ကျောက်ကပ်အစားထိုးကုသခြင်း လုပ်ငန်းများနှင့် ကျောက်ကပ် သွေးသန့်စင်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကဆေးရုံများတွင် ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိ

ကျောက်ကပ်အစားထိုးကုသခြင်း လုပ်ငန်းများနှင့် ကျောက်ကပ် သွေးသန့်စင်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကဆေးရုံများတွင် ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ ၁၃

    ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ်-၁၉ Central Command Centre  ၌ကျင်းပရာ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊  ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက  ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ခေတ်နှင့်အညီ ဝန်ဆောင်မှုများ တိုးတက်ဖြစ်ထွန်းစေရန် ကျောက်ကပ်အစားထိုး ကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းလုပ်ငန်းများကို ပုဂ္ဂလိကဆေးရုံများတွင် ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီ တိုးတက်ဖွံ့ဖြိုးစေရန် အတွက် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များ အနေဖြင့်  ဝိုင်းဝန်းဆွေးနွေး ပေးကြရန်နှင့် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး ကောင်းမွန်သော အကြံပြုချက်များ ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ   တိုးတက်ဖြစ်ထွန်းမှု၊ အတည်ပြုမှတ်တမ်းတင် ဆောင်ရွက်ထားရှိမှုကို ဆွေးနွေး၍ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်က ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကိစ္စကို ဆွေးနွေးသည်။

ယင်းနောက် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ပုဂ္ဂလိက ကျန်းမာရေး)  ဒေါက်တာခင်ခင်ကြီးက ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ လိုင်စင်အသစ်၊ သက်တမ်းတိုး၊ နေရာပြောင်း ကိစ္စရပ်များကို ဆွေးနွေးပြီး တက်ရောက်လာသော ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြရာ  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း   သိရသည်။