ရေနည်းကာလရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် အထောက်အကူပြုနိုင်မည်
နေပြည်တော် ဖေဖော်ဝါရီ ၈
ရေနည်းကာလ ရေရရှိရေးလုပ်ငန်း ကော်မတီ၏လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်နိုင်ရန် (၁/၂၀၂၃) အစည်းအဝေးကို လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ဦးဆောင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်နှင့် အညီ ယမန်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ နေပြည်တော်၌ ကျင်းပသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက နွေရာသီ ရေရှားပါးသော ဒေသများတွင် ရေရရှိရေး လတ်တလောဆောင်ရွက်နိုင်မည့် ရေတို၊ ရေရှည်လုပ်ငန်းများကို ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း၊ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဇုန်များတွင် နွေရာသီကာလ၌ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် အတွက် နွေကာလ ရေရှားပါးမှုဖြစ်ပေါ်နိုင်သော ဒေသများတွင် ရေရရှိရေးဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကို သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြုစုခဲ့ကြောင်း၊ လုပ်ငန်းအစီအမံများ အရ ဦးစားပေး ဆောင်ရွက်ပေးသွားမည့် ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ လက်တွေ့ကျသော လုပ်ငန်းအစီအမံများကို ကာလတိုအတွင်း အချိန်မီပြီးစီးရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး အဆင့် လုပ်ငန်းအဖွဲ့များနှင့် ကော်မတီဝင် များက နွေရာသီရေရရှိရေး လတ်တလော ဆောင်ရွက်နိုင်မည့် လက်တွေ့ကျသည့် ရှေ့ပြေးစီမံကိန်းများကို ရွေးချယ်ဆောင်ရွက် နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဇုန်များတွင် နွေရာသီကာလ၌ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် ရေနည်းကာလ ရေရရှိရေးလုပ်ငန်း ကော်မတီကို ဇန်နဝါရီ ၃၁ ရက်တွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီမှ ဖွဲ့စည်းပေးခဲ့သည်။
ရေနည်းကာလ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME ) များကို အထောက်အကူ ပြုနိုင်မည်ဖြစ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။