စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးသယံဇာတ ထိန်းသိမ်းနည်း သင်တန်းဖွင့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးသယံဇာတ ထိန်းသိမ်းနည်း သင်တန်းဖွင့်

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးသယံဇာတ ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ဝါးဒူးကျေးရွာ အုပ်စု အနောက်စုကြီး ခေတ်မီစံပြကျေးရွာ၌  ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင်  ကန်ကြီးထောင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန     ဦးစီးမှူး ဦးကြည်မိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကြည်လင်စိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ဦးစီးမှူး ဦးကျော်စိုးနိုင်က  သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို  မြို့နယ်အတွင်းရှိ အနောက်စုကြီး   ခေတ်မီစံပြကျေးရွာမှ သင်တန်းသား၊   သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၆ ရက်မှ  ၂၀ ရက်အထိ  ၁၅ ရက်ကြာ ကျွမ်းကျင်သင်တန်း နည်းပြများက မျိုးကောင်းမျိုးသန့် စပါးစိုက်ပျိုးနည်း၊  ပိုးသတ်ဆေး စနစ်တကျသုံးစွဲနည်း၊ ပိုးမွှားရောဂါ ကာကွယ်နည်း  လက်တွေ့ကွင်းဆင်း လေ့လာသင်ကြားခြင်း၊ ကြက်၊ဘဲ၊ ဝက်၊ ဆိတ်မွေးမြူနည်း၊ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါအကြောင်း၊ ဝက်ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်း၊ နို့စားနွားမွေးမြူခြင်းနှင့် မေထုန်မဲ့သားဖောက်ခြင်း လက်တွေ့ကွင်းဆင်းလေ့လာသင်ကြားခြင်း၊ ကောင်းမွန်ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်၊ ငါးမွေးမြူရေးနှင့် ဥပဒေများ စသည့်သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း  သိရသည်။