နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ၊ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ  ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ၊ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ  ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး  H.E. Mr. Mongkol Visitstump ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင်  ကျန်းမာရေး ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  ကိုဗစ်-၁၉  ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍   နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်အောင်မြင်ခဲ့မှု၊   နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ၊ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ  ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စ၊ တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့တွင် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Thailand Interna-tional Cooperation Agency: TICA)၏ အထောက်အပံ့ဖြင့် အဆင့်မြင့်ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းကိစ္စ၊ ထိုင်းနိုင်ငံမှ ဆေးပညာရပ်ဆိုင်ရာ တက္ကသိုလ်များနှင့် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုး၍ ဆေးပညာသင်ကြားမှု တိုးမြှင့်ရေး ကိစ္စ၊ နှစ်နိုင်ငံကျန်းမာရေး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)၊ ညွှန်ကြား ရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။