ကျေးလက်ကျန်းမာရေးဌာနများတွင် ကျန်းမာရေးမှူး သို့မဟုတ် အမျိုးသမီးကျန်းမာရေး ဆရာမတစ်ဦး အနည်းဆုံးရှိရန် စီစဉ်ဆောင်ရွက်ကြရမည်

ကျေးလက်ကျန်းမာရေးဌာနများတွင် ကျန်းမာရေးမှူး သို့မဟုတ် အမျိုးသမီးကျန်းမာရေး ဆရာမတစ်ဦး အနည်းဆုံးရှိရန် စီစဉ်ဆောင်ရွက်ကြရမည်

နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်သူ့ကျန်းမာရေးဆိုင်ရာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ပေးနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ံပဘမငိ ပုံစံဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလက်လှမ်းမီရရှိရေးအတွက် ကျန်းမာရေးအခြေခံအဆောက် အဦများနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ အဆင်သင့်ရှိနေစေရေး ပိုမိုဖြည့်ဆည်းဆောင်ရွက်ရန်၊ ကျန်းမာရေး စောင့်ရှောက်သူများ၏ စွမ်းဆောင်ရည်မြင့်မားရေးအားဖြည့်ဆောင်ရွက်ရန်၊ လက်ရှိကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့်  လုပ်ငန်းများအသေးစိတ်ပြန်လည် စိစစ်သုံးသပ်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအနေဖြင့် မြို့နယ်အလိုက်ကျန်းမာရေး ဌာနများဖွင့်လှစ်နိုင်မှုကို   အသေးစိတ် ပြန်လည်ဆန်းစစ်ဆွေးနွေးကြရန်လိုကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနများတွင် ကျန်းမာရေးမှူး သို့မဟုတ် အမျိုးသမီးကျန်းမာရေး ဆရာမတစ်ဦးအနည်းဆုံးရှိရန်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတွင် သားဖွားဆရာမတစ်ဦးအနည်းဆုံးရှိရန်စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေဖြင့် လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး) သင်တန်း၊ အမျိုးသမီးကျန်းမာရေးဆရာမသင်တန်း စသည့် လုပ်ငန်းခွင်သင်တန်းများကို ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း၊  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေဖြင့်လိုအပ်မည့်သင်တန်းအစီအစဉ်များ ပြင်ဆင်ပြုစုထားရန်လိုကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော သားဖွားဆရာမများ၏လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းများဖွင့်လှစ်ရန်လိုကြောင်း၊ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်နိုင်ရန် အရန်သားဖွားဆရာမများကို မွေးထုတ်ပေးရမည်ဖြစ်ပြီး  မွမ်းမံသင်တန်းများပေးရန်လိုအပ်ကြောင်း။

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်သည့်အချိန်ကတည်းကစ၍အခြားသော အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများပြန်လည်အားဖြည့်    ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သည့် တိုက်နယ်ဆေးရုံများမှအပ ကျန်တိုက်နယ်ဆေးရုံများတွင် ဆရာဝန်နှင့်သူနာပြုများ ဖြည့်ဆည်းသွားရန်လိုအပ်ပြီး စနစ်တကျနေရာချထားရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စားသုံးကုန်ပစ္စည်းများကို တရားဝင်မှတ်ပုံတင်ရေး တိုက်တွန်းကြရန်နှင့် သတ်မှတ်ချက်များနှင့်အညီ အစားအသောက်များထုတ်လုပ်နိုင်ရေး ပံ့ပိုးပေးသွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဆောက်လုပ်ရေး၊ ဘဏ္ဍာရေး၊ ဝန်ထမ်း စည်းမျဉ်း၊စည်းကမ်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်  ကုသရေးဦးစီး ဌာနမှူးများက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးလုပ်ငန်းများကိုရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက    လိုအပ်သည်များမှာကြားကြသည်။

အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။