ဓာတ်ခွဲနမူနာစုစုပေါင်း ၃၂၈၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိ
နေပြည်တော် ဖေဖော်ဝါရီ ၆
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၅-၂-၂၀၂၃ ရက် ည ၈ နာရီမှ ၆-၂-၂၀၂၃ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၃၂၈၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉၉၆၄၄၂၄ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၃၃၈၄၂ ဦးရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူတစ်ဦးရှိသဖြင့် ယနေ့အထိပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၆၁၄၃၁၄ ဦးရှိပြီဖြစ်သည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၉၀ ဦးရှိသည်။
သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။