စားသုံးဆီဖူလုံစေရေးအတွက် နေကြာဧက ၈၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိ

စားသုံးဆီဖူလုံစေရေးအတွက် နေကြာဧက ၈၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိ

ဖြူး၊ စိုက်ပျိုးရေး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် နေကြာ ဧက ၈၀၀၀ ကျော် စိုက်ပျိုးနိုင်ရေးလျာထားကာ ပင်ကြားတန်းကြား စိုက်ပျိုးနည်း၊ သီးသန့်စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၈ အုပ်စု၌ ဆောင်းနေကြာစိုက်ပျိုးထားမှုမှာ မိုးစပါးစိုက်ပျိုးအပြီး ဆောင်းသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းများနှင့်ရော၍ ပင်ကြားတန်းကြားစိုက်ပျိုးမှု ၇၇၁၃ ဧက၊သီးသန့်စိုက်ပျိုးမှု ၄၀၈ ဧက စိုက်ပျိုးထားပြီး ယခင် နှစ်များကထက် ပိုမိုစိုက်ပျိုးထားကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်း နေကြာစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးမှုထက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပင်ကြားတန်းကြား    ပိုမိုစိုက်ပျိုးကြကာ သီးသန့်စိုက်ပျိုးရာတွင် တစ်ဧက တင်း ၄၀ ခန့်ထွက်ရှိကြောင်း၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပင်ကြားတန်းကြား  စိုက်ပျိုးရာတွင် ပဲ၊ နေကြာ နှစ်မျိုးရခြင်းကြောင့်  ဝင်ငွေနှစ်မျိုးရရှိစေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဆောင်းနေကြာစိုက်ပျိုးရာတွင် ရာသီဥတုကြောင့် အပင်ကြီးထွားမှုနည်းခြင်း၊ အထွက်နှုန်းနည်းခြင်း တွေ့ကြုံခဲ့ရသော် လည်း ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်နိုင်ကြောင်း သိရသည်။        

နေမျိုးလွင်(ပြန်/ဆက်)