ချောင်းဆိုးရောဂါအကြောင်း သိကောင်းစရာ

ချောင်းဆိုးရောဂါအကြောင်း သိကောင်းစရာ

ချောင်းဆိုးရောဂါသည် အပူအအေးကြောင့်ဖြစ်သော ချောင်းဆိုးရောဂါ (ဥတုကြောင့်ဖြစ်သော ချောင်းဆိုးရောဂါ)နှင့် အစား အသောက်၊ အနေအထိုင်မှား ယွင်းမှုကြောင့်ဖြစ်သော ချောင်းဆိုးရောဂါဟူ၍ နှစ်မျိုးရှိသည်။ ယင်းအပြင် ပိုးကြောင့်ဖြစ်သော ချောင်းဆိုး ရောဂါသည် ကူးစက်နိုင်သောရောဂါတစ်မျိုးဖြစ်သည်။

အာယုဗေဒကျမ်းများတွင် ကာလ၊ အတ္ထ၊ ကမ္မ (အနေအထိုင်၊ အစားအသောက်၊ အပြုအမူ) ဟူ၍ ဖော်ပြထားသော်လည်း တခြား ဆေးကျမ်းများတွင် ကိမိ (ပိုးကြောင့်ဖြစ်သော) ချောင်းဆိုးရောဂါကိုလည်း ဖော်ပြထားသည်။

ချောင်းဆိုးရောဂါအဖြစ် အများဆုံးအချိန်မှာ မိုးဦး ကျနှင့် ဆောင်းဦးအစရာသီတွင်ဖြစ်သည်။ ရာသီဥတု အပြောင်းအလဲကြောင့် ကလေးများနှင့် သက်ကြီးရွယ် အိုများတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အပူငုပ် ခြင်း၏ အခြေခံအကြောင်းကြောင့် ဖြစ်ရသောရောဂါ ဖြစ်သည်။ ခန္ဓာကိုယ်ဝသူများထက် ပိန်သောသူများက ချောင်းဆိုးရောဂါ ပို၍ဖြစ်ပွားလေ့ရှိသည်။ ပိန်သော သူများသည် အပူအားပို၍ကြီးခြင်းကြောင့် ဖြစ်သည်။

တစ်နေကုန်အလုပ်လုပ်ပြီး ညနေစောင်းမှရေချိုးရသူများလည်း ချောင်းဆိုးရောဂါဖြစ်လေ့ရှိသည်။ ကလေးများတွင် အချိုလွန်ကဲ သောမုန့်များ၊ ရေခဲစိမ်အချိုရည်ဘူးများ စားသောက်မှုကြောင့် ချောင်းအဆက်မပြတ်ဆိုးသော ရောဂါရတတ်သည်။ ရေခဲမုန့်၊ အုန်းသီးပါသောမုန့်များ၊ ဆီမသန့်သော အစားအသောက်များကြောင့် ချောင်းဆိုးတတ်သည်။ ပိုးကြောင့်ဖြစ်သော ချောင်းဆိုး ရောဂါမှာ  တစ်ဦးမှတစ်ဦးသို့ ကူးစက်သွားတတ်သည်။ ထို့ကြောင့် ချောင်းဆိုးသူများသည်   လက်ကိုင်ပဝါဖြင့်အုပ်၍  ချောင်းဆိုးလျှင်  ရောဂါကူးစက်မှုကို  ကာကွယ်ရာရောက်သည်။

ယခုခေတ်တွင် ဆီမသန့်၍ဖြစ်သော ချောင်းဆိုး ရောဂါတစ်မျိုးကို တွေ့ရများသည်။ အထူးသဖြင့် စားအုန်းဆီကြောင့်ဖြစ်သည်။ စားအုန်းဆီသည် အေးခဲ လွယ်သောဆီမျိုးဖြစ်သည်။   အကြော်များကြွပ်ရွစေ သဖြင့် အသုံးများကြခြင်းဖြစ်သည်။ ထိုဆီသည် လည် ချောင်းနှင့် အစာရေပြွန်နံရံတွင် ကပ်ကျန်ခဲ့သောအခါ လည်ချောင်းယားပြီး ချောင်းဆိုးရခြင်းဖြစ်သည်။ မသန့်သောဆီကြောင့်    လည်ချောင်းလေပြွန်ရောင် ရောဂါဖြစ်နိုင်သည်။ ကြွပ်ရွနေသောအကြော်ကို စားသုံးသူများသည် ရေနွေးကြမ်းပူပူ သောက်သင့်သည်။ အစာစားပြီး ရေခဲရေနှင့် အအေးသောက်လျှင် စားအုန်းဆီသည် ပို၍ခဲသွားပြီး ရက်ရှည်ချောင်းဆိုးရောဂါဖြစ်နိုင်သည်ကို သတိပြုစေ လိုသည်။

ရိုးရာဆေးပညာအမြင်

ချောင်းဆိုးခြင်းသည် ရိုးရာဆေးပညာအရ အပူ ငုပ်သောရောဂါဖြစ်သည်။ ခန္ဓာကိုယ်အတွင်းမှ အပြင် သို့ထွက်ရမည့်အပူ၊ အခိုး၊ အငွေ့များကို အအေးဓာတ်က ဖိနှိပ်ပိတ်ဆို့ထားသဖြင့်   အပြင်သို့မထွက်နိုင်။ မထွက်နိုင်၍ တွန်းကန်ရာမှ ချောင်းဆိုးရခြင်း ဖြစ်သည်။ အပူကြောင့်   ချောင်းဆိုးခြင်းနှင့်   အအေးကြောင့် ချောင်းဆိုးခြင်း  နှစ်မျိုးရှိသည်။   နံနက်ပိုင်းအေးသောအချိန်တွင် ချောင်းဆိုးသော သူများသည် အဆုတ်နှင့်  လေပြွန်၌   အပူငုပ်နေခြင်းကြောင့်ဖြစ်သည်။   အပူချောင်းဆိုးခြင်းဟု ဆိုနိုင်သည်။  နေပူထဲမှပြန်လာပြီး  ရေခဲရေသောက်လိုက်သောအခါ  ချောင်းဆိုးပြီး အသံပါငုပ်သွားတတ်သည်။ ထိုချောင်းဆိုးခြင်းသည်   အအေးချောင်းဆိုးဖြစ်သည်။   ရေနွေးပူပူ သောက်ပေးလျှင် ပြန်လည်သက်သာစေနိုင်သည်။ရေခဲသေတ္တာအတွင်းမှ   ရေအေးဘူးကို အမြဲသောက်လေ့ရှိသူများမှာ   အစာအိမ်မှ လေပူကို အအေးက ဖိနှိပ်သဖြင့် အပူငုပ်ပြီး ချောင်းဆိုးရောဂါဖြစ်တတ်သည်။

အပူငုပ်ခြင်း၏နောက်ဆက်တွဲ

အပူငုပ်ချောင်းဆိုးပြီးနောက် ဖြစ်တတ်သော နောက်ဆက်တွဲရောဂါများမှာ လည်ချောင်းနာခြင်း၊ နားအူခြင်း၊ နားလေထွက်ခြင်း၊ အစာမျိုလျှင် လည် ချောင်းနာခြင်း စသည်တို့ဖြစ်လေ့ရှိသည်။ ချောင်း အလွန်ဆိုးသောအခါ နှာရည်ပါထွက်ကျလာပြီး ထိုနှာရည်နှင့် နှပ်ကို ညှစ်ထုတ်ရာမှ နားအူသွားသောသူ များလည်းရှိသည်။ တစ်ခါတစ်ရံ နားအူပြီး လေပိတ်သလိုဖြစ်ကာ အသံမကြားရခြင်း မျိုးလည်းဖြစ်နိုင်သည်။ ချောင်းဆိုးကြာလျှင် နားလေးရောဂါ နောက်ဆက် တွဲဖြစ်တတ်သည်။

အပူငုပ်လွန်ကဲသူများသည် ချောင်းဆိုးရောဂါ သာမက အသားပပ်ရောဂါ၊ ချွေးခြောက်ရောဂါ၊ ခြေဖဝါးအက်ကွဲရောဂါ၊ မျက်စိမှ မျက်ရည်ခန်းခြောက်၍ မျက်သားရောင်သည့်ရောဂါ၊ ဦးခေါင်းတွင် အပူများပြီး  ဗောက်ရောဂါ၊  ဆံပင်ကျွတ်ရောဂါများ ပါဖြစ်လာ နိုင်သည်။

ချောင်းဆိုးရောဂါမှကာကွယ်နည်းများ

အပူငုပ်ချောင်းဆိုးခြင်းမှကာကွယ်ရန် ရောဂါဖြစ် လာမှ ချောင်းဆိုးပျောက်ဆေးများ သောက်သုံးခြင်း ထက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ် သည်။ ချောင်းဆိုးခြင်းသည် သာမန်ရောဂါဟုထင်ရသော်လည်း လူကြားသူကြားသွားလျှင် အလွန်ဣန္ဒြေ ပျက်စေသော ရောဂါမျိုးဖြစ်သည်။ စကားပြောဆိုရာ တွင်လည်း ချောင်းဆိုးခြင်းကြောင့် အနှောင့်အယှက် ဖြစ်ရသည်။ တချို့သူ များက မိမိတွင် ရောဂါတစ်ခုခု ရှိနေသည်ဟု ထင်မြင်ပြီး ရှောင်ရှားသွားခြင်းခံရသော ရောဂါမျိုးဖြစ်သည်။

ချောင်းဆိုးခြင်းမှ    ကြိုတင်ကာကွယ်နိုင်ရန် အောက်ပါအချက်များကို သတိပြုလိုက်နာစေလိုသည်။

- ရေအေး၊ ညသိပ်ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။

- အေးသောရာသီတွင် လူကြီးများ ရေနွေးစပ်ပြီးမှ ရေချိုးပါ။

- ရေမချိုးမီ ရေအေးတစ်ခွက်သောက်ပါ။

- ရှောက်သီး    သို့မဟုတ်   သံပရာသီးတစ်ခြမ်းကို ရေနွေးမတ်ခွက်တွင်စိမ်ပြီး   အငွေ့လုံအောင်အုပ်ထားပါ။ ရေချိုးပြီးသောအခါ သောက်ပေးခြင်းဖြင့် အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။

- နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းတစ်ဆယ့်တစ်ဟူသော စကားနှင့်အညီ ရေချိုးပါ။ (နွေရာသီတွင် နံနက် ၉ နာရီနောက်ပိုင်း၊ မိုးရာသီတွင် နံနက် ၁၀ နာရီနောက် ပိုင်း၊ ဆောင်းရာသီတွင် နံနက် ၁၁ နာရီနောက်ပိုင်း ရေချိုးခြင်းသည်   ဂိလာနများ၊   သက်ကြီးရွယ်အိုများအတွက် အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။

- ညနေစောင်းအချိန်နှင့် နေဝင်မိုးချုပ်အချိန် ရေချိုးလျှင်   အပူငုပ်ခြင်း၊   ချောင်းဆိုးခြင်းဖြစ်နိုင်သည်။ တတ်နိုင်သမျှရှောင်ကြဉ်ပါ။

- ညအိပ်ရာမဝင်မီ ရှောက် သို့မဟုတ် သံပရာရည်သုံးဇွန်းနှင့် ပျားရည်တစ်ဇွန်း ရောစပ်သောက်သုံးပေးလျှင် အပူငုပ်၍ ချောင်းဆိုးခြင်း၊ လေပူလှန် ချောင်းဆိုးခြင်းမှကာကွယ်နိုင်သည်။

ချောင်းဆိုးရောဂါပျောက်ကင်းစေနိုင်သောဆေးနည်းတိုများ

- ပြည်ပန်းညိုရွက်လက်တစ်ဆုပ်ကို ရေဖြင့်စင်အောင် ဆေး၊ အရည်ညှစ်ယူပြီး ဆားလှော်အနည်းငယ်နှင့် ရောစပ်တိုက်လျှင် ချောင်းဆိုးသက်သာစေနိုင်သည်။ ကွမ်းရွက်ကို ကတော့ကဲ့သို့ပြုလုပ်ပြီး ဆားထည့်ထုပ်ပါ။ သံပြားပေါ်တွင်တင်ပြီး မီးဖုတ်ပါ။   ထိုဆား မီးဖုတ်ပြာကို သံပရာရည်နှင့်ဖျော်ပြီး လျက်လျှင် ရက်ကြာချောင်းဆိုးရောဂါ၊ ချောင်းကြီးဆိုးရောဂါများ ပျောက်ကင်း စေနိုင်သည်။

- ရှောက်ရွက်ကို ကြက်သွန်ဖြူနှင့် ဆားအနည်းငယ် ခတ်၍ ဟင်းချိုလုပ်သောက်လျှင် ချောင်းဆိုးသက်သာ စေသည်။

- ဒန့်သလွန်ရွက်နှင့် ပြည်ပန်းညိုရွက်တို့ကို တွဲဖက်၍ ဟင်းချိုချက်သောက်လျှင် အပူငုပ်ချောင်းဆိုးခြင်းနှင့် အသံဝင်ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။

- ထန်းလျက်အမည်းနှင့် ရှောက်သီးတို့ကို သိန္ဓောဆားအနည်းငယ်ထည့်၍ ယိုထိုးစားလျှင် ချောင်းဆိုးရောဂါ ပျောက်ကင်း စေနိုင်သည်။

- ချင်းစိမ်း၊ ငရုတ်ကောင်း၊ လေးညှင်းတို့ကို ထန်းလျက် နှင့်ရောကျိုပြီး ပူပူနွေးနွေးသောက်ပေးလျှင် ရင်ကျပ်၊ချောင်းဆိုးရောဂါ သက်သာစေနိုင်သည်။

- ကညွတ်ဥ(ရှဉ့်မတက်ဥ)နှင့်    မုရားကြီးရွက်ကို သကြားခဲနှင့်ကျိုသောက်လျှင်    ချောင်းခြောက်ဆိုးရောဂါ ပျောက်ကင်းစေနိုင်သည်။

- ချောင်းဆိုးသွေးပါရောဂါဖြစ်လျှင် ဒန္တသုခပင်အရွက် လက်တစ်ဆုပ်ကို ရေ ၅၀ ကျပ်သား(ရေသန့်တစ်ဘူးစာ) ဖြင့် ပြုတ်၊ သကြားချိုရုံထည့်သောက်ပါ။ ဒိုဘာလာသကြားထည့်နိုင်လျှင် ပို၍ကောင်းသည်။

- ကလေးချောင်းဆိုးလျှင် သနပ်ခါးအမြစ်ကို ဆား အနည်းငယ်နှင့်ရောသွေး၍   ခွံ့ပေးလျှင်  သက်သာ စေနိုင်သည်။

- ကလေး၊ လူကြီးချောင်းဆိုးလွန်ကဲ၍ မျက်နှာရောင် အမ်းခြင်းဖြစ်ပါက ချိုးလိုက်လျှင် အစေးများထွက်သည့် မုရိုးပင်အရွက် ကိုထောင်း၍ အရည်ညှစ်ယူပြီး ဆားအနည်းငယ်ထည့်ကာ  ဟင်းစားဇွန်းဖြင့်   ကလေးတစ်ဇွန်း၊ လူကြီး သုံးဇွန်းတိုက်ကျွေးပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။

- ခွေးသေးပန်းရွက်ကို အရည်ညှစ်၍ ရလာသောသတ္တုရည်ကို ဆားမီးဖုတ်နှင့်ရောတိုက်လျှင် ကလေး၊ လူကြီး အဆက်မပြတ် ဆိုးသော ချောင်းဆိုးရောဂါကို သက်သာစေနိုင်သည်။

- နာတာရှည်ချောင်းဆိုးရောဂါ၊ လေပူချောင်းဆိုး ရောဂါဖြစ်လျှင် ကြက်သွန်ဖြူအဆီကို တိုက်ကျွေးပေးခြင်း၊ ကြက်သွန်ဖြူကို    နေ့စဉ် စားသုံးပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟု အာယုဗေဒကျမ်းများက ဆိုသည်။

- ရင်ကျပ်ရောဂါနှင့်တွဲ၍ဖြစ်သော ချောင်းဆိုးရောဂါ ပျောက်ကင်းစေရန် ဇော်ဂျီတောင်ဝှေးပင်၏ အရွက်ရော အရိုးပါ ဒိုဘာလာသကြား(ခေါ်) မှန်ရောင်သကြားခဲ အနည်းငယ်ထည့်၍ရောပြုတ်ပြီး တစ်ရက်လျှင် မတ်ခွက်တစ်လုံးစာသောက်ပါ။  ရေရှည်စွဲသောက် လျှင် နှစ်ကြာပန်းနာရောဂါကိုပါ ပျောက်ကင်းစေနိုင်သည်။

- ကလေးသူငယ်များ ရင်ကျပ်၊ ချောင်းဆိုးဖြစ်လျှင် ကွမ်းရွက်ကိုမီးကင်၍ ရင်ဘတ်နှင့်ကျောတွင် ကပ်ပေးပါ။ ကွမ်းရွက်ကို အရည်ညှစ်၍ ဆားမီးဖုတ်နှင့်ရောပြီး လျှာတွင်ပွတ်ပေးပါ။

- ချောင်းဆိုးရာမှ သွေးပါလာလျှင် စံပယ်ရွက်ကို သကြားအနည်းငယ်ထည့်ပြီး သုံးခွက်တစ်ခွက်တင် ကျို၍ တစ်နေ့သုံးကြိမ် ရေနွေးကြမ်း ပန်းကန်တစ်လုံး စာသောက်ပေးပါ။

- အဆုတ်ကြောင့် ချောင်းဆိုးပြီး သွေးအန်သွေးကျဖြစ်လျှင် ဆီးဖြူသီးခြောက်ကို ငါးပတ်နှင့်ရောချက်ပြီးစားလျှင် ချောင်းဆိုးသွေးပါ၊ သွေးအန်ရောဂါပျောက် ကင်းစေသည်။

- အအေးပတ်ချောင်းဆိုးလျှင်၊ ရေချိုးမှားချောင်းဆိုး လျှင် ချင်းပါးပါးခုနစ်လွှာလှီးပြီး ကွမ်းရွက်သုံးရွက်၊ ထန်းလျက်ငါးခဲတို့ကို ရေနွေးမတ်ခွက်တစ်လုံးစာနှင့် ရောကျို၊ ဆားလှော်အနည်းငယ်ထည့်ပြီး ပူပူနွေးနွေးမှုတ်သောက်ပေးပါ။ အအေးပတ်ချောင်းဆိုး ရောဂါ၊ တုပ်ကွေးရောဂါများမှ သက်သာစေနိုင်သည်။

- အဆုတ်ရောဂါနှင့်တွဲဖြစ်သော ညအိပ်မရသည့် ချောင်းဆိုးရောဂါဖြစ်လျှင် လောက်သေရွက်ကိုပြုတ်ပြီးဓာတ်ဘူးတွင်ထည့်၍ ရေနွေးကြမ်းသောက်သကဲ့သို့ တစ်နေကုန်သောက်ပေးပါ။ လောက်သေရွက်သည် အဆုတ်မှပိုးကို သေစေနိုင်သည်။ ပိုးကြောင့်ဖြစ် သော ချောင်းဆိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။

- သလိပ်ကပ်၊ သလိပ်မထွက်သော ချောင်းဆိုးရောဂါ ဖြစ်လျှင် ဖီးကြမ်းငှက်ပျောသီးကို မီးဖုတ်ပြီး တစ်ရက် လျှင် သုံးလုံးစားပေးပါက သလိပ်ပျော်ပြီး ထွက်လာ စေနိုင်သည်။

- ချောင်းဆိုးပြီး နားအူသောရောဂါဖြစ်ပါက မီးကွင်း ဂမုန်းရွက်ကိုအရည်ညှစ်ပြီး ရရှိသောသတ္တုရည်တွင် ဆားလှော် အနည်းငယ် ထည့်၍ သောက်ပေးပါက သက်သာစေနိုင်သည်။ ချောင်းဆိုး၊ နားအူ၊ နားလေး၊  နားလေပိတ်ရောဂါသက်သာစေရန် သင်္ဘောအဖိုပင် မှ အဖူးနှင့်အရွက်ကိုပြုတ်ပြီး အတို့အမြှုပ်လုပ်စားပေးပါက သက်သာစေနိုင်သည်။ အသံဝင်ချောင်းဆိုးရောဂါဖြစ်လျှင် ကြက်သွန်နီ ဥကြီးကို မီးအုံးပြီး ပူတုန်းစားပေးပါက သက်သာစေနိုင်ပါသည်။

ကြည်လွင်မြင့်(မုဒြာ)