီးတော့ သူတို့ဘယ်လို လုပ်ခဲ့တယ်၊ ဆွေးနွေးခဲ့တယ် ဆိုတာကို တရားဝင်စာရွက်စာတမ်းတွေ၊ စာရင်းဇယားတွေ ထုတ်ပြန်ခဲ့တာရှိကြောင်း၊ အဲ့ထဲမှာမှ အခုစကားလုံး တစ်လုံးချင်းရဲ့ အပေါ်မှာ ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုတယ်ဆိုတာတွေဟာ ယုံကြည်မှု တည်ဆောက်နိုင်မှုအပေါ်မှာ မူတည်မှာ ဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့    မည်သူ့ကိုမှ အပြစ်တင်ပြောကြားနေတာ မဟုတ်ကြောင်း၊    အချက်အလက် တွေပေါ်မှာ အခြေခံပြီး   သုံးသပ်ပြောကြားနေတာ ဖြစ်ကြောင်း၊ ညီလာခံမှာတက်သည့်လူတွေ၊    မတက်သည့်လူတွေ၊ ညီလာခံမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့သူတွေ၊ ၂၁ ရာစု  ပထမပင်လုံညီလာခံမှာ  ဘာဆုံးဖြတ်ချက်မှ မချနိုင်အောင် ဖြစ်သွားသည့် အခြေအနေတွေ ခင်ဗျားတို့ အသိဆုံးပဲ ဖြစ်ကြောင်းဖြင့် ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှသတင်းထောက်ဦးထက်နိုင်ဇော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  ဗိုလ်ချုပ်တို့ပြောသည့် PR ကိစ္စဖြစ်ကြောင်း၊ ဒီကိစ္စက ယခုအချိန်မှာ ဘာဖြစ်လို့ဆွေးနွေးစရာ ဖြစ်လာတာလဲ သိချင်ကြောင်း၊ ဗိုလ်ချုပ်ပြောသွားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ဆိုသည်မှာလည်းဒီမိုကရေစီလမ်းကြောင်းမှာ မအောင်မြင်သေးကြောင်း၊    တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေတဲ့အချိန်မှာ PR ကိုလုပ်မည်ဆိုလျှင်    အခြားပါတီအချို့က ပိုပြီးအားကောင်းမည် ဆိုသည့်အမြင်မျိုး ရှိကြောင်း၊ ဆိုလိုတာက ၇၅ ရာခိုင်နှုန်း ပြိုင်သည့်အခါမှာတော့ အချိုးကျပုံစံစနစ်နှင့် ပေါင်းစပ်လိုက်လျှင် ပါတီကြီးတစ်ခုအတွက် ပိုအကျိုးရှိမည့် အမြင်မျိုးရှိကြောင်း၊  တပ်မတော်အနေနှင့်ဘာဖြစ်လို့ ဏျွကို ယခုအချိန်ထိ ပြောနေတာလဲ သိချင်ကြောင်း၊ ပုဒ်မ ၂၆၁ တို့ဘာတို့နှင့် အကုန်လုံးဆက်စပ်ပြီးတော့ စဉ်းစားသည့်အခါ   ဒီတစ်ခုလုံးကိုခြုံပြီးတော့ ပြောနိုင်သည့်အရာက ဘာရှိမလဲ သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပုဒ်မ၂၆၁ နှင့်ပတ်သက်ပြီး ကျွန်တော် ရှင်းရှင်းလင်းလင်း ကျွန်တော်ပြောခဲ့ပြီး ဖြစ်ကြောင်း၊ ယခုတိုင်းရင်းသားများ တောင်းဆိုသည်မှာ ဝန်ကြီးချုပ်နှင့် ပတ်သက်ပြီးတော့ ၎င်းတို့လွှတ်တော်ထဲက ရွေးကောက်သည့်သူကိုပဲ ဝန်ကြီးချုပ်ဖြစ်သင့်ကြောင်း၊ ၎င်းတို့ကိုယ်စားလှယ်ပဲ ဖြစ်စေနိုင်သည်ကို ပြောကြားနေခြင်း ဖြစ်ကြောင်း၊ ဒါကြောင့်ပုဒ်မ ၂၆၁ နှင့် ပတ်သက်ပြီးတော့ ယူထားခြင်း ဖြစ်ကြောင်း၊၎င်းနှင့် PR သည် ဆက်စပ်မှုမရှိကြောင်း၊ ပုဒ်မ ၂၆၁ သည် ပုဒ်မ ၂၆၁ ကိစ္စဖြစ်ကြောင်း၊   ဆက်စပ်မှုမရှိဘူးလို့ ပြောခြင်းသည်    အများကြီးဆက်စပ်မှု မရှိဘူးလို့ ပြောခြင်းဖြစ်ကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီးတော့     အများအားဖြင့် တိုင်းရင်းသား ပါတီတွေ အားကောင်းလာပါကြောင်း၊ အားကောင်းလာသော်လည်း ယခု ပုဒ်မ ၂၆၁ ပြဋ္ဌာန်းချက်အရတော့ ၎င်းတို့  ဘယ်လောက်အားကောင်းသည်ဖြစ်စေ    ဝန်ကြီးချုပ်ကို ခန့်အပ်ခြင်းကို သမ္မတကသာ ခန့်အပ်ကြောင်း၊ အမှန်တကယ် လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေသည့် ကိစ္စများသည်    တိုင်းဒေသကြီး၊ ပြည်နယ်အကျိုးကို    လက်တွေ့လုပ်ပေး နိုင်သည့်သူများသည်   အုပ်ချုပ်ရေး အဖွဲ့အစည်းက ဝန်ကြီးချုပ်များသည်သာလျှင် လုပ်ပေးနိုင်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌများက လုပ်မပေးနိုင်ကြောင်း၊ ၎င်းင်းတို့၏အကန့်အသတ်များရှိကြောင်း၊ ဒါကြောင့် တိုင်းရင်းသား နယ်မြေဒေသမှာ ရှိသည့်သူများသည် ၎င်းတို့နယ်မြေအကျိုးကို ဆောင်ရွက်နိုင်အောင် စဉ်းစားသင့်သည်၊ ဆွေးနွေးသင့်သည်လို့ပြောခြင်း ဖြစ်ကြောင်း၊ PR ကိစ္စနှင့်ပတ်သက်ပြီး မှန်ကြောင်း၊  တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ကျွန်တော်တို့ ဆွေးနွေးချက်က  ရှင်းရှင်းလေးဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးတွေမှာလူဦးရေရဲ့ သုည ဒသမ တစ် ရာခိုင်နှုန်းရှိခဲ့လျှင် သုည ဒသမ တစ် ရာခိုင်နှုန်းသည် တိုင်းဒေသကြီးနှင့်    ပြည်နယ်လွှတ်တော်တွေမှာ ပါဝင်ခွင့်ရှိကြောင်း၊     ဒါပေမဲ့ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များမှာ ပါဝင်ခွင့်မရှိနိုင်ကြောင်း၊ ဒီ သုညဒသမ တစ်ရာခိုင်နှုန်းထက် နည်းသည့်     မရှိသည့်တိုင်းရင်းသားများ ရှိကြောင်း၊ မြန်မာနိုင်ငံမှာ ပါတီခွဲတာနှစ်ခုပဲ ရှိကြောင်း၊ နိုင်ငံရေးမူဝါဒကို အခြေခံသည့် ပါတီနှင့် ဒေသနှင့်အမျိုးသားကို အခြေခံသည့်ပါတီတို့ ဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ဒေသနှင့်တိုင်းရင်းသားကိုအခြေခံသည့်  ပါတီများသည်လည်း လွှတ်တော်ထဲသို့    ရောက်လာမည်ဟု ကျွန်တော်တို့ ထင်ကြောင်း၊     တချို့မျိုးနွယ်စုများမှာ ၎င်းတို့ ဖွဲ့စည်းထားသော ပါတီများရှိကြောင်း၊ အာခါမှာ အာခါလူမျိုးစုများ ရှိကြောင်း၊ ကျန်သည့်တိုင်းရင်းသား လူမျိုးစုများလည်း ရှိကြောင်း၊ သို့သော်၎င်းတို့အနေနှင့် လွှတ်တော်ထဲသို့ ရောက်စရာအကြောင်း မရှိကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်စရာ အကြောင်းမရှိကြောင်း၊ PR ကို ကျင့်သုံးမည် ဆိုပါက လွှတ်တော်ထဲရောက်လာပြီ၊ ၎င်းတို့ လွှတ်တော်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်စရာ အကြောင်းရှိတယ် ဆိုပြီးတော့ ကျွန်တော်တို့ ဆွေးနွေးခြင်းဖြစ်ကြောင်း    ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှသတင်းထောက်ဦးထက်နိုင်ဇော်က PR နှင့် ပတ်သက်ပြီး တပ်မတော်အတွက်ရော အားသာချက်ရှိလား သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနှင့်  ကျွန်တော်တို့ ပြောပြီးပြီ ဖြစ်ကြောင်း၊ ၎င်းကို လုပ်ဆောင်သည့် ရည်ရွယ်ချက်က ကိုယ်စားပြုဖို့အတွက် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်သည့်အခါမှာ Institutional တွေ အားလုံးကို ဒီမိုကရေစီ ဆွေးနွေးနိုင်မှု ဘောင်ထဲသို့ ဆွဲသွင်းနိုင်လျှင် ပိုပြီးတော့ တိုးတက်မည်လို့ ကျွန်တော်တို့မြင်ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောသည့် စကားတစ်ခုနှင့် ဆက်စပ်ကြည့်နိုင်ပါကြောင်း၊   တပ်မတော်အနေနှင့်  သောင်းကျန်းမှုများချုပ်ငြိမ်းသွားပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအရ အာမခံချက်ရှိသွားသည့်အခါမှာ ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းကို ပြန်လည်စဉ်းစားမည်ဟု ပြောခဲ့ပြီး ဖြစ်ကြောင်း ဆက်စပ်ကြည့်လျှင် သိနိုင်မည်ဟု ဖြေကြားသည်။

ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ကချင်ပြည်နယ်မှ  လွှတ်တော် ကိုယ်စားလှယ်လောင်း တွေသည့် UEC ကို မေးထားချက်များ ရှိကြောင်း၊ မိမိတို့ ရထားသည့် သတင်းတွေအရ ဆိုရင်လည်း တပ်မတော်သားတွေ၏ ကြိုတင်မဲနှင့် တပ်မတော်သားတွေနှင့်အတူနေ မိသားစုတွေ၏   ကြိုတင်မဲဆိုပြီး၂ ပိုင်းရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေမေးခွန်းထုတ် နေသည်မှာ ကြိုတင်မဲအရေအတွက်က အရမ်းများပြီး တချို့ဆိုရင် တပ်ရင်းတစ်ရင်း ၈၅ ယောက်၊ ၈၆ ယောက် ပေးတယ်လို့ ပြောကြောင်း၊ ထိုအထဲတွင် တပ်မတော်သားမိသားစုဝင်တွေအများကြီးပါနေကြောင်း၊ တပ်မတော်သားတွေ၏ သဘောသဘာဝအရ ရှေ့တန်းထွက်နေရခြင်း၊ လုံခြုံရေးနယ်မြေသွားရခြင်းများ ရှိကြောင်း၊ တပ်မတော်သားနှင့်အတူနေ မိသားစုဝင်တွေ ဘာကြောင့် ကြိုတင်မဲအရမ်းများနေခြင်းကို သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကချင်ပြည်နယ် တနိုင်းဒေသမှာ တပ်များပြောင်းရွှေ့နေခြင်းများ ရှိကြောင်း၊ ယင်းဒေသက ဒေသခံများ ထိုအခြေအနေကိုသိကြောင်း၊ လုံခြုံရေးအရ ဒီလောက်ပဲ ပြောနိုင်မည်ဖြစ်ကြောင်း၊ တပ်များ ပြောင်းရွှေ့နေခြင်းသည် တပ်တစ်တပ်ကနေတစ်တပ်ကို ပြောင်းရွှေ့နေခြင်းဖြစ်ပြီး ယခုမှပြောင်းရွှေ့နေခြင်း မဟုတ်ကြောင်းနှင့်  ရွေးကောက်ပွဲနီးမှ ပြောင်းရွှေ့နေခြင်း မဟုတ်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်ကပင် တပ်တွေနှင့် ပတ်သက်ပြီး ပြောင်းရွှေ့နေခြင်းများ ရှိပြီး ထိုအကြောင်းအရာကို ဒေသခံများကို မေးကြည့်လျှင် ပိုသိနိုင်ကြောင်း၊ မည်သည့်တပ်တွေ ဘယ်လိုလုပ်နေလဲ ဆိုသည်ကို သိကြောင်း၊ လုံခြုံရေးအရ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ထို့ကြောင့်လည်း မိသားစုဝင်များ ပါလာခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ကချင်ပြည်နယ်မှာ ပုံစံ၃(က)နဲ့ ပတ်သက်ပြီးတော့ တချို့ပြည်မက တပ်တွေကို  အဲဒီကိုရွှေ့ပြီးတော့မှ ပုံစံ၃(က) လျှောက်ထားတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို မေးထားတဲ့ အချက်တွေကို ကိုးကားပြီး Myanmar Now က ရေးထားတာ တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး  တကယ်ဖြစ်ခဲ့တာလားဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်ဟု မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တချို့ကိစ္စတွေကတော့ လုံခြုံရေးအရ မဖြေသင့်တာတွေရှိလို့ ဖြေလို့ရသလောက်တော့ ဖြေပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာရှိသည့်    တိုက်ခိုက်ရေးတပ်မဌာနချုပ်အများစုက  မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိကြောင်း၊ လိုအပ်သည့်နေရာကို  စစ်ဆင်ရေး ဝင်ရကြောင်း၊  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသနှင့် ပလက်ဝဒေသတွေမှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မများရှိကြောင်း၊ အားလုံးမဟုတ်ပေမယ့် တချို့ဒေသတွေကို  မဲပေးပိုင်ခွင့် ပိတ်ပင်လိုက်သည့်အတွက်    မဲပေးခွင့်တချို့ဆုံးရှုံးခဲ့ကြောင်း၊    ကချင်ပြည်နယ်တွင်  စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့်တပ်များရှိကြောင်း၊ ရွေးကောက်ပွဲကာလနီးမှ ရွှေ့ပြောင်းခြင်း   ဟုတ်/မဟုတ် ဒေသခံများကိုမေးကြည့်ပါက  သိနိုင်ကြောင်း၊ တပ်မတော်အနေဖြင့်   ကချင်ပြည်နယ်တွင် အဓိကလုပ်ဆောင်နေသည့်   လုပ်ငန်းနှစ်ခုရှိကြောင်း၊  ပထမတစ်ခုအနေဖြင့်  ခေါင်လန်ဖူးလမ်းဖောက်ခြင်းဖြစ်ပြီး  ဒုတိယတစ်ခုကတော့ ပူတာအို ဒေသကို ရိက္ခာပို့ခြင်းဖြစ်ကြောင်း၊ ပူတာအိုဒေသကို နှစ်စဉ်တပ်ရိက္ခာအပြင် အရပ်ရိက္ခာကိုပါ ပို့ဆောင်ပေးလျက် ရှိကြောင်း၊  ထိုသို့ပို့ဆောင်ရာတွင်     ပွင့်လင်းရာသီမတိုင်မီလမ်းများထိုး၍   ပို့ဆောင်ရကြောင်း၊   အဆိုပါ လုပ်ငန်းစဉ်များကို    ယခုမှဆောင်ရွက်ခြင်း မဟုတ်ဘဲ   နှစ်စဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ကို ဒေသခံများ အသိဆုံးပင် ဖြစ်ကြောင်း၊ တပ်မများ၊ တပ်များဘယ်အချိန်ကတည်းက ရောက်နေသည်၊ ဘယ်အချိန်ရောက်တတ်သည်ကို   ဒေသခံများကို မေးကြည့်လျှင်သိနိုင်ကြောင်း၊   ၎င်းတို့ပြောသည်မှာ  အကြောင်းပြချက်တစ်ခုသာ ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ရှမ်းမြောက်ဒေသတွင် ပုံစံ၃(က)လျှောက်ထားသူ တပ်မတော်သားအရေအတွက် တစ်သောင်းကျော်ရှိသည်ဟု သိရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ထုတ်တဲ့မေးခွန်းကတော့ တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ပြောထားတယ်၊ ရခိုင်ဒေသတစ်ခုတည်းသာ ရှိကြောင်း၊ စစ်ဆင်ရေးမရှိဘဲ  ရှမ်းမြောက်ဒေသမှာ ဘာကြောင့်အခု လိုတပ်အရွှေ့အပြောင်းတွေများ နေရတာလဲ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သိချင်ပါတယ်ဟု မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက   သတင်းထောက်ကြီး အနေဖြင့် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲဘယ်နှပွဲလောက် ဖြစ်ခဲ့တယ်လို့  ထင်ပါသလဲ၊ သိပ်ပြီးငြိမ်းချမ်းနေတယ်လို့  ထင်ပါသလား၊ ပြင်ဦးလွင်မှာ ဖြစ်ခဲ့သည့်ကိစ္စသည် ရှမ်းမြောက်ဒေသမှာ ဖြစ်ခဲ့သည့် ကိစ္စဖြစ်ကြောင်း၊  ပြင်ဦးလွင်မှာ  လာပြီးပစ်ခတ်သွားကြောင်း၊  တံတားချိုးသွားကြောင်း၊ ရှမ်းမြောက်ဒေသမှာ စစ်ဆင်ရေး ဝင်နေသည့်တပ်မတွေသည် ရခိုင်ဒေသမှာစစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတွေလောက် နီးပါးရှိကြောင်း၊ ယင်းစစ်ဆင်ရေးဝင်နေသည်မှာ နှစ်နှင့်ချီပြီဖြစ်ကြောင်း၊ ဘာမှလုပ်ကြံ ဖန်တီးစရာအကြောင်း  မရှိပါကြောင်း၊ ရွေးကောက်ပွဲနီးမှ   ၎င်းတပ်တွေရွှေ့ပြောင်းခြင်းတွေ၊ ဘာညာတွေဆိုသည်မှာ ပြောတဲ့လူတွေ ကိုယ်တိုင်အသိဆုံးဖြစ်ကြောင်း၊ မိမိတို့အံ့သြသည်မှာ ဒီလူတွေ ဘာကြောင့် လုပ်ကြံဖန်တီးပြီး ပြောထွက်သလဲဆိုသည်ကို မိမိတို့အံ့သြကြောင်း၊ လုံခြုံရေးနှင့်သက်ဆိုင်သည့် ကိစ္စတွေ၊ စစ်ဆင်ရေးနှင့်ဆိုင်သည့် ကိစ္စတွေ ဆောင်ရွက်နေသည် ဖြစ်ကြောင်း၊ မိမိတို့ပြောလိုသည်မှာ အထောက်အထားရှိလျှင် ပြစေလိုကြောင်း၊ ယင်းဒေသမှာ စစ်ဆင်ရေးဝင်နေသည့် တပ်တွေမှာ နှစ်ပေါက်နေပြီး တစ်နှစ်ကျော်လောက်ရှိပြီ ဖြစ်ကြောင်း၊ ယင်းပြင်ဦးလွင်ကိစ္စတွေ   ဖြစ်ပြီးကတည်းက ဒီတပ်တွေ မပြန်ရသေးကြောင်း၊ တပ်ရင်းတစ်ခုနှင့်တစ်ခု အလဲအလှယ် ရှိကောင်းရှိနိုင်မည် ဖြစ်ကာ တပ်ထပ်တိုးစရာအကြောင်း မရှိကြောင်း၊ ယင်းမဲလေးတစ်မဲအတွက်နှင့် သွားပြီး    အကုန်အကျခံ အသက်တွေစွန့်ပြီး    သွားလုပ်စရာအကြောင်း မရှိကြောင်းဖြင့် ဖြေကြားသည်။

ဆက်လက်၍  BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက Facebook ပေါ်မှာဖြစ်သည့်   အမျိုးသမီး အကြောင်းကိစ္စ၊   ဗိုလ်ချုပ်ကိုလည်း ဒီကိစ္စကိုမေးပြီးသား ဖြစ်ပါကြောင်း၊ Live လွှင့်ပြီးတော့ ပြောသည့်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို ၆၆-ဃနဲ့  တရားစွဲထားသည်ကိုကြားရကြောင်း၊ အဆိုပါ အမျိုးသမီးက ယခုတပ်ရင်းမှာရှိပါသလား၊ သူ့ကိုအရေးယူထားခြင်း   ရှိ/မရှိနှင့် Online မှာပြောသလို ပခုက္ကူထောင်ထဲမှာ ချုပ်ထားသည် ဆိုသည်မှာ ဟုတ်ပါသလား၊ မည်သည့်ပုဒ်မနှင့် တရားစွဲဆိုထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  အရေးယူဖို့ အစီအစဉ်ရှိကြောင်း၊   အဆိုပါ အမျိုးသမီးအနေဖြင့် တပ်အတွင်းမှာ ဖြစ်ခဲ့သည့်ကိစ္စတွေကို Live လွှင့်ပြီးတော့  တပ်မတော်အပေါ် အထင်အမြင်လွဲမှားအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တည်ဆဲဥပဒေနှင့်အညီ  အရေးယူသွားမှာဖြစ်ကြောင်း၊ ပုဒ်မ ၅၀၅  နှင့် တရားစွဲထားပြီး ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရကြောင်း ဖြေကြားသည်။

မြဝတီ