ဆီးသွားများခြင်း မျက်စိမှုန်ခြင်းတို့ရဲ့အရင်းခံ
မကြာခဏ ဆီးသွားနေခြင်း၊ ညအိပ်ချိန် မကြာခဏ ထပြီးဆီးသွားရခြင်း၊ မျက်စိက စာလုံးတွေကြည့်ရင် အရောင်တောက်လာပြီး ဝေဝါးလာခြင်းတို့က သွေးအတွင်း သကြားဓာတ်များနေလို့ ဖြစ်ပါတယ်။ ပင်ပန်းလွန်းနေမယ်ဆိုရင်လည်း မကြာခဏ ဆီးသွားတတ် ပါတယ်။
ဒါကြောင့် နေ့စဉ် နာရီဝက်မှ တစ်နာရီကြာ အားကစားတစ်ခုခုလုပ်သင့်ပါတယ်။ ဥပမာ-ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ခပ်နှေးနှေး ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း တစ်ခုခုပြုလုပ်သင့်ပါတယ်။ နေ့စဉ်ပုံမှန်နာရီဝက်၊ တစ်နာရီ အားကစားလုပ်ပေးခြင်းက စိတ်ရော ကိုယ်ပါအနားပေးခြင်း၊ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်း၊ ပိုလျှံတဲ့အဆီတွေ မစုမိစေဖို့ ချွေးအဖြစ် ထွက်စေခြင်းနဲ့ စိတ်ပေါ့ပါး လန်းဆန်းစေခြင်း၊ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံစေပါတယ်။ ဒါကြောင့် လူတိုင်းနေ့စဉ် အားကစားတစ်ခုခု ပြုလုပ်သင့် ပါတယ်။
ဆီးသွားများခြင်း၊ မျက်စိမှုန်ခြင်းတို့မှာ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်မျိုး ဖြစ်ပါတယ်။ ဆီးစစ်တာ ဒါမှမဟုတ် သွေးချိုဖောက်စစ် တာပြုလုပ်သင့်တယ်။ သိပ်ပြီးသေချာချင်ရင် ဟေမိုဂလိုဘင်အေဝမ်းစီ(HbA1C)ကို နံနက် ၆ နာရီ အိပ်ရာထထချင်း ဖောက်စစ် ကြည့်ရင် ဆီးချိုရှိ၊ မရှိ သိနိုင်ပါတယ်။
သကြား၊ အချိုရည် အစားများနေသလား၊ အသောက်များနေသလား ဆန်းစစ်သင့်ပါတယ်။ ယခင်က အချိုရည်ဘူးတွေ မပိတ်ပင်ခဲ့ပေမယ့် ၂၁ ရာစုအဝင်မှာ ကျောင်းတွေ၊ သင်တန်းတွေမှာ လက်မခံကြတော့ပါဘူး။ ပါဝါသကြားအနံ့နဲ့ အရောင်အမျိုးမျိုး ပြုလုပ်ပြီး သောက်ချင်စဖွယ်စီမံထားတဲ့အရာတွေက ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အဆီများလာခြင်း၊ အဝလွန်ခြင်းတို့ဖြစ်စေနိုင်လို့ ယခုအခါ အနောက်နိုင်ငံက စာသင်ကျောင်းတွေမှာ သောက်သုံးမှုကို တားမြစ်လိုက်ပြီဖြစ်ပါတယ်။
ဆီးချိုသွေးချိုရောဂါမရှိရင် ရေလျှော့သောက်စေချင်ပါတယ်။ ရေမကြာခဏသောက်ခြင်းရဲ့ရလဒ်က ဆီးမကြာခဏ သွားတတ်ပါ တယ်။ ဆီးချိုရောဂါဖြစ်ရင်တော့ အနည်းဆုံး ဆီးချိုဆေးနှစ်မျိုး ဥပမာ-မက်ဖော်မင် (Matformin 500 mg)နဲ့ ဂရစ် (Gritz 80 mg) တွဲပြီးသောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးနဲ့ ဆေးယဉ်ပါးမှုမှကင်းဝေးစေပါတယ်။ တစ်ပတ်တစ်ခါ ဆီးစစ်၊ သွေးစစ်ဖို့တော့လို ပါမယ်။
မျက်စိနဲ့ပတ်သက်လို့ မျက်စိအထူးကုဆရာဝန်နဲ့ပြသဖို့ လိုကောင်းလိုအပ်နိုင်ပါတယ်။ စာဖတ်သူ၊ တီဗွီနဲ့ ကွန်ပျူတာ အကြည့်များ သူတွေမှာ မျက်စိဒုက္ခပေးနိုင်ပါတယ်။ အဝေးမှုန်၊ အနီးမှုန်၊ ဆလင်ဒါစောင်းတာတွေဖြစ်နိုင်ပါတယ်။ သင့်တော်တဲ့ မျက်မှန်ပါဝါကို စမ်းသပ်ပြီးတပ်ဆင်သင့်ပါတယ်။ ယနေ့ခေတ် ကွန်ပျူတာနဲ့ မျက်မှန်ပါဝါချိန်ပေးနိုင်တဲ့အပြင် မျက်မှန်မတပ်ရဘဲ ပုံမှန်မြင်နေကျ အနီးအဝေး ကောင်းမွန်စွာချိန်ညှိပေးနိုင်ပြီဖြစ်လို့ လမ်းဘေးမျက်မှန်ဆိုင်က သင့်တော်ရာရွေးတပ်တာထက် ပိုပြီးစနစ်တကျ စမ်းသပ် သင့်ပါတယ်။
ဆီးသွားများခြင်း၊ မျက်စိမှုန်ခြင်းတို့ရဲ့ တရားခံမှာ သကြား(အချို)ပိုစားတတ်သူတွေဖြစ်နေတတ်ပါတယ်။ သကြား(Glucose) က ခန္ဓာကိုယ်တွင်းကယ်လိုရီနဲ့ စွမ်းအား (Engery)ရရှိတဲ့ အရေးကြီးအစားအစာဖြစ်ပါတယ်။ အချိုကြိုက်သူတွေက တခြားသူတွေ ထက် ပိုပြီးအဝေးမှုန်နိုင်ပါတယ်။ နှစ်ရှည်လများ သကြား အချိုစားမှုကြောင့် သွေးချိုမြင့်တက်လာစေတယ်။ မျက်လုံးအိမ်အတွင်းမှာ ရှိတဲ့ အရည်ကြည်များ မျက်လုံးမှန်ဘီလူးအတွင်း စိမ့်ဝင်နိုင်တဲ့အတွက် မှန်ဘီလူး ပုံပြောင်းနိုင်ပါတယ်။ အလင်းယိုင်ခြင်း များစေတယ်။ အဝေးမှုန်ပိုဖြစ်စေတယ်။ သကြားပိုစားသုံးသူတွေမှာ ခန္ဓာကိုယ်အဆီတိုးကာ အဝလွန်ပြီး ဆီးချိုရောဂါဖြစ် စေနိုင်ပါတယ်။ အင်ဆူလင်မမှီခိုတဲ့ ဆီးချိုအမျိုးအစား နှစ်မျိုးရဲ့ (၈၀-၉၀ %)က အချိုစားများခြင်း၊ အဝလွန် ခြင်း၊ ကိုယ်အလေးချိန် လွန်ကဲခြင်း တို့ကြောင့်ဖြစ်တယ်။
အဝလွန်ခြင်းမရှိစေဖို့ အချိုစားခြင်းကိုလျှော့ပြီး နေ့စဉ် ပုံမှန်လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီလုပ်သင့်ပါတယ်။ အစားအစာကို သင့်တင့်စွာ စားသင့်ပါတယ်။ ထိန်းချုပ်မှုမဲ့စွာ သကြားအချို ဒါမှမဟုတ် အချိုရည် သောက်သုံးတာကြောင့် ကိုယ်တွင်းဗီတာမင် ဘီဝမ်းဓာတ်တွေ ဆုံးရှုံးစေတယ်။ ဗီတာမင်ဘီဝမ်းဓာတ်ချို့တဲ့မှုကြောင့် အာရုံကြောရောင်ရမ်းခြင်းဖြစ်နိုင်ပြီး ဘယ်ရီဘယ်ရီ ရောဂါ အစပဲ ဖြစ်တယ်။ တချို့အရမ်းပိန်သွားမယ်။ နှစ်ရှည်လများ အချို၊ သကြားအစားများတာကြောင့် အဝလွန်ပြီး နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်စေနိုင်ပါတယ်။ ဆွီဒင်ဆေးပညာရှင်တို့ရဲ့ ၁၉၀၀ ပြည့်နှစ်မှ ၁၉၆၈ ခုနှစ်ကာလအတွင်း သကြားသုံးစွဲမှုပမာဏနဲ့ နှလုံးရောဂါကြောင့် သေပျောက်နှုန်းလေ့လာတဲ့အခါ သကြားအချိုအစားများလေ နှလုံးသွေးကြောကျဉ်းရောဂါ အဖြစ်များတာကို တွေ့ရှိရပါတယ်။
သကြားအချိုလွန်ကဲခြင်းက အာဟာရဓာတ်ချို့တဲ့ ခြင်းကိုဖြစ်စေနိုင်ပါတယ်။ သကြားနဲ့ ချိုတဲ့အစားအစာတွေ အစားလွန်တာနဲ့ သွေးချိုပမာဏမြင့်တက်ပြီး ကလေးတွေမှာဆိုရင် ထမင်းစားချင်စိတ်ပျက်ပြားစေပါတယ်။ သကြားအချိုကြိုက်တဲ့ ကလေးတွေက ဗီတာမင်၊ ကယ်ဆီယမ်၊ ပိုတက်စီယမ် စတဲ့သတ္တုဓာတ်ချို့တဲ့ တဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။
အချိုဓာတ်သကြားနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိပေမယ့် အချိုများခြင်းက မြုပ်ကွယ်နေတဲ့ကင်ဆာရောဂါ အရင်းအမြစ်ဖြစ်နိုင်တယ်။ ဝဖြိုးတဲ့ကလေးငယ်တွေ၊ အချိုစားများတဲ့ကလေးတွေမှာ နောင်တစ်ချိန် ပန်ကရိယကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တယ်။ ဆီးသွားများလာတာကြာရင် စိတ်ကျရောဂါဖြစ်လာနိုင်တယ်။ တခြားသူနဲ့ မတူဘဲ ရောဂါတစ်ခုခုခံစားနေရသလို ဖြစ်နေနိုင်တယ်။ စိတ်ဓာတ်ကျလိုက်၊ တက်လိုက်နဲ့ အများနဲ့လိုက်လျောညီထွေအောင် မနေနိုင်တဲ့သူ ဖြစ်နိုင်တယ်။
စိတ်ဓာတ်ကျသူတချို့က အစားပိုစားခြင်း၊ အချို ပိုစားခြင်းကြောင့် လှုပ်ရှားမှုနည်းနိုင်တာနဲ့အမျှ အ၀လွန်လာတယ်။ လေးလံ ထိုင်းမှိုင်းလာတယ်။ နားလေးခြင်း၊ မျက်စိမှုန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ညဘက် မကြာခဏဆီးသွားရတာနဲ့အမျှ အအိပ်အနေနည်း လာနိုင်တယ်။ အချိုစားများလေ အအိပ်နည်းလေဖြစ်တယ်။
ဆီးလမ်းကြောင်းကတစ်ဆင့် ရောဂါပိုးတွေဝင်လာ နိုင်တယ်။ အသက်ကြီးသူတွေမှာ ဆီးကျိတ်ရောဂါ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တယ်။ ဆီးပိုက်နဲ့ဆီးချူထားပြီး အာထရာစောင်း (Ultrasound) ရိုက်ကြည့်ရင် ရောဂါ အဆင့်ကို သိနိုင်ပါတယ်။ အမျိုးသမီး တွေမှာ မီးယပ် ရောဂါ၊ ကင်ဆာရောဂါတွေဖြစ်နိုင်ပါတယ်။
သကြားအစားများခြင်း၊ မကြာခဏဆီးသွားခြင်း၊ မျက်စိမှုန်ခြင်းတို့က နောက်ပိုင်း လူကိုအိုမင်း ရင့်ရော်စေနိုင်ပါတယ်။ အရေပြား တွန့်ခေါက်လွယ်ခြင်း၊ အရေပြားပျော့တွဲနေခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆီးသွားများခြင်း၊ မျက်စိမှုန်ခြင်းကို မကုသဘဲထား ရင် ဆီးချို၊ သွေးချိုရောဂါ၊ ဆီးချိုကြောင့် မျက်စိမှုန်ခြင်း၊ အတွင်းတိမ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရောဂါတို့ဖြစ်လာနိုင်လို့ မိသားစု ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်