တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၂၆

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဟုမ္မလင်းမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

   

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ခန်းမများသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နယ်မြေခံတပ်များအား ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံ တော်ကာကွယ်ရေး တာဝန်ဖြစ်ကြောင်း၊ ပြည်သူကအားကိုးရသော၊ နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်စေရေး တပ်တိုင်းသည် စစ်ရေးစွမ်းရည် ထက်မြက်နေရ မည်ဖြစ်ကြောင်း၊ ထိုသို့ စစ်ရေးစွမ်းရည် ထက်မြက်စေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရမည် ဖြစ်ကြောင်း၊ ဟုမ္မလင်း၊ လဟယ်နှင့်ခန္တီး ဒေသရှိတပ်များသည် တပ်တည်ခဲ့သည့် နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်သည့်အတွက် ဒေသခံတပ်များအဖြစ် ပီပြင်စွာ ပုံပေါ်နေရမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုနှင့် တစ်သားတည်း ဖြစ်နေရမည် ဖြစ်ကြောင်းနှင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် -

  

 "တစ်နေ့က ကာကွယ်ရေးနဲ့ပတ်သက်ပြီး ငါပြောခဲ့တာရှိတယ်။ ကာကွယ်ရေး ဆိုတာကတော့ စစ်တိုက်တာ တစ်ခုတည်း မဟုတ်ဘူး။ အများကြီး အကျုံးဝင်တယ်။ ဒီလိုပဲ လုံခြုံရေး ဆိုတာဟာလည်း သာမာန်သူခိုးရန်၊ ဓားပြရန် လုံခြုံရေးလုပ်တာတင် မဟုတ်ဘူး။ လုံခြုံရေးဆိုတာ အများကြီး ကျယ်ပြန့်တယ်။ လုံခြုံရေးဆိုတာ လူတွေက ထင်တာက ရဲတွေကနေပြီးတော့ သူခိုးဓားပြတွေ မရှိအောင် စောင့်ရှောက်ပေးတာတို့  ခိုးဆိုးနှိုက်တွေ မရှိအောင် ဆောင်ရွက်ပေးတာတို့။ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေတာတို့ ဒီလိုမျိုးမြင်ကြတယ်။ ဒါပေမယ့် လုံခြုံရေးမှာ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်တော့ဘူး။ Food Security ၊ Cyber Security ၊ Health Security စသည်ဖြင့် ပြောရရင်တော့ အစားအသောက်နဲ့ ပတ်သက်တာ၊ ဆိုက်ဘာ၊ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ လုံခြုံရေးတွေ၊ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ လုံခြုံရေးတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးတွေ စသည်ဖြင့် ဒီလိုကဏ္ဍတွေ ရှိတယ်။ ဒီလိုပဲ စောစောကပြောတဲ့ ကာကွယ်ရေးဆိုတဲ့အပိုင်းမှာလည်း စစ်တိုက်တာတင် မဟုတ်ပဲနဲ့ မျိုးချစ်စိတ်ဓါတ်တွေ မထိပါးအောင် ကာကွယ်တာ၊ ယဉ်ကျေးမှုကို မထိပါးအောင် ကာကွယ်တာတို့ ဒီလိုတွေလည်းရှိတယ်။"

   

ထို့နောက် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေး အခန်းကဏ္ဍသည် များစွာ အရေးပါသဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်း ဖြစ်နေရမည် ဖြစ်ကြောင်း၊ ပြည်သူနှင့် ကင်းကွာနေ၍မရဘဲ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် ပြည်သူနှင့် တစ်ဆက်တည်း၊ တစ်သားတည်းဖြစ်ရန် လိုအပ်သည့် အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက် ပြောကြားရာတွင်-

  

 "အားလုံးဟာ ပြည်သူကြားက ပေါက်ဖွားလာတာ။ သီးခြားလူတန်းစားတစ်ရပ် မဟုတ်ဘူး တပ်မတော်က။ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာတာ။ ဒီထဲ မှာ နယ်မြေခံတွေက၊ နယ်မြေခံတပ်တွေက ပေါက်ဖွားလာတဲ့ မိသားစုတွေ ရှိသလို။ အခြားနယ်မြေကနေလာတဲ့ မိသားစုတွေ ရှိကြတယ်။ တပ်ထဲကလူတွေတင် မကဘူး။ အရင် ဘုရင်ခေတ်ကတော့ မင်းညီမင်းသားတွေ၊ နန်းတွင်းမှာ ရောက်နေတဲ့ အဖွဲ့တွေ သူတို့က လူတန်းစားတစ်ရပ်ဖြစ်တယ်။ နန်းတွင်းလူတန်းစားတစ်ရပ် ဖြစ်တာပေါ့။ တို့က အဲ့ဒီလို မဟုတ်ဘူး။ တို့က ပြည်သူနဲ့ တစ်ဆက်တစ်စပ်တည်းနဲ့ ပြည်သူကြားက ပေါက်ဖွားလာသူတွေဖြစ်တယ်။ ပြည်သူနဲ့ကင်းကွာလို့ မရဘူး။"

   

ယင်းနောက် (COVID-19) ရောဂါဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ယနေ့နံနက်အထိ မိမိတို့နိုင်ငံတွင် ရောဂါပိုးဓာတ်ခွဲအတည်ပြု လူနာဦးရေ ၄ သောင်း ကျော်၊ သေဆုံးသူဦးရေ တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသူဦးရေ ၄၃ သန်းခန့်၊ သေဆုံးသူဦးရေ တစ်သန်းခန့် ရှိပြီဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေး နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ သွားလာနေထိုင်ကြရန် လိုကြောင်း၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်း တပ်မတော်သားများ အခမဲ့သုံးစွဲနိုင်ရေးနှင့် အခက်အခဲရှိသည့် ပြည်သူလူထုသို့ ဝေငှပေးနိုင်ရေးအတွက် တပ်မတော် စက်ရုံများမှ ထုတ်လုပ် ဖြန့်ဝေလျက်ရှိကြောင်း၊ တစ်ဦးချင်းနေထိုင်မှု စည်းကမ်းကောင်းပါက ရောဂါကူးစက်နိုင်ချေ နည်းပါးမည်ဖြစ်ပြီး မိမိပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

   

(COVID-19) ရောဂါသည် ရောဂါအခံရှိသူများတွင် ဝေဒနာပိုမိုဆိုးရွားနိုင်သဖြင့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ဆီးချို နှင့် အခြားရောဂါများ မဖြစ်ပွားစေရေး အသောက်အစားနှင့် အစားအသောက်ကို တစ်ဦးချင်း ကိုယ်စီအသိစိတ်ဖြင့် ဆင်ခြင်ကြရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အာဟာရပြည့်၀အောင်လည်း အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားသုံးရန်လိုကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ အရက်နှင့် ကွမ်းယာ သုံးစွဲခြင်းများကို ရှောင်ရှားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို လက်တွေ့ကျကျ တာဝန်ထမ်းဆောင်နေကြသူများဖြစ်သဖြင့် ကျန်းမာရေးနှင့် ပတ်သက်လာပါက ပိုမိုဂရုစိုက်ကြရန် လိုကြောင်း။

   

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်းသည် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် တိုင်းပြည်နှင့် ပြည်သူအပေါ် စိတ်ကောင်းစေတနာကောင်းထားနိုင်သူ၊ ဥပဒေအကြောင်းနားလည်သူ၊ ဒေသနှင့် နိုင်ငံ့ကောင်းရာ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည့်သူများကို ရွေးချယ်ကြရန်လိုကြောင်း၊ ဒီမိုကရေစီ အစိုးရ နှစ်ဆက်တွင် ကြုံတွေ့ခဲ့ရသည့် လုပ်ဆောင်ချက်များကို ချိန်ထိုးကာ  သေချာစဉ်းစားသုံးသပ်ပြီး ဆန္ဒမဲပေးကြ စေလိုကြောင်းဖြင့် ပြောကြားသည်။

 

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆက်လက်မှာကြားပြီး တပ်နယ်အသီးသီးရှိ အရာရှိစစ်သည် မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

  

 တွေ့ဆုံပွဲများ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။